Uncategorized

လင်းနွေးအိမ် – မိုင်တိုင်နှစ်ဆယ့်ငါး သတ္တုသစ်ကျူးရင့်သံ

မိုင်တိုင်နှစ်ဆယ့်ငါး သတ္တုသစ်ကျူးရင့်သံ
လင်းနွေးအိမ်
အောက်တိုဘာ ၁၉၊ ၂၀၁၃


နောက်ဆုံးမိုးတိမ်လောင်ကျွမ်းမယ့်
သီတင်းကျွတ်မီးရှူးမီးပမ်းကြား
ကံကောင်းခြင်းမေ့မေ့သား
မိုင်တိုင်နှစ်ဆယ့်ငါးရောက်ခဲ့။
ရွေ့လျားအရပ်တလျှောက်
ကောက်ကွေ့နိမ့်မြင့်ဘဝတောင်တက်လမ်းတွေက
မုဆိုးစိုင်လက်ထပ်သင်
သတ္တုသစ်မေ့မေ့သားရှင်သန်။
အရွယ်ရောက်ကတည်းက
လွတ်လပ်မှုခုန်မင်
ရင်ခုန်သံပင်မစီးကြောင်းထဲထိုးဆင်းလိုက်တဲ့အခါ
ပင်ပမ်းမှုကာရန်သစ်
ရွှေဖြစ်နေတာတွေ့။
မိုးခါးရေအလုအယက်
ဈေးကွက်တင်နေတဲ့ခေတ်မှာကျနော်က
ချဉ်းတူးတူးသောကတွေမေမေ့ကိုပေးမိ။
ခွင့်လွှတ်ပါမေမေ
ခရေပန်းနဲ့စာအုပ်တန်းမှာဝမ်းစာရှာဖူးခဲ့သလို
လက်ခုပ်သံ၊ ပန်းကုံးနဲ့ ဆုတံဆိပ်တွေဗီရိုထဲသိပ်ခဲ့ဖူးပြီ
မတွဲဝံ့ဝံ့အချစ်ဦးနဲ့လဲ လွဲခဲ့ရဖူးပြီ
လငပုပ်ဖမ်းညမှာ တစ္ဆေရိုက်ခံရဖူးခဲ့ပြီ
မေမေ့မျှော်လင့်ချက်အိပ်မက်တွေ
ဘဝအပေါင်ဆိုင်မှာချွေးသိပ်ထားရစ်ဖူးခဲ့ပြီ။
စိတ်မလျှော့ပါနဲ့မေမေ
အဖေ့ကျောင်းထွက်သားဟာ
ဇာတာမညံ့ပါဘူးလေ
ကမ္ဘာကြီးရဲ့လေးပုံသုံးပုံဟာရေဆိုရင်
ကျနော့်ဘဝမှာကျန်သေးတဲ့လေးပုံသုံးပုံဟာ
သမုဒ္ဒရာ။    ။
၁၉၉၅ သီတင်းကျွတ်လ အင်းစိန် သီးသန့်ထောင်

(လွန်ခဲ့တဲ့ ၁၈ နှစ် သီတင်းကျွတ်ကာလမှာ ရေးခဲ့ဘူးတဲ့ကဗျာ။ စိမ်းသစ်အတိတ် တရိပ်ရိပ်ပြေး ဆိုတဲ့ ဆရာကြီးဒဂုန်တာရာရဲ့ ခေါင်းစဉ်တ ခုလို အရာရာဟာ မနေ့တုန်းကဖြစ်ခဲ့သလိုမို့ ဒီနေရာကနေ အလွမ်းပြေတင်လိုက်တာပါ။ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts