>My Myit Kyi Na – Why Worry .. Be Happy

>

သိပ်လည်း ညည်းမနေနဲ့တော့

မိုင်မြစ်ကြီးနား

သြဂုတ် ၁၅၊ ၂၀၀၉

တနေကုန်စာဝေပြီး စာတိုက်ကို ပြန်လာတော့ ရုံထဲမှာ လူ လေး ငါးယောက်လောက် ၀ိုင်းပြီး အရေးတကြီးတခုခု ပြောနေကြတာ သတိထားမိလိုက်တယ်။ လုပ်ဖော်ကိုင်ဖက် တယောက်ဖြစ်တဲ့ young ကို တွေ့တော့ သူ့မျက်နှာက မကောင်းဘူး၊ ကျနော်က သူ့ကို နှုတ်ဆက်တော့ သူက လက်ထဲက စာရွက်ကိုပြရင်း “သောကြာနေ့ဆို ငါ့ရဲ့နောက်ဆုံးနေ့ပဲ” လို့ပြောတယ်။ အလုပ်ထုတ်တဲ့စာမှန်း ချက်ခြင်း သိလိုက်တယ်။ သူ့အတွက် စိတ်မကောင်းဖြစ်မိပြီး ချက်ခြင်းပဲ ကျနော်ရောပါသလား ဆိုပြီး နည်းနည်း စိတ်ပူသွားတယ်။

Supervisor က ကိစ္စပြီးရင် သူနဲ့ လာတွေ့ပါလို့ ပြောတယ်။ စာတွေရှင်းပြီး သူနဲ့ သွားတွေ့တော့ ဒီနေ့ စုစုပေါင်း ၁၁ ယောက်ကို အလုပ်ထုတ်စာ ပေးလိုက်တယ်တဲ့၊ ဒါပေမဲ့ ကျနော့်နာမည် မပါဘူးလို့ ပြောတော့ လောလောဆယ် စိတ်သက်သာ ရသွားပြန်တယ်။

အနှေးနဲ့အမြန် ဒီလိုရက် ရောက်လာမယ်ဆိုတာ လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက အားလုံး သိထားပြီးသားပါ။ အမေရိကန်စာတိုက်က ဒီနှစ်မှာလဲ အရှုံးပြနေတာကိုး။ ဒါနဲ့ အမေရိကားမှာ အလုပ်ထုတ်စာကို pink slip လို့ပြောတာကြားဖူးတယ်။ ဒါပေမဲ့ တွေ့လိုက်ရတဲ့စာက ပန်းရောင်တော့ မဟုတ်ဘူး၊ သာမန်ရုံးသုံး စာရွက်အဖြူပဲ။ ကျနော်က တခါမှ အထုတ်မခံရဘူးတော့ မသိဘူး။

ပြည်တွင်းပြည်ပမှာ တောက်တိုမယ်ရ အလုပ်ပေါင်း ၈ မျိုးလောက်တော့ လုပ်ဖူးတယ်၊ ကိုယ်တိုင်ဆုံးဖြတ်ပြီး အလုပ်ကနေ ထွက်လိုက်တာပဲရှိတယ်။ (ကြုံတုန်း ရှိတာလေး ကြွားလိုက်ရတာ :-))

စာတိုက်မှာ ကျနော်တို့ လူသစ်အုပ်စုက ၂၀ ယောက်လောက် ရှိတယ်။ အခု ၁၁ ယောက် ပြုတ်သွားပြီ ဆိုတော့ နောက်တသုတ်ဆို ကျနော်တို့အလှည့်ပဲ။ နောက် ၃၊ ၄ ပတ်လောက်ဆို ထပ်ဖြုတ်အုံးမယ် လို့လည်း ကြားတယ်။

သောကြာနေ့က ဟို ၁၁ ယောက်ရဲ့နောက်ဆုံးနေ့ပေါ့။ အဲဒီနေ့ အလုပ်ပြီးတော့ သူတို့ကိုနှုတ်ဆက် ၀ိုင်းပြီးအားပေးစကားပြောတာပေါ့။ ကျနော်သိတဲ့ထဲက Young က မနှစ်ကမှ အိမ် ကောင်းကောင်းတလုံးဝယ်ထားတယ်၊ မကြာခင်ကပဲ ကားအသစ်တစီး ထပ်ဝယ်တယ်။ အဖြူကောင် Chris ကလည်း မနှစ်က အိမ်ကြီးကြီးတလုံး ၀ယ်ထားတယ်၊ နောက်ပြီး ၁နှစ်ခွဲ သမီးဦးလေး တယောက်ရှိတယ်။ ရင်ဆိုင်ရမဲ့ အခက်အခဲတွေကို တနည်းမဟုတ်တနည်းနဲ့ သူတို့ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

အမေရိကားမှာ အခုတလော အမြဲကြားနေရတာက အလုပ်မကောင်းဘူး၊ ဘယ်သူက ပြုတ်သွားပြန်ပြီ၊ ဘယ်ကုမ္ပဏီက လူ ဘယ်နှစ်ယောက် ထပ်ဖြုတ်မယ်၊ အစိုးရ၀န်ထမ်းတွေလည်း ပြုတ်ကြတယ်၊ အလုပ်ချိန်လျှော့ခံရတယ်၊ Benefits လည်း မကောင်းတော့ဘူး၊ နေရာရွေ့ဌာနပြောင်းခံရတယ်၊ အလုပ်ရှာရ ခက်တယ် . . . စသဖြင့် ညည်းတွားသံတွေ စိတ်ပျက်သံတွေ ထပ်ခါထပ်ခါ ကြားနေရတယ်။

ဘော်ဒါတို့ရေ၊ ဘာမှ စိတ်ပျက်မနေနဲ့၊ စိတ်ဓာတ်တွေ ကျမနေနဲ့၊ လာမဲ့ဘေး ပြေးတွေ့ … ရင်ဆိုင်လိုက်ရုံပဲ။

လက်တွေ့ကို ရင်ဆိုင်လက်ခံလိုက်ပါ။ ခေါင်းအေးအေး ထားပြီး ဘာ ဆက်လုပ်မယ်ဆိုတာ စဉ်းစားပါ။ ဘာမှ မတတ်နိုင်တော့ဘူး ပြောမယ့်အစား အခြား ဘာများ လုပ်နိုင်သေးသလဲ ဆိုတာ စဉ်းစားပါ။

ကိုယ်ရဲ့ ပတ်ဝန်းကျင်၊ အခြေအနေကိုလည်း အပြစ် ပုံမနေပါနဲ့။ (ကီးမကိုက်တဲ့ လုပ်ဖော်ကိုင်ဖက်ကြောင့်၊ အပေါက်ဆိုးတဲ့ သူဌေးကြောင့်၊ စီးပွားရေးကြောင့်၊ နိုင်ငံရေးအခြေအနေကြောင့်၊ ရာသီဥတုကြောင့်၊ ကျောင်းသာပြီးခဲ့ရင်၊ ငွေများများသာရှိခဲ့ရင်၊ အိမ်ထောင်သာ မပြုခဲ့ရင်၊ ကလေးသာ မရှိခဲ့ရင်၊ နောက်ဆုံး မွေးနေ့မွေးနံကြောင့်၊ ဒီဟာကြောင့် ဟိုဟာကြောင့် …) အဲဒီလိုအမြင်ရှိရင် ပတ်ဝန်းကျင်နဲ့ အခြေအနေက ကိုယ့်အပေါ် လွှမ်းမိုးထိန်းချုပ်သွားလိမ့်မယ်။

လက်ရှိ အခြေအနေအပေါ်မှာ အကောင်းဆုံးဘာတွေလုပ်နိုင်မယ်ဆိုတဲ့ ကိုယ်တိုင်ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်ရှိတယ် ဆိုတဲ့ အတွေးအမြင်ဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိရမယ်။

ဘော်ဒါတွေ နိုင်ငံရပ်ခြားမှာ ဘာအလုပ်ပဲ လုပ်လုပ် ရိုးသားစွာ ကြိုးစားလုပ်ကိုင်ပြီး (ကြားပေါက်မရှိ၊ လာဘ်ပေးလာဘ်ယူမရှိ၊ ခွင်ရိုက်တာမရှိ) ရပ်တည်နေနိုင်တာကိုက မဆိုးတော့ဘူးလို့ ပြောရမယ်။ ဘော်ဒါတွေ ဂုဏ်ယူလိုက်စမ်းပါ။ အလုပ်မှာ ခက်ခဲ ပင်ပန်းတာ ထည့် စဉ်းစားစရာ လား။ မြန်မာပြည်က လာတဲ့လူပဲ ဒီလောက်ကတော့ ဘာဟုတ်သေးလို့လဲ။ “နာကျင်ခက်ခဲတာက ယာယီခဏပါ၊ လက်လျှော့လိုက်တာက တသက်လုံးပါ” တဲ့။

စီးပွားရေး မကောင်းလို့ အလုပ်ဖြုတ်လိုက်တယ် တဲ့လား။ ဘာမှမပူနဲ့၊ အမေရိကန်အစိုးရက အလုပ်သမားထောက်ပံ့ကြေး တလကို ဒေါ်လာ ၁ ထောင်ကနေ ၂ ထောင်(ကျော်) ပတ်ဝန်းကျင် ပေးထားသေးတယ်။ အနည်းဆုံး ခြောက်လပေးတယ်၊ တနှစ်အထိရနိုင်တယ်။ ပြီးရင် Cash နဲ့ရတဲ့ အချိန်ပိုင်း အလုပ် လုပ်ချင်ရင်လဲ ရသေးတယ်။

အလုပ်က မရွေးရင် ရှိပါတယ်ဗျာ။ အရောင်းအ၀ယ် လုပ်ချင်သလား … ဖြစ်နိုင်တာပေါ့။ ကျောင်းပြန်သွားတက်ချင်သလား ပိုကောင်းတယ်။ အိမ်ဝယ်ပြီး အိမ်အကြွေးမဆပ်နိုင်ရင်လဲ လွယ်လွယ်လေး ဘဏ်ကို ပြန်အပ်လိုက်ရုံပေါ့။ ( ကိုယ်တွေ့ဗျို့၊ ကိုယ်တွေ့ … အဟိ)
အမေရိကား ဘာ ကောင်းသလဲ မမေးနဲ့။ ဒီလိုနိုင်ငံ အခြားမှာ ရှိသေးလား။

ဘော်ဒါတို့ နောက်ဆို သိပ်လည်း ညည်း မနေနဲ့တော့။ အဲ … ညည်းချင်ရင် ခင်မောင်တိုးရဲ့ ‘ကြိုးကြာသံ’ သီချင်းလေးနဲ့ဆိုရင် ပိုကောင်းမယ်ထင်တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts