>U Razak

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၄)
အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ်၏ ဂုဏ်ရည်
ထိန်လင်း
သြဂုတ် ၁၇၊ ၂၀၀၉

မြန်မာပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်ကြည့်တဲ့အခါ နိုင်ငံရေးလိုအပ်ချက် ရှိတဲ့အခါ လူတန်းစား အလွှာပေါင်းစုံက တိုင်းပြည်ချစ်သူတွေမှန်သမျှ ပါဝင်လုပ်ဆောင်ကြတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကိုလိုနီခေတ် လွတ်လပ်ရေးတိုက်ပွဲဆိုရင်လည်း နိုင်ငံရေးနယ်ပယ်မှာ ပါဝင်ဆောင်ရွက်သူတွေက ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာနယ်ပယ် စတဲ့ နယ်ပယ်မျိုးစုံက ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ၁၉၃၆-၃၈ ကျောင်းသားသပိတ် နောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ဦးဆောင်လှုပ်ရှားသူတွေကို ၁၉၂ဝ ကျောင်းသားသပိတ်မှာ ထွက်ပေါ်လာတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေက ဝိုင်းရံခဲ့တာကို တွေ့ရပါလိမ့်မယ်။

၁၉၂ဝ ပထမ ကျောင်းသားသပိတ်ကနေ ပေါ်ပေါက်ခဲ့တဲ့ အမျိုးသားကျောင်းဆရာများဖြစ်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ ဦးဖိုးကျား စတဲ့ ပုဂ္ဂိုလ်တွေလိုပဲ အမျိုးသားပညာရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူတွေရှိပါတယ်။ သူတို့ကတော့ တောင်ငူ အမျိုးသားကျောင်းဆရာကြီး ဦးဖိုးကွန်း၊ ရေနံချောင်း အမျိုးသား ကျောင်းဆရာကြီး ဦးဘဝင်း (ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို)၊ ပျော်ဘွယ် အမျိုးသားကျောင်းဆရာကြီး ဦးမြ၊ ရန်ကုန် မြို့မကျောင်း ကျောင်းဆရာကြီး ဦးဧသွယ် စတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ဒီလို အမျိုးသားပညာရေး မြင့်မားတိုးတက်စေဖို့ ကြိုးပမ်းအားထုတ်ခဲ့တဲ့ စံပြပုဂ္ဂိုလ်တစ်ဦးကတော့ အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ် ဖြစ်ပါတယ်။

ကျနော်တို့တိုင်းပြည်မှာ အတ္ထုပ္ပတ္တိစာပေ သိပ်ပြီး မထွန်းကားတော့ ဆရာကြီးဦးရာဇတ် နဲ့ပတ်သက်လို့ အများက အာဇာနည်ခေါင်းဆောင်တစ်ဦးအဖြစ်လောက်သာ သိထားကြပါတယ်။ တကယ်တော့ ဆရာကြီးက သပိတ်မှောက်ကျောင်းသား၊ အမျိုးသားကျောင်းဆရာ၊ အမျိုးသားကျောင်း ကျောင်းအုပ်ကြီး၊ စာရေးဆရာ၊ ဖဆပလ ဥက္ကဋ္ဌ၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး၊ ပညာရေးဝန်ကြီး စသဖြင့် ဂုဏ်ပုဒ်ပေါင်းများစွာ၊ အရည်အချင်းပေါင်းများစွာ ပြည့်ဝသူတစ်ဦးဖြစ်ပါတယ်။

ဆရာကြီး ဦးရာဇတ်ကို ၁၈၉၈ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က မိတ္ထီလာမြို့မှာ မွေးဖွားခဲ့ပါတယ်။ မန္တလေးမြို့၊ ရန်ကုန်မြို့တို့မှာ ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်စာ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ဒီလိုပဲ တင်းနစ်၊ ခရစ်ကက်၊ လက်ဝှေ့၊ ဘောလုံး စတဲ့ အားကစားဘက်မှာလည်း ထူးချွန်သူဖြစ်ပါတယ်။ ၁၉၂ဝ ကျောင်းသားသပိတ် ပေါ်ပေါက်တဲ့အခါ ဆရာကြီးက သပိတ်မှောက်ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပြီး သပိတ်မှောက်ကောင်စီက သပိတ်မှောက်ကျောင်းသားတွေ ပညာရေး မနစ်နာဖို့အတွက် အမျိုးသားကျောင်းတွေ ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အခါ ဆရာကြီးက မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းကြီးမှာ အင်္ဂလိပ်နဲ့ ပါဠိဘာသာ အထက်တန်းပြဆရာအဖြစ် ၁၉၂၁ ခုနှစ်ကနေ စတင်ပြီး လုပ်ကိုင်ခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ အမျိုးသားပညာရေးကောင်စီက ကြီးမှူးကျင်းပတဲ့ ဘီအေစာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ ဆရာကြီးဟာ ၁၉၂၃ ခုနှစ်ကစပြီး မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်းကြီးမှာ ကျောင်းဆရာကြီးအဖြစ်၊ ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆရာကြီးအနေနဲ့ ၁၉၂၁ ကနေ ၁၉၄၆ ခုနှစ်အထိ ၂၅ နှစ်လုံးလုံး သူ့ဘဝကို အမျိုးသား ပညာရေးအတွက် မြှုပ်နှံထားသူဖြစ်ပါတယ်။ အင်္ဂလိပ် ကိုလိုနီလက်အောက်ကနေ လွတ်မြောက်ဖို့ အင်္ဂလိပ်စာတတ်ဖို့ လိုအပ်တယ်လို့ ဆရာကြီးက ယူဆပါတယ်။ သူ့ရဲ့လက်စွဲစကားကတော့ “သူ့ကျွန်မခံချင်ရင် သူ့စာပေနဲ့ သူ့စကားကို ထုံးလိုချေ ရေလိုနှောက်ပြီး တဖက်ကမ်းခတ်အောင် တတ်ကျွမ်းရမယ်။ သူ့အရိုးနဲ့ သူ့ပြန်ထိုးရမယ်” ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ ဆရာကြီးက ပညာရေးဘက်မှာ ဇောက်ချလုပ်ကိုင်ပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်တဲ့အချိန်တိုင်း လိုအပ်တဲ့ဘက်ကနေ ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ဥပမာအားဖြင့် ကျောင်းသားသပိတ်တွေ ပေါ်ပေါက်တဲ့အခါတိုင်း သူ့ရဲ့အမျိုးသားကျောင်းကြီးကို သပိတ်စခန်းအဖြစ် အသုံးပြုစေပြီး ကျောင်းသားတွေ သပိတ်မှောက်တဲ့အထဲ မပါရင် ကြိမ်လုံးကိုင်ပြီး သပိတ်ထဲ ဝင်စေတယ်လို့သိရပါတယ်။ ၁၉၄၂ ခုနှစ်လောက်မှာပေါ်ပေါက်ခဲ့တဲ့ မြေအောက်တော်လှန်ရေးခေတ်မှာလည်း သူ့ရဲ့ကျောင်းကို မြေအောက်တော်လှန်ရေး အထက်မြန်မာပြည် ဌာနချုပ်အဖြစ် အသုံးပြုဖို့ ခွင့်ပေးခဲ့ပါတယ်။

ဆရာကြီး ဦးရာဇတ်နဲ့ပတ်သက်လို့ စာရေးဆရာကြီး လူထုဦးလှက အခုလို ရေးသားဖူးပါတယ်။
“ဆရာကြီး ဦးရာဇတ်ကို အမျိုးသားကျောင်းဆရာကြီးတစ်ဦးအဖြစ်နဲ့ တိုင်းပြည်က မြင်ကြပါတယ်။ ဟုတ်ပါတယ်။ အမျိုးသားကျောင်းဆရာကြီးတစ်ဦး ဖြစ်လာဖို့က မလွယ်ပါဘူး။ အမျိုးသားကျောင်းဆရာ ဖြစ်လာသူများဟာ ပထမဆုံး နယ်ချဲ့ကို ဆန့်ကျင်တယ်။ နယ်ချဲ့တို့က သူတို့ ကြာရှည်အုပ်စိုးနိုင်အောင် သင်ပေးမယ့် ပညာရေးစနစ်ကို ဆန့်ကျင်တယ်။ ကိုယ့်တိုင်းရင်းသားတွေနဲ့ ကိုယ့်နိုင်ငံကို ချစ်တယ်။ လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် စိတ်အားထက်သန်တယ်။ အဲဒီလို ပုဂ္ဂိုလ်တွေပါ။
၁၉၂ဝ ခုနှစ် ကျောင်းသားများရဲ့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကြောင့် ပြည်သူတရပ်လုံး ပိုပြီး နိုးကြားတက်ကြွလာတယ်လို့ ဆိုရပါမယ်။ ဆရာကြီး ဦးရာဇတ်ဟာ အဲဒီခေတ်က ကောလိပ်ကျောင်းသား သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်တယ်။ ဗဟို အမျိုးသားအထက်တန်းကျောင်းကို ထောင်ကာ ပညာသင်ကြားရေးအဆင့်အတန်း မနိမ့်အောင် လုံးပမ်းရတာ၊ မျိုးချစ်စိတ်ထက်သန်တဲ့ ကျောင်းသားတွေ မွေးထုတ်ဖို့ လုံ့လစိုက်တာတွေကလည်း အခုပြန်ကြည့်ရင် လွယ်မယ်လိုလိုရှိပေမယ့် တကယ်ကတော့ အဲဒီခေတ်မှာ မလွယ်ဘူး၊ နည်းနည်းမှ မလွယ်ဘူး”
ဒါက ဆရာကြီး လူထုဦးလှရဲ့ ရေးသားချက်ပါ။

ဆရာကြီးရဲ့ တခြားလေးစားစရာ အချက်ကတော့ ဘာသာရေးအစွဲအလမ်းကြောင့် ဘာကိုမှ မထိခိုက်စေတဲ့အချက်ဖြစ်ပါတယ်။ ဆရာကြီးက အစ္စလာမ်ဘာသာဝင် ဖခင်နဲ့ ဗုဒ္ဓွဘာသာဝင် မိခင်တို့က မွေးဖွားခဲ့သူ ဖြစ်ပြီး ကိုယ်တိုင်က အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမျိုးသားကျောင်းကြီးမှာ ကျောင်းတက်ချိန်တိုင်း ဗုဒ္ဓွဘာသာဝင်တွေ ဘုရားရှိခိုးစေပြီး၊ တခြားဘာသာဝင်လို့ လိမ်ပြောတဲ့ ကျောင်းသားတွေရှိလာလို့ နောက်ပိုင်းမှာ ကျောင်းသားအားလုံး ဘုရားရှိခိုးရမယ်လို့ အမိန့်ထုတ်ခဲ့ကြောင်း ဝမ်းအိုဝမ်း ကျော်ဝင်းမောင်ရဲ့ ‘မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်’ စာအုပ်မှာ ဖော်ပြထားပါတယ်။ မြန်မာမွတ်ဆလင် ဆိုတဲ့ အသုံးအနှုန်းဟာ ဆရာကြီး စတင်သုံးစွဲခဲ့တဲ့ စကားရပ် ဖြစ်ပါတယ်။

ဆရာကြီးရဲ့ အမျိုးသားကျောင်းက မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားတွေဟာ မြန်မာပြည်ရဲ့ နယ်ပယ်စုံမှာ ရှိခဲ့ပြီး စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာဟာလည်း ဆရာကြီး ဦးရာဇတ်ရဲ့ အမျိုးသားကျောင်းထွက်တစ်ဦး ဖြစ်ပါတယ်။ လူထုဒေါ်အမာရဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ’ စာအုပ်ဟာ ဆရာကြီးဦးရာဇတ်ရဲ့ တိုက်တွန်းမှုကနေ ပေါ်ထွက်လာတဲ့ စာအုပ်ဖြစ်ပါတယ်။

ဆရာကြီးနဲ့ပတ်သက်လို့ လူထုဒေါ်အမာက အခုလို ရေးဖူးပါတယ်။
“ကျွန်မတို့ မန္တလေးက မြန်မာဘုရင်တွေလက်ထက်ကတည်းက မြန်မာမွတ်ဆလင်တွေကို နေရာပေးခဲ့တဲ့ မြို့ဖြစ်လေတော့ ဗုဒ္ဓွဘာသာဝင် မြန်မာလူမျိုးနဲ့ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်တွေနဲ့ ထွေးရောယှက်တင် တခြားအရပ်မှာထက် ပိုပြီးရှိတဲ့မြို့။ ရောရောနှောနှော နေကြထိုင်ကြတဲ့မြို့ပါ။ အဲဒီလို ရှိရာမှာ ပေါင်းတော့ ပေါင်းတာပဲ၊ ဒါပေမယ့် ဘာသာရေးချင်းက မတူလေတော့ ယဉ်ကျေးမှုချင်းကလည်း ကွဲပြားတဲ့နေရာမှာ ကွဲပြားတာမို့ ခွဲခြားမှုတော့ ရှိနေပါတယ်။
အဲဒီလိုရှိရာမှာ ဆရာကြီးမစ္စတာရာဇတ်နဲ့ ဆက်ဆံရတာကတော့ မြန်မာတွေကလည်း သူ့ကို မြန်မာတစ်ယောက်လို၊ ညီရင်းအစ်ကိုလို ဆက်ဆံကြတာပါပဲ။ ဆရာကြီးကတော့ မြန်မာမွတ်စလင်ဟာ သူ့အဖို့ ခေါင်းနဲ့ပန်းပါ။ ကျွန်မတို့ မြန်မာတွေ လူမျိုးစုကြီးက ဆရာကြီးနဲ့ ပေါင်းသင်းဆက်ဆံရလို့ ဘာသာရေးအရ၊ လူမျိုးရေးအရ ကသိကအောက် ဖြစ်ရတာ ဘာတစ်ခုမှ မရှိစဖူးပါဘူး” တဲ့။ ။

ထိန်လင်း (၁ ၊ ၇၊ ၂ဝဝ၉)
၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၃ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts