>journal against media

>

မီဒီယာကို တန်ပြန်တိုက်ခိုက်မည့် နွယ်သာကီ ဂျာနယ် စတင် ထုတ်ဝေ
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၂၈၊ ၂၀၀၉ဂျာနယ် အမှတ် ၂ မျက်နှာဖုံး


နအဖ အစိုးရ၏ တန်ပြန်ဝါဒဖြန့် ဘလော့ဂ်အဖြစ် လူသိများသည့် သာကီနွယ် ၀က်ဆိုက်နှင့် ဆက်စပ်မှုရှိသည် ဟု ယုံကြည်ရသည့် နွယ်သာကီ အပတ်စဉ်သတင်း ဂျာနယ် အမှတ် (၁) ကိုယခုလ ၂၂ရက်နေ့နေ့စွဲဖြင့် ထွက်ရှိလာသည်။

ထုတ်ဝေသည့် တိုက်လိပ်စာကို ဖေါ်ပြထားခြင်းမရှိပဲ ဖြန့်ချိရေး တိုက်အဖြင့် ကြံ့ဖွံ့ အဖွဲ့၏ ထုတ်ဝေရေး တိုက်ဟု သိရှိထားကြသည့် ရွှေပြည်စိုးစာပေမှ ဖြန့်ချိသည်ကိုတွေ့ရသည်။

ဦးကျော်သူရ ဆိုသည့် ထုတ်ဝေသူ အမည်ဖြင့်ထွက်ရှိလာပြီး အယ်ဒီတာ မြဲခိုင်၊ နာယကများ အဖြင့် ဦးခင်မောင်စိုး၊ ဦးကိုကိုလှိုင်၊ ဦးတင်မောင်စိုး၊ ဦးဘုန်းမြင့်၊ ဦးမျိုးမြင့်နှင့် မြင်းမူမောင်နိုင်မိုး တို့ကိုဖေါ်ပြထားသည်။

နွယ်သာကီ သတင်း ဂျာနယ အမှတ် ၁်တွင် နိုင်ငံရေး သတင်းများကို အသားပေး ဖေါ်ပြထားပြီး အစိုးရသတင်းစာတွင် ပါသော ပေါ်လစီဆောင်းပါး ဆန်သောအရေးအသားများ၊ သခင်တင်မြနှင့် အင်တာဗျူး၊ လျှပ်တပြက် သတင်းဂျာနယ် အယ်ဒီတာချုပ် မြတ်ခိုင်နှင့် အင်တာဗျူးများကို ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

ဂျာနယ် နောက်ကျောဖုံးတွင် အင်းစိန်ထောင်ဗူးဝရှေ့နား အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများ အမှု စစ်ဆေးသည့် ရက်က လာရောက်စုရုံးရောက်ရှိ နေသည်ကို မျက်နှာချင်းဆိုင် အင်းစိန်ဈေးပေါ်မှ ရိုက်ကူးထားသည့် ဓာတ်ပုံကို ဖေါ်ပြထားသည်ကိုတွေ့ရသည်။

ရန်ကုန်မြို့ လမ်းဘေးနှင့် လက်ပွေ့ ဂျာနယ် ရောင်းသူများ အကြား နွယ်သာကီဂျာနယ်ကို မတွေ့ရသလောက် ရှိပြီး နယ်မြို့ ဂျာနယ်အရောင်း ကိုယ်စားလှယ်များထံ ဖြန့်ချိလျက် ရှိသည် ဟုလည်း သိရှိရသည်။

သာကီနွယ် ဘလော့ သည် မီဒီယာကို မီဒီယာနှင့် တိုက်ဆိုသည့် နအဖ အစိုးရ၏ ဆောင်ပုဒ်အရ ပြည်ပ မြန်မာ ၀က်ဆိုက်များ အသံလွှင့်ဌာနများမှ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများကို တန်ပြန် ၀ါဒဖြန့်ရန် ရည်ရွယ်ပြီး မကြာမီနှစ်များ အတွင်းက သတင်းများ လွှင့်တင် လုပ်ဆောင်နေခဲ့သည်။ ပြီးခဲ့သည့် မေလ ဆန်းတွင် အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရေကူးသည့် ကိစ္စ သတင်း ထွက်ပေါ်လာသည့် နောက် ယက်တောနှင့် ပတ်သက်သည့် ဓာတ်ပုံများကို သာကီနွယ် ဘလော့ဆိုက်က ပထမဆုံး ဖေါ်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံများမှာ ဂျွန်ယက်တောကို ဖမ်းဆီးစဉ် သိမ်းဆည်းထားသည့် ကင်မရာထဲမှ ပုံများဖြစ်ပြီး အာဏာပိုင်များက စစ်အစိုးရ၏ တန်ပြန် ၀ါဒဖြန့်ချိရေး ၀က်ဆိုက်တွင် အသုံးပြုခြင်း ဖြစ်သည်ဟု အများက ယူဆခဲ့သည်။

အပတ်စဉ်ထုတ် ပုဂ္ဂလိကပိုင် သတင်းဂျာနယ်များ အကြားတွင် ရွှေနိုင်ငံ၊ အတွေးသစ် စသည့် နအဖ အစိုးရ၏ တန်ပြန် ၀ါဒ ဖြန့်ချိရေး ဂျာနယ်များ ထုတ်ဝေနေပြီး ယခုတဖန် နွယ်သာကီ ဂျာနယ် ထပ်မံ ထွက်ရှိလာခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts