K ငြိမ်းချမ်း သတင်းပဒေသာ

မေ လေးပတ်မြောက် အနုပညာရပ်ဝန်းသတင်းများ

မေ လေးပတ်မြောက် အနုပညာရပ်ဝန်းသတင်းများ
K (မိုးမခ) မေ ၂၁၊ ၂၀၁၈

လူငယ်အမျိုးသမီး ဓာတ်ပုံဆရာ ၅ဦးရဲ့”Us & Beyond” အမည်ရတဲ့ ဓာတ်ပုံပြပွဲ ပြသနေ

ရန်ကုန်အခြေစိုက် အမျိုးသမီးဓာတ်ပုံဆရာအဖွဲ့ “သူမ” (Thuma Collective) က ကြီးမှူးပြသတဲ့”Us & Beyond” အမည် ရတဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ အမှတ် ၄၉ ၊ ၃ လွှာ၊ ၄၄ လမ်း (ကမ်းနားဘလောက်)ရှိ မြန်မာဒိဌပြခန်းမှာ မေလ ၁၉ ရက်၊ ၂၀၁၈ မှ ဇွန်လ ၂ ရက်ထိ ညနေ ၆ နာရီ မှ ၈ နာရီတိုင် ပြသနေတယ်လို့သိရပါတယ်။

အဆိုပါဓာတ်ပုံပြပွဲမှာ ရန်ကုန်အခြေစိုက် အမျိုးသမီးဓာတ်ပုံဆရာအဖွဲ့ “သူမ” (Thuma Collective) အဖွဲ့ဝင် ၅ ဦးဖြစ်တဲ့ ခင်ကြည်ထက်၊ ရီတာခင်၊ ရွှေဝတ်မှုံ၊ တင်ထက်ပိုင်၊ ယုယုမြင့်သန်းတို့၏ ဓာတ်ပုံလက်ရာများကို တင်ဆက်ပြသထားပြီး မတူညီသော အကြောင်းအရာအမျိုးမျိုးကို အခြေတည်ထားတဲ့ ဓာတ်ပုံဇာတ်လမ်းများလက်ရာများပါဝင်ပါတယ်။

“Us & Beyond” ဓာတ်ပုံပြပွဲသည် (Thuma Collective) သူမ၏ လက်ရှိအဖွဲ့ဝင် ၅ ဦးရဲ့လက်ရာများကို စုစည်းတင် ဆက်ထားတဲ့ အဖွဲ့လိုက် ပွဲဦးထွက်ဓာတ်ပုံပြပွဲတခု ဖြစ်တယ်လို့လည်း သိရပါတယ်။

(Thuma Collective) သူမ အဖွဲ့ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် မြန်မာအမျိုးသမီးဓာတ်ပုံဆရာ ၇ ဦးက စတင်ဖွဲ့ စည်းခဲ့ပါပြီးး ဓာတ်ပုံဇာတ်လမ်းများ ရိုက်ကူးသည့် အလေ့အကျင့်ကို မြှင့်တင်ပေးရန်၊ လူမှုဝန်းကျင်ရှိ အကြောင်းအရာ အမျိုးမျိုးတို့ကို အမျိုးသမီးများ၏ အမြင်ဖြင့် ရိုက်ကူးတင်ဆက်နိုင်ရန်နှင့် ဓာတ်ပုံပညာကို စိတ်ဝင်စားသော အမျိုးသမီးများ ဓာတ်ပုံကို ဘာသာစကားတခုအဖြစ် အသုံးပြုကာ သူတို့နှင့် လူမှုအသိုင်းအဝိုင်းအတွက် အရေးပါသော အကြောင်းအရာ များကို တင်ဆက်ရိုက်ကူးနိုင်စေရန် အားပေးလိုခြင်း စတဲ့ ရည်မှန်းချက်များနှင့် အမျိုးသမီးသီး သန့်ဓာတ်ပုံအဖွဲ့ (သူမ) ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မေ ၁၉က  ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ Graduated Rock Show ဖျော်ဖြေ


Graduated Rock Showအမည်ရတဲ့လူငယ် Rock band အဖွဲ့၅ဖွဲ့က ပူးပေါင်းဖျော်ဖြေပွဲကို မေလ ၁၉ ရက်နေ့၊ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ညနေ ၅ နာရီကနေ ည ၈ နာရီထိ FREE SHOW ပြုလုပ်သွားပါတယ်။

ပါဝင်ဖျော်ဖြေတဲ့ Band တွေကတော့ စိုင်းလေး(Cicada)၊ နောင်ရိုး (Auxiliaries)၊ စစ်နိုင် (Rock Of Ages)၊ ထုံကြီး (Alternative View)၊ အေသင်ဇော်ဇော် (Assignment) တို့ ဖြစ်ပါတယ်။

Graduated Rock Showပွဲနဲ့ပတ်သက်ပြီး စာသင်ကျောင်းတွေ ပိတ်ထားတယ် . . . တေးစီးရီးထွက်ရှိထားပြီး အဆိုပါ ဖျော်ဖြေပွဲမှာ သီဆိုမယ့်(Assignment)အဖွဲ့က ပင်တိုင်လူငယ်အဆိုတော် အေသင်ဇော်ဇော်က “Rock Show ဆိုပြီ Band ၅ Bandက ပေါင်းပြီး လုပ်တာပေါ့။ ဒီShowကို အဖွဲ့တွေ စုပေါင်းပြီးလုပ်ဖြစ်တာပါ။ Graduated Rock Showအမည်ကို တော့ နာမည်တွေအများကြီး ၀ိုင်းစဉ်းစားကြရင်း ဒီနာမည်လေးက ဆန်းတယ်ပေါ့။ Rock ဂီတဟာ ကျနော့်တို့နှလုံးသား ထဲမှ ကြီးမြတ်တယ်လို့ပြချင်လို့ ဒီနာမည်လေး ရွေးဖြစ်ခဲ့ကြတာပါ”လို့ ပြောပြပါတယ်။

 

မြန်မာနိုင်ငံအွန်လိုင်းစာအုပ်ဆိုင်က ဦးစီး၍ အနောက်တိုင်း ဂန္တ၀င်စာအုပ်ဖတ်ပွဲ ပြုလုပ်

မြန်မာနိုင်ငံအွန်လိုင်းစာအုပ်ဆိုင်က ဦးဆောင်ပြီး အနောက်တိုင်း ဂန္တ၀င်စာအုပ်များကို မူရင်းအတိုင်းနှင့် အင်္ဂလိပ်ဘာ သာဖြင့်ဖတ်ကြားမယ့် တနင်္ဂနွေစာအုပ်ဖတ်ပွဲတခုကို ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိအမှတ်(၂) တိုက်၁၁၊ ဖဆပလ အိမ်ရာရှိ မြန်မာနိုင်ငံအွန်လိုင်း စာအုပ်ဆိုင်မှာ တနင်္ဂနွေနေ့မေလ ၁၉ရက် နေ့နေ့လယ် ၃ နာရီမှာ ပြုလုပ် သွားတယ်။

စာအုပ်ဖတ်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအွန်လိုင်းစာအုပ်ဆိုင် အဖွဲ့ဝင်တဦးဖြစ်သူက “ဒီ တနင်္ဂနွေစာဖတ်ဝိုင်းက ပထမ ဆုံးစလုပ်တာဖြစ်ပါတယ်။ အဓိကကတော့ အနောက်တိုင်း ဂန္တ၀င်စာအုပ်ကြီးတွေကို ပလေတို, အရစ္စတိုတယ်, ရူးဆိုး အစရှိတဲ့တွေ ခေတ်တွေပိုင်းခြားပြီး အင်္ဂလိပ်လိုဖတ်ကြားသွားပြီး တက်ရောက်လာသူများနဲ့ အပြန်အလှန် ဆွေးနွေး သွားမယ့် အစီအစဉ်လေးတွေလုပ်ထားပါတယ်။ ဂရိစာပေဆိုရင်လည်း မူရင်း ဂရိလိုဖတ်ဖို့ထိ ရည်ရွယ်ပါတယ်။ သမ္မာ ကျမ်းစာလည်းဖတ်ကြားမှာဖြစ်ပါတယ်။ ဒီတပတ်အစမှာတော့ Great Bookတွေကို စတင်ဖတ်ကြားဖို့ စီစဉ်ထားပါတယ်၊ ရည်ရွယ်ချက်ကတော့ အနောက်တိုင်း ဂန္တ၀င်စာပေများနဲ့ ရင်းနှီးထဲထဲဝင်ဝင်ရှိစေချင်လို့ပါလို့” ရှင်းပြပါတယ်။

မြန်မာနိုင်ငံအွန်လိုင်းစာအုပ်ဆိုင်ကိုလည်း မစုမြတ်အောင်က ၂၀၁၆ခုနှစ်ကျော်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်များ အနေနဲ့ထောင်ဂဏန်းကျော်လြာ့ပီဖြစ်ကြောင်းလည်း သိရပါတယ်။

စာရေးဆရာ စိုးအောင် (မန္တလေး)ကွယ်လွန်ခြင်း ၆နှစ်ပြည့် ကျန်ရစ်သူမိသားစု ဆွမ်းကပ်

ဘူတာဝတ္ထုတိုများနဲ့နာမည်ရခဲ့တဲ့ စာရေးဆရာ စိုးအောင်(မန္တလေး)ကွယ်လွန်ခြင်း ၆နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျန် ရစ်သူမိသားစုမှ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်စစ်ကိုင်းလမ်း တောင်ဆင်တဲတိုက်၊ ရွှေယင်းမာပင်ဆေးကျောင်းမှာ ယနေ့ မေလ၁၉ရက် မနက်၈နာရီမှ ၁၁နာရီထိ ၆ ကြိမ်မြောက်အဖြစ် သံဃာတော်များအား ဆွမ်း၊ သင်္ဃန်းများ ကပ်လှူ ကြောင်း သိရပါတယ်။

စာရေးဆရာ စိုးအောင်(မန္တလေး)ဟာ သုံးယောက်မန္တလေး(နေမျိုး။ မေမောင်တို့နှင့်) အစိမ်းရောင်ကြေကွဲစများ၊ အစိမ်းရောင်ဘူတာ စတဲ့ဝတ္ထုတိုလုံးချင်းစာအုပ်များရေးသားခဲ့ပါတယ်။

စာရေးဆရာ စိုးအောင်(မန္တလေး)နဲ့ပတ်သက်ပြီး “ကျနော်တို့ တက္ကသိုလ်လာတက်တော့ ညောင်ကန်ဘုန်းကြီးကျောင်းမှာ ညီအကိုနှစ်ယောက်လာနေရတယ်။ အဲမှာ (ဦး)စိုးအောင်နဲ့စတွေ့တာပဲ။ သူက ရှမ်းစုဘူတာမှာလေ။ ညကျရင် ဘူတာ ဘေးကလက်ဖက်ရည်ဆိုင်လေးမှာထိုင်ကြတယ်။ ကျနော်ကဗျာတောင် မပါသေးဘူး။ ဦးစိုးအောင်က လုံးချင်း တအုပ် ရေးပြီး နေပြီ။ ကလျာတို့ ချယ်ရီတို့ မဟေသီတို့မှာ သူ့ဝတ္ထုတွေ လစဉ်နီးပါးဖတ်နေရချိန်။ သူက လူငယ်တွေကိုလည်း လေးစားတတ်တယ်။ စာဖတ်ရင်ပေါ့။ သူက အမေအရမ်းချစ်တယ်။ ညနက်လာရင် အမေမျှော်နေမယ် ငါပြန်မယ်ကွ လို့ြေုပာတတ်တယ်။ ဘာစာအုပ်တွေ ထပ်ဖတ်ဖို့လည်း မကြာခဏ ညွှန်းတတ်တယ်။ ကျနော့်ကို ကဗျာအကြောင်း ပြောပါများတော့ မင်း နေမျိုးဆီသွားရမယ် ငါစာရေးပေးလိုက်မယ်ဆိုပြီး စာတိုလေးနဲ့လွှတ်ဖူးတယ်။ သူဟာ နှလုံးသား နူးညံ့သူစိတ်ကောင်းရှိသူ အနုပညာသမားတဦးပါလို့” ရန်ကုန်ရောက်နေတဲ့ ကဗျာဆရာတင်လတ်ကိုက ပြောပါတယ်။

စာရေးဆရာ စိုးအောင်(မန္တလေး)ဟာ မဂ္ဂဇင်း၊ ဂျာနယ်များမှာ ၀တ္ထုတိုများရေးသားရင်း ၂၀၁၂ မေလ ၁၉ရက်နေ့မှာ သွေးတိုးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts