>Sunn – September 07

>

စက်တင်ဘာ သုညခွန်

ဆွန်း

သြဂုတ် ၁၈၊ ၂၀၀၉

ဒါဟာ ချောက်ချား ကြောက်လန့်အောင်
ဇာတ်လမ်း ဇာတ်ကွက်ဆင်ထားတဲ့
ပုံပြင်တပုဒ် မဟုတ်ဘူး…
အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်..။

အမှန်တကယ့်ကို
ဖြစ်ခဲ့ ပျက်ခဲ့တယ်..။

ကြားဖူးနားဝထဲမှာ
သင်အံဖူးတဲ့ အထဲမှာ
ဖြတ်သန်းလာသမျှ ထဲမှာ
ဒီစာမျက်နှာရဲ့
သွေးနံ့တွေက အညှီဆုံးပေါ့…။

သူတို့ဟာ လူတယောက်ကို လက်ယဉ်ယဉ်နဲ့ သတ်နိုင်ဖို့
စနစ်တကျနဲ့ လေ့ကျင့် သင်အံခဲ့ကြတာ
သူတို့ဟာ သူတို့ အလိုရမ္မက်အတွက်
ကိုယ်သမိုင်းကို တံတွေးနဲ့ ရေးရဲတာ၊
သူတို့က သူတို့ရောက်နေတဲ့ အရပ်ဟာ
ချိုင့်ဝှမ်းမှန်း တောင်တန်းမှန်း မသိနိုင်လောက်အောင်
အတ္တတွေ ပိန်းပိတ်နေခဲ့တာ၊
သူတို့ဟာ လက်တလုံးခြား လှည့်စားတတ်သလိုမျိုး
ပြောင်လိမ်ဖို့လည်း ၀န်မလေးကြဘူး
သူတို့ဟာ အံ့သြစရာကောင်းလောက်အောင်
အနှစ်နှစ်ဆယ်လုံးလုံး လုပ်ဇာတ် ကနိုင်ခဲ့ …။

သားသတ်မုဆိုးရဲ့ ရက်စက်မှုလား
အမဲလိုက်ခွေးတွေရဲ့ စိတ်ဆာလောင်မှုလား
အရိုးရှင်းဆုံး မေတ္တာ တံတားတွေပေါ်မှာ
စစ်ဖိနပ်သံတွေ ပြင်းထန်သွားခဲ့ပြီ.။

ဆရာတော်ဦးဥတ္တမ ဟာ
မျက်ရည်ယိုဗုံး ပိန်းပိတ်နေတဲ့ကြားမှာ
နံပတ်တုတ်နဲ့ခေါင်းကို အရိုက်မခံခဲ့ရဘူး..
ဘုရား သားရဲ့…သွေးစိမ်းရှင်ရှင်တွေ ဘုရားရဲ့မြေမှာ မစွန်းပေခဲ့ရဘူး။

ဆရာတော်ဦးဝိစာရဟာ
သေနတ်သံတွေကြားမှာ သင်္ကန်းတဖါးဖါးနဲ့ မပြေးရရှာဘူး
လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒင်နဲ့အဆောင့်မခံခဲ့ရဘူး
ဘယ်သူ့လက်ချက်မှန်းမသိပဲ ရေထဲမှာ အလောင်းမမျောခဲ့ရဘူး။

ဒါဟာ ဘာသာမတူ လူမျိုးမတူသူတွေရဲ့လက်အောက်
ကျွန်သဘောက်ဖြစ်နေတုန်းကပေါ့..
ဒါဟာ တို့သမိုင်းထဲက ရဟန်းအာဇာနည်တွေပေါ့ …
ဒါတွေလည်း အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ် …

အရိုးသားဆုံး ဓမ္မရှင်တွေဟာ
ဘာ အလိုရမ္မက်မှမပါပဲ
ဆန္ဒကို ဆန္ဒအတိုင်း
ရိုးရိုးသားသား ဖေါ်ထုတ်ခဲ့ကြတာ …
အမွန်မြတ်ဆုံးမေတ္တာဓါတ်တွေဟာ
ဘယ်လို ကိုယ်ကျိုးဖက်မှုမမပါပဲ
သူတို့စွမ်းဆောင်နိုင်သမျှ ၊ သူတို့ ကယ်တင်ခဲ့ကြတာ …

အခု…
မေတ္တာသုတ်ရွတ်သံတွေကို ယမ်းခိုးတွေနဲ့မှိုင်းတိုက်လို့ …
ရွှေဝါရောင်သင်္ကန်းတွေကို သွေးရောင်လွှမ်းစေခဲ့ကြ …
အပြစ်မဲ့ပြည်သူတွေကို အမဲကောင်တွေလို သဘောထားပြီး
ရွှေတိဂုံရင်ပြင်ကို လူသတ်ကုန်းလို သဘောထားရဲကြ …
ဒါတွေဟာ အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်။

အခြေအနေအားလုံးကို မျက်လှည့်ပြလိုက်သလိုမျိုး
တိတိကျကျ ပြောင်းပြ န်လှန်ပြလိုက်နိုင်တဲ့
တစ်ဘက်ကမ်းခတ်
ကလိန်ဉာာဏ်များကလည်းလက်ဖျားခါချင်စရာ ..
မီဒီယာနည်းနာကို မီးကုန်ယမ်းကုန် ချတတ်ပုံများကလည်း သြချစရာ …
သူတို့ဟာ ဟစ်တလာလို
ကြီးကြီးကျယ်ကျယ် လိမ်ခဲ့ပြီး
သူတို့ဟာ နရသူမင်းလို
အာဏာကို ဘာသာ နဲ့လည်း လဲ ရဲ တယ်..။

ကြည့်ကြ … !!
ပါးစပ်က ဘုရား ဘုရား ဆိုခဲ့သမျှ …
ကို့ယို့ကားယားနိုင်လွန်းလှတဲ့ လက်တွေလေ၊
ဝါဆိုသင်္ကန်း ကပ်ပြဖူးတဲ့လက်
ကထိန်သင်္ကန်း ကပ်ပြဖူးတဲ့လက်
ဆွမ်းဆန်စိမ်းတွေ လောင်းလှူပြခဲ့တဲ့လက်..
ဘုရားထီးတော်ကို မတန်တရာ တင်ပြဖူးတဲ့လက်

အဲဒီ့လက်တွေမှာ …
ဘယ်သံသရာ ရောက်ရောက် ဖျက်မရနိုင်တဲ့
သွေးတွေနဲ့ … … ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts