>SUU 66, Ni July

>

မေတ္တာခြုံ … လုံပါစေ
နီဇူလိုင်
ဇွန် ၈၊ ၂၀၁၁


စစ်လက်ကျန် ဘတ်စ်ကားအိုကြီးဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ တအိ အိပြေးလျက်။ ခြံအမှတ် (၅၄) ရှေ့  အရောက်မှာ ကားပေါ်ကလူတွေရဲ့အာရုံက ဒေါ်စု ခြံရှေ့ရှိ လူပရိသတ်ဆီ စုပြုံရောက်သွားကြတယ်။

”လူတွေတောင် တော်တော်များနေဘီ”
”ဒေါ်စုတော့ စကားမပြောသေးဘူး”

တယောက်တပေါက် ပြောသံတွေ ကားပေါ်မှာ ထွက်လာတယ်။ လူ တော်တော်များများက ရှေ့ မှာရပ်မယ့် ကုက္ကိုင်းလမ်းဆုံမှတ်တိုင်မှာဆင်းဖို့ တသိုက်သိုက်နဲ့ ပြင်နေကြပြီ ။

”တိုးမဆင်းကြပါနဲ့ခင်ဗျာ…. အေးဆေးဆင်းကြပါ”
”တကားလုံးဆင်းမှာပါ ..ခင်ဗျား”
”တကားလုံးဆင်းမှာပါ …”

ကားစပယ်ယာကလေးရဲ့ ခပ်သွက်သွက် အပြောလေးကြောင့် တကားလုံးပြုံး ကြတယ်။ စပယ်ယာကလေး မျက်နှာ ကလဲ ရှစ်ခေါက်ချိုးမဟုတ်။ ပြုံးလို့။ ဟုတ်ပါရဲ့။ ဒေါ်စုခြံအလွန် ကုက္ကိုင်းလမ်းဆုံ မှတ်တိုင်မရောက်ခင် ကားက ရပ်ပေးလိုက်တော့ … တကားလုံး သွန်ချလိုက်သလို။ ကားပေါ်မှာ ဒရိုင်ဘာနဲ့ စပယ်ယာဘဲ ကျန်တယ်။ ကား ပေါ်က လူတွေဟာ နောက်မှာကျန်ခဲ့တဲ့ ဒေါ်စုခြံဘက်ဆီ ခပ်သွက်သွက် လှမ်းလို့။ စနေ၊ တနင်္ဂနွေတိုင်း ပြုလုပ်နေကြ ဒေါ်စုခြံရှေ့ စကားဝိုင်းလေးဆီသို့။ အားလုံးရဲ့မျက်နှာတွေပေါ်မှာ ဒေါ်စုကို ချစ်ခင်လေးစားစိတ်တွေ အပြည့်။ မေတ္တာဓာတ်တွေ အပြည့်။ မျှော်လင့်ချက်တွေ အပြည့်။

ခြံရှေ့သံတံခါးကြီးကတော့ ပိတ်ထားတုန်း။ ကားပေါ်က ဆင်းလာသူတွေကလဲ ခြံရှေ့ က လူအုပ်ထဲ စီးဝင်ရောယှက်။ အချင်းချင်းလဲ သိသိ မသိသိ နှုတ်ဆက်ကြ ပြောကြ ဆိုကြ ရီမော ဖလှယ်ကြ။

ဟော …. ဟိုမှာ ဒေါ်စုရဲ့သားငယ်လေးပါလား။
ကရင်ပုဆိုးအနီကလေးနဲ့ ဘေးမှာ သူ့သူငယ်ချင်း ထင်တယ်။ သူနဲ့ရွယ်တူ နိုင်ငံခြားသားရုပ် လူငယ်ကလေး တယောက်နဲ့ အတူတူ။ လူအုပ်နဲ့ မလှမ်းမကမ်းက သစ်ပင်ရိပ်အောက်မှာ ထိုင်ရင်း … သူ့အမေရဲ့ လူထုစကားဝိုင်း မြင်ကွင်းကို ကြည့်နေ တယ်။ ငယ်ငယ်က အိပ်ယာဝင် ပုံပြင်တွေ ပြောခဲ့တဲ့ သူ့ မေမေဟာ … ခုတော့ သူမ ရဲ့ လူထုကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအကြောင်း ပြောရင်း သူမ ချစ်တဲ့ တိုင်းပြည် ကို အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်ဖို့ မမောနိုင် မပမ်းနိုင် ကြိုးပမ်း နေရတဲ့အခြေအနေကို (၁၄) နှစ်အရွယ် သားငယ်လေး၊ ဘယ်လို နားလည်လက်ခံ ထားရရှာပါလိမ့်။

သိပ်မကြာခင်မှာ … ခြံဝင်းသံတခါးကြီးအပေါ်မှာ … ဒေါ်စု၊ ဦးကြည်မောင်၊ ဦးတင်ဦးတို့ (၃) ယောက် ပေါ်လာတယ်။ သူမရဲ့ လူထုပရိသတ်ကြီးဟာ လက်ခုပ်သံ တဖြောင်းဖြောင်းတီးရင်း … သူမတို့အဖွဲ့ကို ကြိုဆိုကြတယ်။ တဦးနဲ့တဦး အပြန်အလှန် မေတ္တာ တုံ့ပြန်နေကြလို့၊ စင်ပေါ်ကလူတွေကော၊ စင်အောက်က လူထုပရိသတ် ပါ ပြုံးရွှင်တဲ့ မျက်နှာ ကိုယ်စီနဲ့ ပါ။


လူထုက သိချင်လို့မေးတဲ့ မေးခွန်းတွေကို ဒေါ်စုတို့အဖွဲ့က ဖြေလို့။ လူထုက လဲ အပြန်အလှန် မေးကြ ဖြေကြ။ တိုင်းပြည်ကို စနစ်ဆိုးအောက်က ရုန်းထွက်နိုင်ဖို့ ၀ိုင်းဝန်း စဉ်းစား အဖြေရှာကြလို့။ ကြည်နူးစရာ မြင်ကွင်းတွေပါ။

အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းက ခြံဝင်းသံတိုင်တွေ နောက်ကနေ … သံတိုင် တွေကိုကိုင်ရင်း ခြံပြင်ကလူထုကို ပြုံးပြုံးကြီး ကြည့်နေသူက မိုက်ကယ်အဲရစ်။ ဆရာကြီးမင်းသုဝဏ် အခေါ် … မိခိလ။

သူ့ချစ်ဇနီးနဲ့ သူမရဲ့လူထု တသားတည်းဖြစ်နေတာကို … ကြည်ကြည်နူးနူး ငေးမောလို့။ သူ့အတွေးတွေထဲမှာ …. ”သူချစ်တဲ့ … စုကို သူ မပိုင်တော့ပါလား” လို့ များ တွေးနေလေမလား။

ခဏနေတော့ ရှေ့ဆုံး လူအုပ်ထဲမှာ လှုပ်လှုပ်ရှားရှား။ ဘာတွေ ဖြစ်ပါလိမ့်။ ဒေါ်စုကလဲ စကားပြောရင်း ခဏငုံ့ကြည့်တယ်။ ဦးကြည်မောင်၊ ဦးတင်ဦးတို့ကလဲ … ပြုံးပြီး ငုံ့ကြည့်လို့။ စိတ်ပူစရာတော့ …. မဟုတ်လောက်။

နောက်တော့မှ ဒေါ်စု ခြံစည်းရိုး သံတိုင်တွေမှာရှိတဲ့ သံတိုင်ကောက်ကောက်ကြီးတွေ ကြားထဲမှာ … သံဆူးချွန် အဖြောင့် တိုတိုကလေးတခုစီ ရှိတယ်။ ဒေါ်စုက စကားပြောရင်း သံတိုင်ကောက်ကောက်ကြီးတွေပေါ်ကို လက်တင်ပြီး ပြောတာကိုး။


အဲဒီမှာ တယောက်က … ဒေါ်စုလက်ကို သံဆူးချွန် အတိုလေးတွေနဲ့စူးမှာ စိုးရိမ်သွားသကိုး။ သူ့မှာပါလာတဲ့ … ရေးနိုး ဘောပင်အဖုံးကလေးကို ချွတ်ပြီး သံဆူး ငုတ်တိုလေးပေါ်ကို သွားစွပ်လိုက်ပါတယ်။ အဲဒီမှာဘဲ တယောက်ပြီး တယောက်၊ ကိုယ့်မှာရှိတဲ့ ဘောပင် အဖုံးကလေးတွေ ချွတ်ချွတ်ပြီး သံဆူး ငုတ်တိုကလေးတွေမှာ သွား .. သွား စွပ်လိုက်ကြတာ… ခြံစည်းရိုးက သံဆူးငုတ်တိုလေးတွေ အကုန် ဘော ပင်အဖုံး ရောင်စုံလေးတွေနဲ့ ဖြစ်ကုန်ပါရောလား …။

မေတ္တာဆိုတာ … ရောင်ပြန်ဟပ်တဲ့ သဘောပေါ့နော်။ ပြည်သူတွေက … သူ တို့ ချစ်တဲ့ ဒေါ်စုကို သံဆူးငုတ်တိုကလေးတွေနဲ့တောင် ဆူးမိခြစ်မိမှာ မလိုလားကြ ပါ။

+++

လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က မြင်ကွင်းကလေးကို ဒီနေ့အထိ မေ့မရ။ ပြည် သူ့မေတ္တာ လွှမ်းခြုံခံထားရတဲ့ … ဒေါ်စု … ဘေးအန္တရာယ် အသွယ်သွယ်က အမြဲ လွတ်မြောက်ပါစေ …. ။ ။

ပန်းချီ – နီဇူလိုင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts