>Maung Kaung – Give & Take

>

အလျော်အစား

မောင်ကောင်း
သြဂုတ် ၂၈၊ ၂၀၀၉

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုတဲ့
ဟောဒီ ဘ၀ကြီးထဲ
လေဖမ်း လေလျော်
ဘ၀တွေက
ခြေကုန် လက်ပန်းကျ။

ရွှေတနေ့ ငွေတနေ့
ဘ၀များစွာထဲမှာမှ
သူတောင်းစား ဖြစ်တဲ့နေ့…
ပိုများနေတဲ့ ဘ၀တွေပါ။

ခေတ်က မကောင်းတာလား ဘ၀က မလှတာလား
သူခိုးကို ဓါးရိုး မကမ်းပေမဲ့
ကိုယ်ကတော့ …
ဓါးရိုးမက လှံပါ အကမ်းခံရတဲ့ ဘ၀။

လူလို့ ဟစ်ကြတဲ့ သူတွေ
ဘာပဲ ဖြစ်ဖြစ်
ကောင်းရာက ဆိုး ဒီဘ၀ကို ရောက်
လူကောင်းက လူဆိုးဖြစ်ရတဲ့ ဘ၀။

ဘယ်သူ့ ဘယ်သူမှ မကယ်တင်နိုင်တဲ့ ဘ၀တွေထဲ
ကယ်တင်ရှင် … ကယ်တင်ရှင် ဆိုတာ
ကိုယ့်ဓါး ကိုယ်သွေး
ကိုယ့်လမ်း ကိုယ်ဖေါက်
ဘယ်တော့မှ မရိုးနိုင်တဲ့ ကယ်တင်ရှင်ဟာ
ကိုယ်ကိုယ်တိုင် ပါဘဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts