>Detention now ‘worse’ for Daw Suu

>

ဒေါ်အောင်ဆန်းစုကြည် အပေါ် ကန့်သတ်မှု ပိုမို များပြားလာ
AP သတင်းဌာန
သြဂုတ် ၂၆၊ ၂၀၀၉
ယခု လလယ်ပိုင်းက ဘန်ကောက်မြို့ တရုတ်နိုင်ငံ သံရုံးရှေ့တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ


အာဏာပိုင်တို့၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ် ချုပ်ချယ်မှုများ ပိုမို ဆိုးရွားလာသည်ဟု သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ယမန်နေ့က ပြောသည်။


သူ၏ မိသားစု ရှေ့နေနှင့် တွေ့ခွင့်ရရေး တောင်းဆိုထားခြင်းကို အာဏာပိုင်တို့က အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောပြသည်။

အယူခံဝင်ရေး အတွက် တိုင်ပင်လိုသောကြောင့် ဒေါ်စုနှင့် တွေ့ဆုံခွင့် တောင်းထားသော်လည်း ခွင့်ပြုချက် မရသေးကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ချက်တွေက ဟို အရင် ထိန်းသိမ်းစဉ်ကထက် ပိုဆိုးနေပါတယ်” ဟု သူက ပြောသည်။

သတ်မှတ်ထားသည့် ကန့်သတ်ချက် ၈ ချက်ကို ကြည့်လျှင် ယခင် ထိန်းသိမ်းခံရစဉ်ကထက် ပိုမို မျှတပုံရနေသည်။

သို့သော်လည်း အာဏာပိုင်တို့က မိသားစု ဆရာဝန်နှင့် တွေ့ခွင့်ရရေးကိုပင် သဘောမတူနိုင်သေးကြောင်း ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

အာဏာပိုင်တို့က ၎င်းတို့ ရွေးချယ်ထားသည့် ဆရာဝန်တဦးကို စေလွှတ်ခဲ့သည်ဟု သိရသည်။

ဒေါ်စုက သူ၏ မိသားစု ဆရာဝန်ကိုသာ တွေ့လိုသည်ဟု ဆိုသည်။ မိသားစုဆရာဝန်ကသာ သူ၏ ကျန်းမာရေး နောက်ခံ အခြေအနေကို နားလည်မည်ဟု ဆိုသည်။

ကျန်းမာရေး၊ ထောင်ဝင်စာ တွေ့ခွင့်တို့နှင့် ပတ်သက်သည့် ဖွင့်ဆို ရှင်းလင်းချက်များနှင့် ပတ်သက်ပြီး အာဏာပိုင်တို့ထံ မေးမြန်းရန် ဒေါ်စုက ရှေ့နေများကို ညွှန်ကြားထားသည်။

သူတွေ့လိုသူများကို တွေ့ခွင့်ရမည် သို့မဟုတ် လာရောက်လိုသူများက အာဏာပိုင်တို့ထံမှ ခွင့်ပြုချက် တောင်းရမည် ဟူသော အချက်မှာ ရှင်းလင်းခြင်း မရှိဟု ဦးဉာဏ်ဝင်းက ပြောသည်။

အင်းစိန်ထောင်တွင် ရှိစဉ်က ဒေါ်စုထံ စာအုပ်များ ပို့ရန် ပိုမို လွယ်ကူပြီး ယခုအခါတွင်မူ အာဏာပိုင်အဆင့်ဆင့်ထံမှ ခွင့်ပြုချက် တောင်းနေရသဖြင့် စာအုပ်စာတမ်းများ ဒေါ်စုထံသို့ ရောက်ရန် ရက်ပေါင်းများစွာ ကြာသည်ဟု ဆိုသည်။

အာဏာပိုင်တို့က ဒေါ်စုကို စာအုပ်ဖတ်ခွင့်၊ ပြည်တွင်းမှ ရုပ်သံလိုင်းများ ကြည့်ခွင့်ကို ပေးထားသည်ဟု ကြေညာခဲ့ဖူးသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts