>Famous Burmese Novel Writer Maung Thar Ya to write again

>

စာရေးဆရာ မောင်သာရ ၀တ္ထုပြန်ရေးမည်

မိုးမခ

သြဂုတ် ၆၊ ၂၀၀၉

၁၉၉၉ ဇူလိုင်လတွင် မြန်မာပြည်က ထွက်ခွာလာခဲ့ပြီး အမေရိကန်ပြည်၊ နီဗားဒါး၊ လပ်စ်ဗေးဂတ်စ်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် မြန်မာပြည်၏ နံမည်ကြီး စာရေးဆရာကြီးတဦးဖြစ်သူ မောင်သာရ (၇၈ နှစ်)သည် ၂၀၀၉ မတ်လက နှလုံးခွဲစိတ်ကုသမှု ခံယူထားခဲ့ရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။

ဆရာမောင်သာရသည် အခါအားလျော်စွာ အမေရိကန်ရှိ မြန်မာပိုင်းရေဒီယိုအစီအစဉ်များတွင် အသံလွှင့်ဆောင်းပါးများ ရေးသားလေ့ရှိသော်လည်း ၎င်း၏ အထင်ရှားဆုံး၊ ပရိသတ်များ အစွဲလန်းဆုံးဖြစ်သည့် ၀တ္ထုဇာတ်လမ်းများ ရေးသားခြင်းကို ပြတ်တောက်နေသဖြင့် ယခုတဖန် ပြန်လည်ရေးသားရန် မိုးမခက မေတ္တာရပ်ခံခဲ့ရာ ရံဖန်ရံခါရေးဖြစ်သော ၀တ္ထုများကို ပရိသတ်နှင့် မျှဝေပေးမည်ဟု အဖြေပေးခဲ့သည်။

ဆရာမောင်သာရက ၎င်းစာမူများကို ၎င်း၏ စာလုံးပေါင်းသတ်ပုံအတိုင်း၊ စာ အဖြတ်အတောက်အတိုင်း ရိုက်နှိပ်ဖော်ပြပေးရန် မှာထားသဖြင့် ဆရာစာမူများကို ဆရာ၏ စာလုံးပေါင်းနှင့် အဖြတ်အတောက်များအတိုင်း တင်ဆက်ပေးမည် ဖြစ်သည်။

ဆရာမောင်သာရ၏ ကိုယ်ရေးအကျဉ်းကို အောက်ပါအတိုင်း ပြန်လည် မိတ်ဆက်ပေးလိုက်ပါသည်။

မောင်သာရ (၁၉၃၁ – )

အမည်ရင်း – သိန်းလွင်။ ၁၉၃၁ ခုနှစ်မွေး။ မန္တလေး ဇာတိ။ မမွေးခင် ကိုယ်ဝန်ဆောင်ထားခိုက်မှာ မိဘအိမ်ထောင်ပျက်။ မွေးချင်းမရှိ။ အမေ ကျောင်းဆရာမ၊ အဒေါ်ကျောင်းအုပ် ဆရာမနဲ့  အဖွားအေး။ အမေသုံးယောက်နဲ့ ဗိုင်းကောင်းကျောက်ဖိ ကြီးပြင်းခဲ့ ။

၁၆ နှစ် မပြည့်ခင် တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲကို တနိုင်ငံလုံးမှာ သင်္ချာပထမ ရပြီး အောင်ခဲ့ ။ ဒါပေမယ့်  အသက်မပြည့်သေးတဲ့  အတွက် တက္ကသိုလ် ၀င်ခွင့် မရ။ ဂုဏ်ထူးဆောင် ပညာတော်သင်စရိတ်နဲ့  မန္တလေးတက္ကသိုလ်မှာ စတက်ခဲ့ ။

ထိုစဉ် ပြည်တွင်းစစ်ဖြစ်။ မန္တလေးကို သူပုန်သိမ်း။ ကျောင်းတွေအားလုံးပိတ်။ ၁၉၅၁ခုနှစ်၊ ရန်ကုန် ရွှေတိဂုံ အလယ်ပစ္စယံ အနောက်တောင်ထောင့် ဇရပ် တဆောင်တွင် ပြည်လုံးကျွတ်ကျောင်းသား ညီလာခံကြီးက စတင်မွေးဖွား ဖွဲ့ စည်းလိုက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် (ဗကသ များအဖွဲ့ ချုပ် ABFSU) မှာ ဗဟိုအလုပ် အမှုဆောင်၊ ပြန်ကြားရေးနှင့် ၀ါဒဖြန့် ချီရေး ဗျုရိုအတွင်းရေးမှုး အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရ။ ၁၉၅၂-၅၃ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ တိုးတက်သော ကျောင်းသားအင်အားစု၊ ဗဟိုကလပ်စည်း အဖွဲ့ ဝင်။ ၁၉၅၃ခုနှစ်၊ မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦး ခေါင်းဆောင် ဘ၀ဖြင့် တိုက်ပွဲဝင်စဉ် ဖဆပလ အစိုးရက ပုဒ်မ၅နဲ့  ဖမ်းဆီးပြီး ၁၉၅၃မှ ၁၉၅၅အထိ ထောင်သွင်း

အကျဉ်းချထားခဲ့။ ထိုစဉ် တက္ကသိုလ်များကလဲ ရာသက်ပန် ကျောင်းထုတ်ပစ်ခံခဲ့ရ။

၁၉၅၅ခုနှစ်၊ ထောင်မှ လွတ်လာပြီးနောက်ပိုင်း ရှုမ၀မဂ္ဂဇင်းမှာ (ညှာရွှေတခက် ကြွေရက်စော) ၀တ္ထုရှည်ဖြင့် စာပေနယ်ထဲ စတင် ၀င်ရောက်ခဲ့ ။ ၁၉၅၈ခုနှစ်၊ စတပ်က အာဏာသိမ်းပြီး နိုင်ငံရေးသမားတွေနဲ့  အတူ စာရေးဆရာ တွေဖြစ်ကြတဲ့ ဗန်းမော်တင်အောင်တို့ ၊ သခင်မြသန်းတို့ ၊ မြသန်းတင့်တို့ ကိုပါ ဖမ်းဆီးပြီး ကိုကိုးကျွန်း (တကျွန်းအကျဉ်းထောင်) ပို့ တဲ့အခါ အထက်အဖွဲ့ အစည်း ရဲ့ ညွှန်ကြားချက်အရ တိမ်းရှောင် ပုန်းအောင်းနေခဲ့ ။ သည့်နောက် အကြောင်း ကြောင်းကြောင့် နိုင်ငံရေးကို စိတ်ကုန် စွန့် လွှတ်ပြီး စာပေနယ်ထဲမှာပဲ ကျင်လည်နေခဲ့ ။

၁၉၇၀ခုနှစ်မှာ (မတ်တတ်ရပ်လို့ လမ်းမှာငို) ၀တ္ထုဖြင့်အမျိုးသားစာပေဆုရခဲ့ ။ ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးအထိ ကိုယ်ပိုင် လစဉ်ထုတ် ‘သာရ‘ မဂ္ဂဇင်း အပါအ၀င် စာရေးသမျှနှင့် ရေးခွင့်အားလုံး အပိတ်ခံရချိန်အထိ လုံးချင်း စာအုပ်ပေါင်း၆၀နဲ့  ၀တ္ထုတိုပေါင်း ၃၀၀ကျော် ရေးသားခဲ့ ။ တချို့ ကို နိုင်ငံရပ်ခြားမှ ဘာသာပြန်ဆို ထုတ်ဝေခဲ့ ။ တချို့ ကို ပြည်တွင်း၌ ရုပ်ရှင်ရိုက်ခဲ့ ။ ၁၉၉၉ ဇူလိုင်မှာ တိုင်းပြည်က ထွက်ခွာခဲ့။ ယခုအခါ (လွတ်လပ်တဲ့ အာရှအသံ) R F A မှ အပတ်စဉ် ပုံမှန် အနုပညာ စာပေ ဆောင်းပါးများ အသံလွှင့်နေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts