>My Academy Sein – Korea TV series & Burmese Tragedy

>

အသဲစွဲမိလို့ အသဲခွဲသွားဦးမှာလား ကြီးမြတ်သူ၏နှလုံးသား …

မိုင်အကယ်ဒမီစိန်

သြဂုတ် ၂၆၊ ၂၀၀၉

မြ၀တီက ကိုရီးယားဇာတ်ကား ကြီးမြတ်သူတို့နှလုံးသား ရာဇ၀င်ကားက မြန်မာပရိသတ် အသဲစွဲဖြစ်သည်။ ဇာတ်လမ်း တွဲပေါင်း ရာကျော်ရှိကာ လပေါင်းများစွာ ပြနေဆဲ၊ ဇာတ်လမ်းကလည်း ဆွဲဆောင်ဆဲ ဖြစ်ပါသည်။ မနေနိုင်သူတို့က မြ၀တီဇာတ်လမ်းအဆုံးကိုပင် မစောင့်နိုင်ကြဘဲ အပြင်ကနေ ၀ယ်ကြည့်ကုန်ကြပါပြီ။ အဲသည်ထဲ မိုင်အကယ်ဒမီစိန်လည်း ပါသည်။ တပတ်ကို ၂ ကြိမ် ထုတ်လွှင့်ကာ တခါပြ တစ်နာရီမှာ ကြော်ငြာက ၂ ခါ ၀င်သည်မို့ ကြည့်ရသည့် အချိန်တိုကလေး ကို စိတ်မရှည်ကြတော့သည်ကို နားလည်နိုင်ပါလိမ့်မည်။ မီးပျက်မှာလည်း မပူရတော့၊ အခွေဝယ်ကြည့်လိုက်ရတာ တန်တော့ တန် ပါသည်။ ယခုတော့ မြ၀တီမှာ ဇာတ်လမ်းက စတုတ္ထပိုင်းဆီသို့ ရောက်ခါနီးပြီဖြစ်လို့ ဒီကားအကြောင်း ရေးလိုက်ရပါသည်။

အစပိုင်းများ

မင်းသားလေး ငယ်စဉ်ကလေးဘ၀၊ အကျဉ်းကျခံထားရသော ဖခင်နှင့် အဘိုးဖြစ်သူ ဘုရင်ကြီးတို့၏ ဆက်ဆံရေးအခြေအနေ၊ မင်းသားလေး၏ဖခင် (ဘုရင်ကြီး၏သားတော်)ကို ဘေးက အမတ်များကအထင်လွဲအောင် ပြုလုပ်ကာ နှိပ်စက်ပြပုံများ၊ ဘုရင်ကြီးသည် သားတော်အရင်းဖြစ်သော်လည်း အမတ်မင်းစကားများ ကိုသာယုံကြည်ပုံ၊ သားတော်ကို ထောင်သွင်းအကျဉ်းချ၊ မြင်မကောင်းအောင် နှိပ်စက်နိုင်ပုံများ၊ မြေးတော်လေးသည် သူ့ဖခင် သူ့ရှေ့မှာ အဘိုးဖြစ်သူ၏ နှိပ်စက်မူဖြင့် ကွယ်လွန်ခဲ့ရပုံကို တွေ့ခဲ့ရပုံများ ပါဝင်ပါသည်။

ဘုရင်ကြီးအား သူ၏သားတော်ကိုပင် အထင်လွဲမှားအောင် နဘေးက ကျွမ်းထိုး မှောက်ခုံဖြစ်အောင် လုပ်နိုင်ကြသော အမတ်ကြီးများ၊ ၎င်း၏အကြံအစည်များ အောင်မြင်ကာ သားတော်ကိုပင် အသေသတ်ပစ်နိုင်ပုံတွေ၊ နောက်ဆုံး မြေးတော်မင်းသားလေးကို သတ်ဖြတ်ဖို့အထိ အစီအစဉ် အကျအန ဆွဲကာ ဘုရင်ကြီးထံမှ အာဏာသိမ်းဖို့အထိ အဆင့်အဆင့် စီမံကွပ်ကဲနိုင်ကြသော စစ်တပ်အကြီးအကဲများ၏ အကွက်ကျကျ ဖန်တီးမူများ၊ ဘုရင်ကြီးကို မြေးတော်မင်းသားလေး ဘုရင်မဖြစ်ရလေအောင် အမျိုးမျိုးသော မူယာမာယာများဖြင့် နဘေးက အမတ်မင်းများ၊ စစ်တပ်အာဏာပိုင်များက ဘုရင်ကြီးကို လှည့်ဖျား အကောက်ကြံလျက် ရှိပုံများ၊ အလွန်တရာမှ ကောက်ကျစ် ယုတ်မာမှုများ စသည်တို့ကို ရှုစားရင်း …

“ တတ်လည်း တတ်နိုင်ပါပေ့ကွယ် … အသင် အမတ်မင်း၊ စစ်အကြီးအကဲတို့ရယ်။ တိုင်းပြည်က ပိုင်ဆိုင်ပါတယ်ဆိုတဲ့ စစ်တပ်ကို … ငါတို့စစ်တပ်လို့ အသွင်ပြောင်းလိုက်ပုံက ကြည့်တဲ့သူ မျက်စိမှာ ချာချာလည်… အမတ်မင်း မာယာ သဲကိုး ဆယ်ဖျာ … စစ်အကြီးအကဲတို့ မူယာမာယာ မိန်းမတို့ပင် ရှုံးပေလိမ့်တကား …”

ဟု သီချင်းကြီးတပုဒ်ကို ဟစ်အော်မိ မတတ်လောက်ကို အဆီတထပ် အသားတထပ် ရိုက်ပြမူများ တော်ပါပေသည်။

ဤနေရာတွင် အလွန်တရာမှ သာမန်လူ မသိနိုင်သော စစ်တပ်အာဏာသိမ်းပုံများ၊ အကွက်ကျကျ စီမံပုံများ၊ စစ်တပ်၏တိုင်းပြည်ကို ချူပ်ကိုင်မှု အင်အားတောင့်တင်းပုံများ၊ စစ်တပ်အင်အားက ဘုရင်ကို ဘယ်လောက်ထိ လွှမ်းမိုး ထားနိင်ပုံများ၊ စစ်တပ်အကြီးအကဲများ အာဏာကို ဘယ်လို ကိုင်တွယ်ထားကာ တိုင်းပြည်ကြီး တခုလုံးကို ပြားပြားဝပ် နှိပ်စက်နိုင်ပုံများ၊ ၎င်းတို့၏ ကွန်ယက်များသည် တခုနှင့် တခု ယှက်နွယ်နေကာ ဘယ်လိုမှပင် ဖျက်ဆီးပစ်လို့မရလောက်အောင် ခိုင်မာ တောင့်တင်းနေပုံများနှင့် စစ်တပ်ကဏ္ဍ အရေးပါပုံများကို ကြည့်သောသူ မြင်၏ ဟု ဆိုရလောက်အောင် ရိုက်ပြချက်များ အလွန်ကောင်းလှပါသည်။

အလယ်ပိုင်းများ

နံမယ်ကိုက ကြီးမြတ်သူတို့နုလုံးသား။ အလွန်တရာမှ ရှားပါးသော ဖြူစင်သော နှလုံးသားပိုင်ရှင် မင်းသားလေး၊ ဘုရင်ဖြစ်လာတော့ ပရိသတ်က ချစ်ကြပါသည်။ သူက တိုင်းသူပြည်သားများကို ချစ်ခင်ကာ တရားနှင့်အညီ အုပ်ချူပ်သည့် ဘုရင်တစ်ပါး။

ပြဿနာကတော့ သူ့နဘေးမှာ အာဏာကိုမက်မော၊ အဆင့်အတန်း ခွဲခြား၊ မနာလိုမရူစိမ့်၊ တန်ခိုးအာဏာကို ခင်တွယ်၊ ဘာမဆို လုပ်ရဲသူတွေ၊ အသက်ကိုပင် သတ်ဖို့ ၀န်မလေး။ ယုတ်စွအဆုံး ဘုရင်ကိုပင် သတ်ဖို့ ဖြတ်ဖို့ ကြံစည်ရဲသူတွေ ၀ိုင်းဝိုင်းလည်နေ။ အဲသည်လိုကြားထဲမှာမှ ဘုရင်နှင့် ဟိုးကတည်းက အတူတကွ လက်တွဲကာ သေအတူ ရှင်မကွာ အသက်ပေး လုပ်လာခဲ့သော ဘုရင်၏ သစ္စာရှိ လူယုံတော်ကြီးက အာဏာကို မက်မောလာကာ ဘုရင့်အပေါ်တွင်ပင် ဖီဆန်လိုသော စိတ်တွေပေါ်လာပုံတွေ၊ တန်ခိုးအာဏာကား ကြောက်ဖွယ်လိလိ ပါတကား ဟု ကြည့်ရင်း ခံစားမိ။

ကိုရီးယားကားများ၏ သဘောသဘာဝများဖြစ်သော မကောင်းသူများ မကောင်းမူ တခုခု လုပ်တော့မည်ဆိုလျှင် အစစအရာရာ အဆင်ပြေနေပုံ၊ မိုးနတ်မင်းကြီးကလည်း သူတို့ကြားစေချင်သော စကားများကိုကြားမိအောင် ဖန်တီးပေးပုံများကလည်း အမျိုးမျိုးသော လှည့်ကွက်များဖြင့် ကြည့်နေ ကြရပါသည်။

ထို့ပြင် ကိုရီးယားကားများထုံးစံ ယောက္ခမများ သူတို့ချွေးမများကို နိုင်လိုက်သည်မှာ၊ ပြားပြားဝပ် နေလိုက်သည်မှာ -စစ်အစိုးရက မြန်မာပြည်သူလူထုကို မလှန်ရဲအောင် နင်းထားသည့်နှယ်ပင်။ အလွန်တရာမှ စိတ်ကောင်းရှိ၊ ဘာမှ ပြန်မပြောရဲ၊ ပြောသမျှ ခေါင်းငုံ့ခံသော ချွေးမနှင့် ဘာပဲလုပ်ပြပြ နည်းနည်းလေးမှ အကောင်းမမြင်တတ်သော ယောက္ခမ လိုက်လည်း လိုက်ကြပါသည်။ လုပ်ရဲသူနှင့် ခံရဲသူများကို ဤသို့သော ကိုရီးယားကားများတွင် တွေ့မြင်ခွင့် ရကြပါသည်။ စစ်အစိုးရလုပ်သမျှ ခံနေရသော မြန်မာပြည်သူလူထုသည် ဤမျှ နှိပ်စက်ပြနေတာတွေကို ကြည့်ရ မြင်ရသည့်အခါ အားမလို အားမရတွေ ဖြစ်ကုန်ကြပါသည်။

တိုင်းသူပြည်သားများနှင့် ဘုရင်အကြား ကြီးမားသော ကွာဟမှုများသည့်ကြားထဲက သစ္စာကင်းမဲ့သော လူယုံတွေကြောင့် ပိုမိုဝေးကွာသွားနိုင်ပုံများ၊ ဘုရင်၏ ဆွေတော်မျိုးတော်များ နေရာယူထားကာ တိုင်းရေး ပြည်ရေးထဲ ၀င်ရောက် စွက်ဖက်ကာ ဘုရင်ကို လွှမ်းမိုးနိုင်ပုံများကိုလည်း ကွက်ကွက်ကွင်းကွင်း တွေ့မြင်ခွင့် ရလိုက်ပါ၏။

သည်ကြားထဲ မြန်မာ့ဆင်ဆာက ဟိုဖြတ် သည်တောက် လုပ်ထားသည့်ကြားမှပင် စစ်အကြီးအကဲများ အောက်က စစ်သားများသည် တသွေး တသံ တမိန့်ဟု ဆိုရလောက်အောင် အာဏာ မဖီဆန်ရဲပုံ၊ ၎င်းတို့အား ခိုင်းသည့်အတိုင်း မှားမှား မှန်မှန် မျက်စိမှိတ် လုပ်တတ်ပုံ၊ အသည်းနှလုံး ကင်းမဲ့သော စစ်ခေါင်းဆောင်များ အမိန့်ကို မကျော်လွန်ရဲပုံ၊ နည်းနည်းလေး မှားသည်နှင့် အလုပ်ဖြုတ်ပစ်ခံရသဖြင့်လည်း ဘာဆို ဘာမှ မလွန်ဆန်၊ မှားနေမှန်း သိရက်နှင့်လည်း ၀င်မပြောရဲ၊၊ သတ်ဆိုသတ်၊ ဖြတ်ဆိုဖြတ် လုပ်ရဲသည့် စိတ်ဓါတ် ပိုင်ဆိုင်ပုံများ၊ ဘုရင်ထက်ပင် အောက်ကစစ်တပ်အကြီးအကဲ၏ စကားကို ပို၍ နားထောင်နေရပုံများ၊ ဘုရင်လက်အောက်က ဘုရင်ကြီး လက်ထက်ကတည်းက အခြေကျကာ အမြစ်တွယ်နေကြသော စီးပွားရေးလုပ်ကိုင်နေကြသူများက မြေးတော်ဘုရင်လက်ထက်မှာ မကျေနပ်မှုများ ကြီးထွားလျက်ရှိကာ ကြီးနိုင် ငယ်ညှုင်း လုပ်ကြပုံများ၊ အပြင်လူ ၀င်မလာအောင် ဘုရင်ကို အမျိုးမျိုး နားချကာ အကြပ်ကိုင် ထားနိုင်ပုံများ၊ ပညာတတ်များကို မပေါ်လာအောင် နင်းချေထားပုံများ၊ မိမိတို့၏ ဘက်သားများကိုသာ ရာထူးများ ပေးကာ ရှေ့ထွက်ခိုင်း ထားပုံ၊ အဆင့်အတန်း မတူဟု အကြောင်းပြလျက် ပညာတတ်၊ ပညာရှင်များကို အဝေးသို့ ပို့ထားပုံများ၊ ဘုရင်ကိုယ်တိုင် ခန့်အပ်ထားသော ပညာရှိကြီးများကိုပင် နောက်ကြော ဓါးနှင့်ထိုးကာ လုပ်ကြံဝံ့ ကြသော ကြံစည်မူများကို တွေ့မြင်ကြရပါသည်။

ရှေးခေတ်က အဖြစ်များအဖြစ် ကြည့်နေရသော်လည်း အလွန်တရာမှ ခေတ်မှီလှသော တင်ပြချက်များ ဖြစ်သည်။ ဘုရင်က နှလုံးသား လှနေ ကောင်းနေသည့်ကြားမှပင် အောက်က စစ်တပ်အကြီးအကဲများ နှိပ်စက်တာနှင့် တိုင်းသူပြည်သားတွေ ဒုက္ခတွေရောက်နေကြလျှင် ဘုရင်ကိုယ်တိုင် စိတ်ကောင်းမရှိလို့ကတော့ နလံတောင် ထူနိုင်မည် မထင် ဟု ကြည့်ရင်း ကြည့်ရင်း ခံစားမိနေရပါသည်။

နောက်ပိုင်း ဇာတ်ရည်လည

နောက်ပိုင်းမှာတော့ ဘုရင်၏လုပ်ဆောင်မူများ ဟုဆိုရမည့် သူကိုယ်တိုင် တိုင်းပြည်တွင်းသို့ အရပ်ဝတ်နှင့် တိုင်းခန်း လှည့်လည်ကာ ပညာရှိများ၊ ပညာရှင်များကို လိုက်လံ ရှာဖွေပုံများ၊ နန်းတွင်းစာမေးပွဲများတွင် အလွန် အရည်အချင်းရှိသော ပညာရှင်များကို စာမေးပွဲ ချပစ့်ပုံများ၊ ဘုရင်ကိုယ်တိုင် ကြီးကြပ်နေသည့် ကြားထဲကတောင်မှ အလွန် အကျင့်ယုတ်မာသော အမတ်များက ပညာရှင်၏အဖြေလွှာကို ဘုရင့်ဆီမပို့ဘဲ ထားပုံများ၊ ဤသို့သော နန်းတွင်းရေးရာတွေမှာ ပညာရှင်များကို ဘယ်လောက်ထိ ဖယ်ထား ချောင်ထိုးထားနေပုံများကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားသည်ကို တွေ့မြင်ရပါသည်။

မိမိ တိုင်းပြည် ကောင်းစားရေး၊ တိုးတက် ထွန်းကားရေးဟု ဦးတည်ချက်၊ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင် နေကြပါသော်လည်း အမှန်တကယ်မှာတော့ ပညာတတ်များ မလိုချင်ကြပုံများ၊ ဘုရင်က ကောင်းနေတာတောင်မှ ဤကဲ့သို့သော အောက်ကလူတွေ၏ ပညာရှင်တွေ ရောက်လာမှာကို သိပ်ကြောက်နေကြရသော၊ ပညာရှိ မလိုလားကြသော အဖြစ်တွေ ရှိနေတာကို တွေ့ရမြင်နေရသေးသည်မှာ တော်တော်လည်း တရားကျဖို့ ကောင်းပါသည်။ တနည်းဆိုရရင်တော့ အော်… လောကကြီးမှာ ဒီလိုပညာရှိတွေ အနှိမ်ခံနေရတာတွေ ဟိုးခေတ်မှာကတည်းက ရှိတာကိုးလို့ ဟူ၍ သိလိုက် မှီလိုက်ရပါသည်။

ထူးခြားတာကတော့ ဘုရင်အား တွေ့ဆုံဖို့၊ ဘုရင်နှင့် ဆွေးနွေးဖို့၊ ဘုရင်နှင့် ပြဿနာများ အတူတကွ ပြောဆိုဖို့အတွက် အချိန်မရွေး တံခါးဖွင့်ထားခြင်း၊ ဘုရင့်ဘေးက အမတ်များ၏ ယုံကြည်မူ ဘယ်လောက် လိုအပ်လှပုံ၊ ဘုရင်၏ သစ္စာမြဲ စစ်သူကြီးများ ဘယ်လောက် အရေးပါလှပုံများ ပေါ်လွင်အောင် ပြသနိုင်ပါသည်။

နန်းတော်ထဲမှာထိုင်နေရုံနှင့်လည်း တိုင်းပြည်ရေးကိစ္စ မသိနိုင်ကြောင်း၊ တိုင်းသူပြည်သားများ ဆင်းရဲဒုက္ခများ မတွေ့မြင်နိုင်ကြောင်းများကိုလည်း ဘုရင်က သိသည်။ သူ့နဘေးက အမတ်များက သစ္စာစောင့်သိသော်လည်း ဤမျှနှင့် မလုံလောက်ကြောင်းကိုလည်း ဘုရင်က သိမြင်တော်မူပါသေးသည်။

ဘုရင်သည် သူ၏ သစ္စာရှိ အမတ်များ၊ သစ္စာစောင့်သိသော စစ်သူကြီးများ၊ ဖျက်လိုဖျက်ဆီး လုပ်နေဆဲ အမတ်မင်းများ၊ ဘာလုပ်လုပ် အကောင်းမပြောသော ၀န်ကြီးများ၊ ရှုံးနိမ့်သွားတာတောင်မှ တချီတော့ ပြန်ဆော်ဦးမည် ဟူသော အတွေးဖြင့် မာန်မချသေးသော ဘုရင့်အဘိုး ဘုရင်ကြီး၏ မိဘုရားတို့ကြားဝယ် တိုင်းပြည်ကောင်းကျိုးကို ကြိုးစား ဖော်ဆောင်ခဲ့ပါသည်။ တတိုင်းပြည်လုံး အေးချမ်းဖို့၊ ချမ်းသာကြွယ်ဝဖို့အတွက် ဘုရင်သည် ကိုယ်ရော စိတ်ပါ နှစ်၍၎င်း၊ ဒုက္ခမျူိးစုံကို ရင်ဆိုင် ဖြေရှင်း၍၎င်း ပေးဆပ်ခဲ့ရပါသည်။

ထို့ပြင် အလွန်တရာမှ ခေတ်မှီသော ပြည်တွင်းရေးစွက်ဖက်မူကိစ္စများ၊ တခြားတိုင်းပြည်မှ မိမိတိုင်းပြည်သို့ အပြစ်လာ ကျူးလွန်သော ကုန်သည်များကို ဖမ်းဆည်းထားသဖြင့် ထိုတိုင်းပြည်မှ သံတမန်များ ရောက်လာပုံများ၊ ၎င်းတို့နှင့် တွေ့ဆုံကာ ပြဿနာများကို ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းပုံများတွင်လည်း ရှေးခေတ် သမိုင်းအထောက်အထား အချက်အလက်များဖြင့် ထောက်ပြကာ အပြစ်ရှိသူများကို လက်လွတ်စပယ် ထုတ်မပေးနိုင်ကြောင်းများ ပြသချက်များသည် ပညာလည်းရပြီး မျှမျှတတရှိကာ လူတိုင်း လက်ခံနိုင်မှုများ အပြည့် ပါဝင်ပါသည်။

ဘုရင်သည် သူ့အား သစ္စာမဲ့စွာ သတ်ဖို့ကြံစည်မူတွင် ပါဝင်ပတ်သက်ခဲ့သော စစ်တပ်များအားလုံးကို မယုံကြည်သောကြောင့် ဖယ်ရှားနိုင်ဖို့အတွက် ပြည်သူ့အင်အားများဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကို အသစ် ပြန်လည်တည်ဆောက် ဖို့အတွက် ကြိုးပမ်းခဲ့ရပုံများ ပါဝင်ပါသည်။ ထို့ကြောင့် စစ်ဗျူဟာများ၊ တိုင်းပြည် ပြန်လည်တည်ထောင်ပုံများ၊ စစ်တပ်အင်အားဖြင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပုံများ၊ တိုင်းရေး ပြည်ရေး လွန်ရှုပ်ထွေး၊ နိုင်ငံရေး ပရိယာယ် လွန်စွာမှ ကြွယ်ဝပါပေ့ ဟူသော အမြင်များကို ဤကားကို ကြည့်၍ တော်တော်လေး နားလည် သဘောပေါက်ခဲ့ရကြောင်းပါ။

စိတ်ကောင်းမရှိသော အမတ်မင်းများ၊ တိုင်းသူပြည်သားများကို နှိပ်စက်ဖို့သာ အာရုံရှိသော ၀န်ကြီးများ၊ တိုင်းရေး ပြည်ရေးထက် ငါတို့ကောင်းစားရေး ဟူသော ယုံကြည်ချက်များရှိသူတို့ အဖြစ် သရုပ်ဆောင်နေကြသူတို့ကား ဒါရိုက်တာပေးသော ဇာတ်ညွန်းအတိုင်း ပြောကြ ဆိုကြ သရုပ်ဆောင်နေကြသည်ကို တွေ့မြင်ရသည်မှာ မြန်မာ့ရုပ်မြင်သံကြားမှ သတင်းစာထဲက အတင်းအဖျင်းများကို ဖွဲ့ကာ နွဲ့ကာ မဲ့ကာ ရွဲ့ကာ ပြောဆို သရုပ်ဆောင်နေကြသည့် မြန်မာစစ်တပ်သတင်းအပြီး လွှင့်ထုတ်နေသော အစီအစဉ်မှ ပုဂ္ဂိုလ်နှစ်ဦးကို ကွင်းကွင်း ကွက်ကွက် မြင်မိပါတော့သည်။

အချူပ် ဆိုရသော် ရုပ်ရှင်ထဲမှာဆိုတော့ မကောင်းသူဖယ် ကောင်းသူကယ်၊ ရာဇ၀တ်ဘေး ပြေးမလွတ်၊ ဟူသော စကားပုံများ မှန်ကန်ကြောင်းကို စိတ်ရှည် လက်ရှည် စောင့်ဆိုင်း သည်းခံကာ ဇွဲနဘဲနှင့် ကြည့်ရူနေကြရကာ၊ အသည်းစွဲမတတ် ကြည့်ခဲ့ရသော ဤကိုရီးယားဇာတ်ကားသည် ပရိသတ်ကို အသည်းမခွဲသွားရင်ဘဲ တော်လှပါပြီဟုသာ တွေးမိရင်း ဇာတ်သိမ်းကောင်းမှာလား မျှော်လင့်ချက်နှင့် ၀ယ်ထားတဲ့အခွေကို အဆုံးထိ ကြည့်လိုက်မိကြောင်းပါ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts