>Moemaka Quotes for Septermber 2009

>

မိုးမခ၏ စက်တင်ဘာလ စာကိုး စကားကိုး
စက်တင်ဘာ ၁၃၊ ၂၀၀၉

“ဝန်ကြီးချုပ်နှင့်ပါ ကျွန်တော်တို့ သတင်းသမားများကို တွေ့ဆုံခွင့် ပြုသည့်အပြင် မေးလိုရာ မေးခွင့်ပြုသည်။ ဘယ်အကြောင်းအရာ၊ ဘယ်အရေးကိစ္စကိုဖြင့် မမေးပါနှင့်၊ စကားမစပါနှင့်ဟု ကန့်သတ် မထား။ ဤအချက်က သတင်းမီဒီယာများ၏ ရပ်တည်ချက်နှင့် သဘော သဘာဝကို အရည်အချင်း ရှိသော စင်ကာပူ အစိုးရအဖွဲ့က မည်မျှသဘောပေါက် နားလည်ထားသည်ကို ပြသည်”
ကျော်ဗဟိန်း၊ စာနယ်ဇင်းသမား
The Voice Weekly ဂျာနယ်၊ စက်တင်ဘာ ၁၄

“ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့မှုကြောင့်
မြန်မာနိုင်ငံဘက်မှ ၂၆ ဦး ကျဆုံး”

(သတင်းခေါင်းစဉ်တခု)
7 DAY NEWS ဂျာနယ်၊ စက်တင်ဘာ ၃

“ငယ်ငယ်က အိမ်မှာ တီဗွီမရှိတော့ သူများအိမ်မှာ ကုတ်ကပ်ပြီး သွားကြည့်ရကြောင်း၊ ဘေးအိမ်က တီဗွီကို ပြတင်းပေါက် ၂ ပေါက်ကျော်ပြီး ကြည့်ရကြောင်းတွေ နောက်ကြောင်းပြန်ကြတယ်။ ကံကောင်းချင်တော့ ရှက်တတ်တဲ့ အရွယ်မှာ အိမ်မှာ ၁၄လက်မ Toshiba တီဗွီလေး တစ်လုံး ၀ယ်နိုင်လာတဲ့ အကြောင်းတို့ တီဗွီဝယ်တဲ့ နေ့တို့ဟာ နှစ်ယောက်စလုံး အတွက် မှတ်မှတ်ရရ ဖြစ်နေတာ တိုက်ဆိုင်နေပါတယ်။ ဒီလို ငယ်ငယ်တုန်းက အဖြစ်အပျက်တွေ ပြန်ပြောင်းသတိရ တစ်ယောက်ကို တစ်ယောက် ပြောဖြစ်တာ ကြည်နူးစရာတော့ ကောင်းပါတယ်”

“နှစ်ယောက်စလုံးက ဘ၀တူတွေ ဆိုတော့ အထူးအဆန်း မဟုတ်တော့ပေမယ့် ကြားရတာ သိရတာ ငယ်ငယ်ဘ၀ကို ဆွတ်ပျံ့ဖွယ်ပဲ ကောင်းပါတယ်”

အန်ဒီမြင့်၊ သြစတေးလျားရောက် ဘလော်ဂါ
wesheme.blogspot.com/စက်တင်ဘာ ၁၀

“ချာတိတ်မ လေးက ရှမ်းခေါက်ဆွဲကို မြန်မာလိုမှာတယ်။ ပြီးတော့ မြန်မာလိုပြောလိုက် အင်္ဂလိပ်လို ပြောလိုက်လုပ်ကြတယ်။ ကိုယ် အသည်းယားတယ်”

“အဲဒါ ဘာဖြစ်လို့သူတို့ အင်္ဂလိပ်လို ပြောကြတာလဲ နားမလည်ဘူး။ မြန်မာလို မပြော တတ်လို့လား.။ အင်္ဂလိပ်လို ပြောရတာ ပိုအားရလို့လား။ အဲဒါဆိုလဲ မြန်မာလို မပြောကြပါနဲ့တော့လား။ ရှမ်းခေါက်ဆွဲလည်း လာ မစားနဲ့တော့လေ.။ ငပိလဲ မစားနဲ့တော့”

“ကိုယ့်သူငယ်ချင်း စလုံးများ ရှိပါတယ။် မလေးများ ရှိပါတယ် ။ ထမင်းစားချိန် အားလပ်ချိန် တွေမှာ အချင်းချင်း စုမိရင်သူတို့ ဘာသာ စကားနဲ့ဘဲ ပြောလေ့ရှိပါတယ။် စလုံးအုပ်စုနဲ့ ကိုယ်သွားမိတဲ့အခါ သူတို့ဘာသာ စကားနဲ့ ပြောကြလို့ကိုယ်က channel 5 (အင်္ဂလိပ် စကားပြော အစီအစဉ်) များ ပြောင်းပေးပါလို့ ပြောရင် သူတို့က ပြောင်းမပြောပေးနိုင်ဘူး။ ဒါ ထမင်းစားချိန် လို့ ကိုယ့်ကို ပြန်ပြောဘူးပါတယ။် အမျိုးမှူိုးပေါ့။ အားနာတဲ့အခါ ဆိုရင်တော့လဲ အင်္ဂလိပ်လို ညှပ်ပြောပေးတာပေါ့။ ဒါပေမဲ့လဲ ဒါက လူမျိုး mix ဖြစ်နေတဲ့အချိန်ပါ။ အခုလိုမျိုး မြန်မာ သုံးယောက်က အင်္ဂလိပ်လို နဲ့ မြန်မာလို ရောပြောတဲ့ အခါ အတော်လေးကို အသည်း ယားမိတယ်”

ခင်ဦးမေ၊ စင်္ကာပူရောက် ဘလော်ဂါ
khinoomay77.blogspot.com/ စက်တင်ဘာ ၇
(ဓာတ်ပုံ-littlegreenvilla.blogspot.com)

“မြန်မာ သူငယ်ချင်းတွေ ဆုံရင်လည်း အတတ်နိုင်ဆုံး အင်္ဂလိပ်လို ညှပ်ပြောတတ်ရင် ပိုကောင်းပါတယ်။ မြန်မာစကားက ကိုယ်မြန်မာပြည်ပြန်ရင် တစ်ဝကြီး ပြောလို့ရတယ်။ မိခင်စကား ဆိုတာ ကြာကြာ မသုံးပေမယ့် မေ့သွားတာ မရှိပါဘူး။ မိခင်စကားမဟုတ်မှသာ မေ့တတ်ကြတာပါ။ စကာင်္ပူမှာ အခု နောက်ပိုင်း ကျောင်းသားလေးတွေက အချင်းချင်း တွေ့ရင် အင်္ဂလိပ် ပြောကြတာတွေ့တော့ သဘောကျမိတယ်။ နိုင်ငံတကာ တိုးဖို့ ဆိုရင် သာမန် အင်္ဂလိပ်လို ပြောတတ်တာနဲ့ မလုံလောက်တော့ပါဘူး။ ကျွမ်းကျွမ်း ကျင်ကျင် ရှိဖို့လိုပါတယ်။ အဲဒီလို ကျွမ်းကျင်ဖို့ကလည်း အလေ့အကျင့် ရှိရပါတယ်။ ကျွန်တော် အကြံ ပေးချင်တာကတော့ ပထမအုပ်စုက အလုပ်လုပ်နေတဲ့ မြန်မာတွေ စကာင်္ပူမှာနေတဲ့အခိုက် အတတ်နိုင်ဆုံး အင်္ဂလိပ်လို များများ ပြောနိုင်ရင်တော့ တခြား နိုင်ငံသားတွေနဲ့ ယှဉ်ရင် မျက်နှာ မငယ်တော့ပါဘူး။ နောက်ပြီး အချင်းချင်း အင်္ဂလိပ်လို ပြောကြရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမနိုင်ရင် အကောင်းဆုံးပါပဲ။ အင်္ဂလိပ်လို အပြောများလို့ ကိုယ့်မြန်မာ စကား.. အိုးနင်း ခွက်နင်း ဖြစ်ရတယ်လို့ မကြားဖူးပါဘူး။ ဒါပေမယ့် မြန်မာလို အပြော များရင်တော့ E မကောင်းတော့တာ သေချာပါတယ်”

သက်ပိုင်သူ၊ စင်္ကာပူရောက် ဘလော်ဂါ
thetpaingthu.com/ စက်တင်ဘာ ၁၀

“ဘာသာပြန်ဝတ္ထုတွေ၊ ကိုယ် စိတ်သက်သာရာ ရမယ့် ၀တ္ထုတွေ၊ ကိုယ့်ကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမယ့် စာအုပ်မျိုး၊ ဟာသစာအုပ် ဆိုလည်း ကိုယ့်ကို စိတ်ပေါ့ပါးသွားစေမယ့် စာအုပ်မျိုးပဲ ဖတ်ဖြစ်ပါတယ်။ အချစ် ၀တ္ထုတွေတော့ တစ်ခါမှ မဖတ်ဘူး။ ၀ါသနာလည်း မပါဘူး။ ရေဗက္က စိတ်ညစ်နေတဲ့ အချိန်ဆိုရင်တော့ အိပ်တယ်၊ နောက် ကျမ်းစာ ဖတ်တယ်၊ ဆုတောင်းတယ်”

ရေဗက္က၀င်း၊ အဆိုတော်
ပေါ်ပြူလာဂျာနယ်၊ စက်တင်ဘာ ၁
(ဓာတ်ပုံ – rebeccawin.com)

“၉ လပိုင်း ၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့် ကျနော် ထောင်အပြင်ကို ရောက်တယ်။ ထောင် အနေထားတွေက အရင်ကထက်စာရင် အများကြီး သာလာပြီ။ ၉၈ တုန်းက ထမင်း မဝတာတွေ ရှိတယ်။ အခုနောက်ပိုင်း ထမင်းဝတယ်၊ ရေ ကောင်းကောင်း မွန်မွန် ချိုးရတယ်။ ထောင်ကျတာ ဒါပါနဲ့ဆို ၄ ခါရှိနေပြီ။ လုပ်ရင် ထောင်ကျမယ်ဆိုတာ သိပေမယ့် လုပ်တာပဲ”

ဦးအေးဝင်း၊ ပုသိမ်မြို့ NLD အဖွဲ့ဝင်
DVB အသံလွှင့်ဌာန၊ စက်တင်ဘာ ၇

“ပဒေသရာဇ်ခေတ် နန်းတက်ပွဲတွေဟာ အများအားဖြင့် သွေးချောင်းစီး အာဏာလုပွဲတွေရဲ့ရလဒ်၊ စစ်ရေးအနိုင်ကျင့်မှု၊ ကြီးနိုင်ငယ်ညှဉ်း လုပ်မှုတွေရဲ့ ရလဒ်များသာ ဖြစ်တယ်ဆိုတာကို မြန်မာ အမျိုးသားရေး ဝါဒီတွေရဲ့ သမိုင်းစာအုပ်တွေမှာ ဖော့ပြီးရေးထားတာကို တွေ့ရပါလိမ့်မယ်”

ဒေါက်တာ ဇာနည်၊ နိုင်ငံရေးသမား
ဧရာဝတီ၊ စက်တင်ဘာ ၅

“အတိုက်အခံလို့ သုံးနှုန်းတာနဲ့ ပက်သက်ပြီးလဲ ပြောတဲ့သူတွေ ပြောခဲ့ပြီးပြီ။ မရဘူး။ ဂရုမစိုက်ဘူး။ ငါတကော ကောနေတဲ့ သူတွေချည်းပဲ။ “ဘယ်ခွေးမှ လူမထင်ဘူးကွ” ဆိုတာလောက်တော့ ပျင်းသေးတယ်။ “ငါ့ကိုငါတောင် လူမထင်ဘူးကွ” ဆိုတဲ့သူတွေချည်းပဲ”

ကလူသစ်၊ စင်္ကာပူရောက် ဘလော်ဂါ
luthit.myanmarbloggers.org/ စက်တင်ဘာ ၎

“စနေ တနင်္ဂနွေဆို မြန်မာ သတင်းဌာနတွေမှာ သတင်း မတင်ကြတာ တွေ့တွေ့နေကြပါတယ်။ ရုံးပိတ်ပြီး နားကြတယ်လို့ ထင်ပါတယ်။ မနားရဘူး မဟုတ်ပါဘူး၊ ဌာနကို မပိတ်ပဲ ၀န်ထမ်းတွေက အလှည့်ကျ နားရင် ရတာပဲလို့ တွေးမိလို့ပါ။ ကျွန်တော့် ကိုယ်တွေ့အရ သတင်းထောက်တွေ က ဖုန်းနဲ့ပဲ သတင်းလိုက်ကြတာ များပါတယ်။ ကျွန်တော် နေတဲ့နေရာနဲ့ ဘန်ကောက်က ၃၅ ကီလိုမီတာပဲ ဝေးတာပါ။ မြန်မာအလုပ်သမားတွေလဲ ၂သိန်း နီးပါးလောက် ရှိပါတယ်။ သတင်းမှာ ကျွန်တော်တို့နေရာက အလုပ်သမား သတင်းတွေ ပါလာရင် အဖြစ်မှန်နဲ့ တော်တော်လေး လွဲနေတာ ခဏခဏ တွေ့ရပါတယ်။ မဖြစ်သင့်ဘူး လို့လည်း ထင်ပါတယ်။ ဒါကတော့ ကျွန်တာ် တစ်ဦးတည်းရဲ့ အမြင်ပါ။ သတင်းဌာနတွေ ဘက်က ဘယ်လို အခက်အခဲတွေ ရှိလဲ ဆိုတာတော့ မသိပါဘူး”

မောင်ကျည်ပွေ့၊ ထိုင်းရောက် ဘလော်ဂါ
luthit.myanmarbloggers.org/2009/09/blog-post.html (တွင် ရေးသည့် မှတ်ချက်) စက်တင်ဘာ ၎

“၀ိဥာဉ်နဲ့ အပြန်အလှန် စကားပြောတာမျိုး၊ ထိတွေ့ကိုင်တွယ်ပြတာမျိုးတွေ ရိုက်ကူးဖော်ပြတာ တွေ့ရတယ်။ တချို့ဇာတ်ကားမှာ မိန်းမဘ၀ကနေ ယောက်ျားဘ၀ကို နိုင်ငံခြား သွားပြောင်းတယ်။ ယောက်ျားဘ၀နဲ့ လ၀ကမှာ မှတ်ပုံတင်ပြောင်းတယ်။ နိုင်ငံခြား မသွားခင်က ရည်းစားနဲ့ ကိုယ်ဝန်ရှိခဲ့တယ်။ ယောက်ျားဘ၀မှာ ကိုယ်ဝန် ဆောင်တယ်။ ကိုယ်ဝန်မဆောင်ခင် မိန်းမ ထပ်ယူတယ်။ ယူတဲ့ မိန်းမနဲ့ ကိုယ်ဝန်ရှိတယ်”

“လူတစ်ယောက် အသတ်ခံရလို့ လဲသွားရင် ထပ်ပြီးဓားနဲ့ အကြိမ်ကြိမ် ထပ်ခုတ်တဲ့ အပြမျိုး၊ နားထဲကို ဆေးလိပ်မီးနဲ့ ထိုးတာလို ရက်စက်တဲ့ ပြကွက်တွေ ပြလာတယ်။ မလိုအပ်ဘဲ Love Scene တွေ ကြာတာ၊ သားနဲ့အမိ၊ မောင်နဲ့နှမ အတူကြည့်လို့ မသင့်တော်တဲ့ ပြကွက်မျိုးတွေ၊ ရာဂကို နှိုးဆွပေးတဲ့ ပြကွက်မျိုးတွေ ရိုက်ကူး ဖော်ပြလာတာ တွေ့ရပါတယ်”

“မဟော်သဓာခေတ်မှာ လက်သည်းအရှည်တွေကို အပွင့်ဖော် ဆေးဆိုးထားတယ်။ တောရွာကျေးလက်အခန်း ရိုက်ရင်လည်း ဆံပင်ရွှေရောင် ဆိုးထားတာမျိုးတွေ တွေ့နေရလို့ ပြင်ရိုက်ခိုင်းရတယ်”

ဦးရဲဝင်း၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ အတွင်းရေးမှူး နှင့် ညွှန်ကြားရေးမှူး (ပြသ)
The Modern Weekly ဂျာနယ် / planet.com.mm စက်တင်ဘာ ၁၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts