>Mar Mar Aye (282)

>

ပြောပြစရာတွေလည်း တပုံကြီး ရှိပါသေးတယ် အမှတ် (၂၈၂)
နှောင်ကြိုးကို ဖြေပါအံ့
မာမာအေး
သြဂုတ် ၁၇၊ ၂၀၀၉


သောတရှင်များ ကျန်းမာတော် မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ ရေ၊ အရင်ပတ်က ‘အနောက် နန်းမတော် မမြကလေး’ ခေါ်တဲ့ စာဆိုတော် ရွှေစာရင်းဝင် ဟင်္သာတမြို့သူ မမြကြုတ်ကလေး ကို၊ ရန္တပိုစာချုပ်ကိစ္စ သွားရင်း အလှသတင်း ကြားတဲ့၊ အမရပူရ ရွှေနန်းရှင်ရဲ့ ညီတော် အိမ်ရှေ့စံ သာယာဝတီ မင်းသားက တော်ကောက်၊ မိဖုရား အရာ မြှောက်လိုက်တဲ့ အခါ၊ ‘ရွှေလောင်းတိုက် သခင်မ မြကလေး’ ဘွဲ့မည်နဲ့ ထင်ရှား ဖြစ်လာခဲ့တယ်။ ရွှေမင်းသားတို့ နန်းဓလေ့ ဒေဝီတွေ အပြည့် ရှိတာမို့ သူတဦးတည်း အချစ်ပိုင် မဖြစ်နိုင်တဲ့ ဘဝ တေးဂီတနဲ့ ဖွင့်ဟရှာတော့ အလွမ်းဘွဲ့ မျှော်တော်ယောင် ပတ်ပျိုးလေးတွေ ကျန်ရစ်တယ် ဆိုတဲ့ အကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ဒီနေ့လဲ ဆက်ရဦးမယ် ရှင်။

စာဆို မိဖုရား မမြကလေးရဲ့ ကြင်ယာတော် အိမ်ရှေ့စံ သာယာဝတီမင်းသားရဲ့ အမည်နာမကို လူသိပ်မသိကြဘူး ရှင့်။ဖေါ်ကောင် လုပ်လိုက်ဦးမှ ‘သတိုးမင်းထင်’ တဲ့။ နောင်တော် ဘုရင်မင်းမြတ် ဘွဲ့ချည်း ထားတာကတော့ ‘သီရိမဟာ သုဓမ္မရာဇာ’ ပါတဲ့ ရှင်။ မာအေးတို့ ဂီတလောက က ချစ်သနားတဲ့ မိဖုရား မြကလေး ကိုလဲ ချစ်မြတ်နိုးတော် မူမယ်လို့ ယုံကြည်ရပါတယ်။ မာအေးတို့ ချစ်ဆွေတို့ တွေ့မြင်ဖူးကြတဲ့ မြန်မာ ဆိုင်းဝိုင်းကြီးရဲ့ ပုံသဏ္ဍာန် ဟာ အဲဒီ အိမ်ရှေ့မင်းရဲ့ ဆိုင်းတော်ကနေပြီး ကူးယူပုံထုတ် တီထွင် လုပ်ကြတာ ဖြစ်တဲ့အကြောင်း တခါကြုံလို့ ပြောခဲ့သေးတယ် မို့လား၊ ဂီတစာဆိုရှင်နဲ့ ဂီတဝါသနာရှင်လဲ ဖြစ်နေပါတယ်လေ။ မြသခင်မ ကတော့ မောင်တော် မရောက်လာတာ ကြာရင်တောင် အပြစ် မတင်ရက်ဖူးလို့ ထင်ရတဲ့ ကဗျာတေး ရေးရှာတာပါဘဲ။

xxx ကြာချည်ရံ၊ နာရီပြန် ပဟိုရ် ညိတ်ပါပေါ့၊ မှေးမှိတ်လို့ စက်ပါသော်၊ ရေးမျှ မပျော်၊ လာနိုးရယ် မျှော် ကြာမော်မြင့် ဆောင်ထီး၊ ရွှေဘောတော် တဥာဏ်ပွေလို့၊ မလာနေ တာရှည် သေးတာကြောင့် ညာမေမှာ ဗျာပွေ ဆွေးတယ်၊ (ကိုယ်တော်ရေ) တွေးရ ခက်ကြီး xxx

အရှင် မမြကလေးက ‘တွေးရ ခက်တယ်’ လို့ဘဲ တြိချိုးလေးနဲ့ ညည်းတွားနေတဲ့ အချိန်မှာ အိမ်ရှေ့စံဟာ သူ့ ဒေဝီတွေဆီကိုချည်း ခြေဦး လှည့်နေတာများ ဖြစ်မလား အရှင်မဖုရားဘက် လိုက်တွေး၊ လိုက်ရှာ ကြည့်မိ ဖတ်မိတော့ နေပြည်တော်ဆီမှာ နောင်တော် ဘုရင်မင်းမြတ်ရဲ့ မဟေသီ နန်းမတော်မယ်နု သြဇာအာဏာ လွှမ်းလာတဲ့ အတွက်၊ မောင်ဖြစ်တဲ့ ‘စလင်းမြို့စား မင်းသား’ ကိုလဲ ဘုရင်မင်းမြတ်က ယုံကြည်တော်မူလာပြီး ကိုယ်တော်တိုင် မကျန်းမာလာတဲ့ အခါ တိုင်းဝန် ပြည့်ဝန် တို့ကိုပါ မှူးတော်၊ မတ်တော် များနဲ့ အတူ စီရင် ဆောင်ရွက်စေခဲ့တာကြောင့် တိုင်းပြည်ရွာ မငြိမ်မသက် ဖြစ်လာတာ တွေ့ရပါတယ်။

ဒီလို တိုင်းပြည် မငြိမ်မသက် ဖြစ်ရတာဟာ အိမ်ရှေ့စံရဲ့ စနက်ကြောင့်လို့ ၊ စလင်းစားနဲ့ နောက်ပါ အကြံတူများက နောင်တော်ဘုရင် သံယပွားစရာ တင်လျှောက်ခါ နားသွင်း၊ ညီအကိုချင်း မေတ္တာ ယွင်းအေင် ကြံဆောင် ထောင်ဖမ်းတော့မယ် ဆိုတာကို ကြိုတင် သိရတဲ့ အိမ်ရှေ့စံ ခမျာ၊ ‘နောင်တော် ဘုရင်ကို ဖခင် အရာ ထား စိတ်နှလုံး ဖောက်ပြား လျှောက်ထားခဲ့တာ မဟုတ်ပါ။ စလင်းမြို့စား မမှန် မုသားကြောင့် ကျရောက်လာမယ့် ရာဇဝတ်ရေး ကို မျှော်တွေး တွက်ဆ တိုင်းပြည်က ထွက်ရတာသာ ဖြစ်ပါကြောင်း’ သစ္စာဓိဌာန်ထား၊ နောင်တော်ရှိရာ မျက်နှာစာကို သေချာရည်မှန်း ကန်တော့ ပန်ဆင်ပြီးမှ ဘိုးဘေးတို့ရဲ့ အောင်မြေ တည်ရာ ရတနာသိင်္ဃမြို့ မှာ ပြောင်းရွှေ့ စံနေတော်မူပါတယ်။ နောင်တော်ဘုရင် အလိုကျ နန်းက ဆင်းပေးလာတဲ့ သက္ကရာဇ် (၁၁၉၉-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်) ရောက်တော့မှ ညီတော် သာယာဝတီ ရွှေဘိုမင်း နန်းတက်တော်မူခဲ့တာမို့ ဒီကြားမှာ ဘယ်လောက်များ အလုပ် ရှုပ်တော်မူရှာမှာလဲ၊ မတွေ့တာ ကြာမှာလဲလို့ တွေးမိလာတယ်။ ဒါကြောင့်လဲ မမြကလေးက ‘မြယဉ်ရေညို’ မယ်ဘွဲ့ ပတ်ပျိုးလေး ရေးဖွဲ့တယ် ထင်တာပါပဲ ရှင်။

• မြယဉ်ရေညို၊ ကိုယ်တော် မျှော်ခန်း၊ သန်းကာဝေလည်း၊ ရွှေပြည်ဘယ်မှန်း၊ ကံ ကံငယ်သာအို၊ ဆိုငိုမှား တွေတွေသားပါလေး မှန်းxx

ဒီအခါမှာ ရွှေနန်းရှင် သာယာဝတီမင်းက ‘ရွှေလောင်းတိုက် သခင်မ မြကလေး’ကို ဟင်္သာတမြို့ အပိုင်စား မြို့စားမိဖုရား အရာပေးပြီး ၊ အနောက်နန်းမှာပဲ ထားတော်မူခဲ့ပါတယ်။ နောင်အခါ စာဆို အကျော်အမော်တပါး ဖြစ်လာမယ့် သမီးတော် မဖွားကြီးကိုလဲ ‘လှိုင်မြို့’ ပေးသနားတော်မူတဲ့ အတွက် အသက်(၄)နှစ်မှာ လှိုင်ထိပ်ခေါင်တင်’ ဖြစ်လာခဲ့ပါတယ်။

အင် — ဘုရင့်မိဖုရား ဖြစ်ကာမှ ကံက မလိုက်လေတော့ ကြေးတိုက်ထဲသွင်း ထောင်အကျဉ်းထဲ ချထားတာ ခံရပြန်ပါရောတဲ့ ရှင်။ အဲဒီတင် အရှင်မမြကလေးက ဂီတသားတွေ လွမ်းရစ်စေတဲ့ ပတ်ပျိုး သီချင်းတပုဒ် ရေးဆက် သွင်းခဲ့လို့ အသက်ဘေး လွှတ်၊ ထောင်က လွှတ်ခဲ့တယ်တဲ့။

‘ထောင်က လွှတ်တယ်’ ဆိုတာ ပြောမိတာနဲ့ မာအေးတို့ ညီမ ထောင်ထဲက ‘စုလေး’ ပြေး သတိရတယ်။ ချစ်ဆွေတို့ရေ သူလဲ ကဗျာ ရေးတယ်လေ။ ‘မိခင်၏ နှောင်ကြိုးကို ဖြေပါ အံ့’ ဆိုတဲ့ ကဗျာပဲ ချစ်ဆွေတို့ သိရအောင် ထောင်က လွှတ်ပါစေဆုတောင်းပြီး ရွတ်ပြ လိုက်ပါတယ်။

“မိခင် နှောင်ကြိုးကို ဖြေပါအံ့”

• သည်းစွာသော အနာကို ကုစားပါအံ့
သမီး၏ လုံ့ လ ဝ်ီရိယဖြင့် နာလန်ထူပါစေ အံ့—

• မွေး ကျေးဇူးကို မသိတတ်သော ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင် နိုင်စွမ်းကို
သမီးအား ပေးပါလေ —

• တွေ့ရအံ့သော ဘေးရန် တို့ကို
သမီး ထီမည် မဟုတ် —

• တဘဝတွင် တခါသာ သေရသည် ဖြစ်၍
အဘယ်နည်းနှင့် သေရသည် ဖြစ်စေ
သမီး၌ မထူးခြား —

• သမီး၏ စိတ်ကူးတို့ သည်
ဤ တကယ်အဖြစ်သို့ ရောက်သော အချိန်တွင်
ဤသင်တို့သည်လည်း ပျော်မြူး ကြရမည် —-

• အခြား အခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီး ရွံရှာခြင်း
နာမည်ဖျက်လိုခြင်း တို့ကို
သမီး အလျဉ်း ဂရုမပြု —

• မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင့်သံကိုသာ တောင့်တ ပါ၏ —-

• လောကတွင် မိခင်၏ ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏ ။ ။

အောင်ဆန်းစုကြည်

[ မူရင်း – ဘီဘီစီ၊ မြန်မာဌာန ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts