>Ashin Nanika – Sharing the Burden among young & old

>

လက်ဆင့်ကမ်းပါ မပမ်းရအောင်

အရှင်ဉာဏိက

ဇူလိုင် ၂၁၊ ၂၀၀၉

အင်္ဂလန်မှာ ဇွန်လ ၂ ရက် ၂ဝဝ၉ ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ နေထိုင်ခဲ့တယ်။ ဒီနေ့ အမေရိကကို ပြန်မည့်နေ့။

အင်္ဂလန်က မပြန်မီမှာ ဝင်ဘလေအရပ်မှာရှိတဲ့ လန်ဒန်ဝိဟာရရဲ့ သုံးလတကြိမ် ထုတ်ဝေနေတဲ့ စာစောင်မှာ စာ တပုဒ်လောက်ရေးပါဦးလို့ မုဒုံဆရာတော်က မိန့်ကြားပါတယ်။ ဒါဟာဖြင့် စိတ်ပါလက်ပါရှိလာရင် ရေးဖို့လက်မနှေး တဲ့ စာရေးသူအဖို့ အခွင့်အလမ်းတခုလို့ ဆိုရမှာပါ။ လန်ဒန်ကိုရောက်ခိုက် ထူးထူးခြားခြား သတိထားမိတဲ့ အချက် တခု ရှိပါတယ်။ ဒီအကြောင်းပြန်ပြောဖို့ စိတ်ကူးရှိနေတာ။ ခုလို ကျောင်းစာစောင်အတွက် ရေးပါဦးလို့ မိန့် လာတော့ ဒီအကြောင်းရေးဖို့ အတော်ပဲဖြစ်သွားတယ်။ အနာဂါတ် ပြည်ပသာသနာအတွက် ကောင်းမွန်တဲ့ မျှော် လင့်ချက်နဲ့ ကြည်နူးစိတ်အခြေခံ ပြီးရေးတာမို့လည်း မင်္ဂလာရှိတဲ့စာတပုဒ်လို့ ဆိုနိုင်မှာပါ။

အင်္ဂလန်မှာ တလတိတိ နေခဲ့တယ်။ လန်ဒန်ဝိဟာရမှာ သုံးပတ်လောက်နဲ့ တိသရဏဝိဟာရနဲ့ မန်ချက်စတာမှာ တပတ်ခန့် ။ တလလုံးနီးပါး မနားတမ်း သွားနေခဲ့ပေမယ့် အာရုံနဲ့နေ့ဆွမ်းကိုတော့ တည်းခိုနေထိုင်ခဲ့ရာ ကျောင်း များမှာပဲ ဘုန်းပေးခဲ့တာ များပါတယ်။ ဒါကြောင့် ကျောင်းကို လာရောက်ဆွမ်းဆက်ကပ်ကြတဲ့ ဆွမ်းအလှူရှင်များနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ ထူးထူးခြားခြား နေ့စဉ်လာရောက်ဆွမ်းကပ်ကြတဲ့သူတွေက လူငယ်တွေ များပါတယ်။ မေးကြည့် လိုက်လျင်လည်း အများစုသောလူငယ်တွေက တဖက်ကအလုပ်လုပ်ရင်း တဖက်မှာလည်း အချိန်ပိုင်းကျောင်း တက်နေကြသူများပါတယ်။ နေထိုင်နေကြတာကလည်း ကျောင်းသားဗီဇာနဲ့သူတွေက အများစုပါ။

စာရေးသူနေထိုင်ရာ အမေရိကမှာတော့ လူငယ်တွေက စည်းရုံးဦးဆောင်ပြီး ဓမ္မသင်တန်းတွေ ကျင်းပတာမျိုး၊ ဝါဆို ကထိန်လိုနေ့တွေမှာ စုပေါင်းပြီး ဝေယျာဝစ္စဒါနပြုကြတာမျိုးကို ခုနောက်ပိုင်းနှစ်များမှာ ပိုမိုလို့တွေ့လာရပါပြီ။ သို့ပေမယ့် ခုအင်္ဂလန်မှာလို ကျောင်းသားလူငယ်တွေစုပေါင်းပြီး စနေတနင်္ဂနွေ မဟုတ်တဲ့ ကြားရက်မျိုးမှာကိုပဲ မပြတ် လာရောက်ကာ စုပေါင်းချက်ပြုတ် ဆွမ်းဆက်ကပ်ကြတာမျိုးကိုတော့ သိပ်ပြီး မတွေ့ခဲ့ရသေးပါဘူး။ လုပ်ငန်းအခြေ အနေနဲ့ နေထိုင်ကြရတဲ့ ပုံစံကွားခြားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမေရိကမှာက အများစုက မိသားစုနဲ့ နေ ထိုင်ကြတာမို့ လူငယ်တွေအနေနဲ့ ကိုယ်တိုင် ချက်ပြုတ်တဲ့အလုပ်ကို သိပ်မလုပ်ဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ နောက်ပြီး တအိမ်ထဲမှာ မြန်မာပြည်ကလာတဲ့ကျောင်းသားတွေ စုပေါင်းနေထိုင်ကြတာမျိုးလည်း ယူကေမှာ လို မများတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယူကေမှာတော့ လူငယ်အများစုက ကိုယ့်နီးစပ်ရာစုပေါင်းပြီး နေကြတာ များပါတယ်။ အများစုကလည်း အလုပ်အကိုင် အခွင့်အလမ်းပိုသာတဲ့ လန်ဒန်မှာပဲ စုနေတာများပါတယ်။

ပြည်ပနိုင်ငံများမှာ နိုင်ငံခြားသား ကျောင်းသားတဦးအနေနဲ့ ကျောင်းတက်ရတာ ကုန်ကျစရိတ် အလွန်များတယ် ဆိုတာ ကိုယ်တိုင်ကျောင်းတက်နေသူမို့ ကောင်းကောင်းသိပါတယ်။ မြန်မာနိုင်ငံလို ဝင်ငွေနည်းပါးတဲ့နိုင်ငံများက ကျောင်းသားတွေအနေနဲ့ ဒီလိုဒဏ်ကို ပိုခံရမယ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ ပြောရလျင် အမေရိကလို အင်္ဂလန်လို နိုင်ငံကြီးတွေကို လာရောက်ကျောင်းတက်ကြတဲ့သူတွေဆိုတာ ကိုယ့်နိုင်ငံမှာ အတန်အသင့် ဝင်ငွေ ကောင်းသူတွေနဲ့ အသိုင်းအဝိုင်းကြီးမားတဲ့နေရာက လာသူသာ ဖြစ်ဖို့များပါတယ်။

ဘယ်လောက်ပဲ ဝင်ငွေကောင်း ၊ အသိုင်းအဝိုင်းကောင်းတဲ့နေရာမျိုးက လာကြသူတွေပင်ဖြစ်ပါစေ။ နိုင်ငံကြီးတွေရှိ တက္ကသိုလ်တွေမှာ ကျောင်းစရိတ် က ကိုယ့်နိုင်ငံက ဝင်ငွေနဲ့နှိုင်းစာတော့ အဆမတန် ကြီးမားပါတယ်။ တနှစ်ကို ဒေါ်လာသောင်းနဲ့ချီ ကုန်ကျတာပါ။ ဒီကုန်ကျငွေကို နောက်က အတော်အတန်ပြည့်စုံတဲ့ မိဘတွေအနေနဲ့ တာရှည်ထောက်ပံ့ဖို့ လွယ်မယ် မဟုတ်ပါဘူး။ အလွန်ဝင်ငွေကောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေကြသူ အနည်းငယ်လောက်နဲ့ အခြားဝင်ငွေရလမ်းရှိသူတို့သာ တာ ရှည်ထောက်ပံ့နိုင်ပါလိမ့်မယ်။

ဒါကြောင့် ရောက်စတနှစ်လောက်သာ နောက်ကမိဘက အပြည့်အဝပံ့ပိုးနိုင်ပြီး ကျန် နှစ်များအတွက် အများစုကျောင်းသားတွေက တတ်နိုင်သမျှ ဝင်ငွေရမယ့်အလုပ်မျိုးတွေကို ဝင်ရောက်လုပ်ကိုင်ကြရ သူက များပါတယ်။ တရားဝင် အလုပ်လုပ်ခွင့်ပါမစ်နဲ့ အခြားသောကန့်သတ်ချက်တွေကြောင့် အလုပ်ကလည်း အချိန်ပြည့်လုပ်ဖို့ ခက်ခဲသလို ဝင်ငွေကောင်းတဲ့အလုပ်ရရှိဖို့ကလည်း ဖြစ်နိုင်ခြေ နည်းပါးလွန်းပါတယ်။

နောက်ပြီး ကျောင်းတဖက် အလုပ်တဖက်နဲ့ဆိုတော့ အများစုက အခြေခံအလုပ်တွေမှာပဲ လုပ်ကြရပါတယ်။ ခုခေတ် ခုခါလို အလုပ်အကိုင်ရှားပါးချိန်မှာ အလုပ်ရွေးချယ်စရာ အခွင့်အလမ်းနည်းတာကြောင့် ရရာအလုပ် လုပ်ကြရတာ မို့ အလုပ်ချိန်ကလည်း ပုံမှန်မဟုတ်ကြပါဘူး။ ညပိုင်းအလုပ်များမှာ လုပ်လိုလုပ်ကြရ။ အများတကာတွေ မလုပ်လိုကြ တဲ့ စနေ၊တနင်္ဂနွေလိုနေ့မျိုးမှာ လုပ်လိုလုပ်ရ။ သိပ်ပြီးတော့တော့ မသက်သာလှပါဘူး။

ခုလို အလုပ်တဖက် ကျောင်း တဖက်၊ အလုပ်ချိန်လည်း ပုံမှန်မဟုတ်တဲ့ကြားကနေပဲ လူငယ်တွေစုပေါင်းပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ အာရုံနဲ့ နေ့ဆွမ်းကို မပြတ်တမ်း လာကပ်နေနိုင်ကြတဲ့ သူတို့တွေရဲ့ ဝီရိယနဲ့ သဒ္ဓြွါအားကို လေးစားမိသလို တဖက်မှာတော့ သနားစိတ်လည်း ဖြစ်မိပါတယ်။ (သနားစိတ်ဖြစ်မိပါတယ်ဆိုလို့ ကိုယ့်အားကိုယ်ကိုး ကြိုးစားနေကြတဲ့ ကိုယ့်ညီငယ် နှမငယ်တွေက သူတို့ကြိုးစားအားထုတ်မှုကို လျော့တွက်သလိုဖြစ်လို့ ကျေမှကျေနပ် ကြပါ့လားတော့ မသိပါဘူး။ တကယ်တော့လည်း သနားခံရမှုဆိုတာ တခုခုအားနည်းမှုကို ရည်ညွှန်းခြင်းဖြစ်လို့ ကိုယ့်အားကိုယ်ကိုး ကြိုးစားနေ သူတွေအတွက် အတိအကျဆီလျော်တဲ့ စကားတော့လည်း ဟုတ်မယ် မထင်ပါဘူး။)

အများစုက ရရာအလုပ်ဝင်လုပ်၊ တဖက်မှာလည်း ကျောင်းတက်၊ ကိုယ့်ထမင်းကိုယ်ချက်၊ ကိုယ့်အဝတ်ကိုယ်လျော်၊ ကိုယ့်တာဝန် ကိုယ်ယူ။ ရောက်ရာဘဝ ကျရာအနေအထားနဲ့ ပျော်ရွှင်နိုင်အောင် ကြိုးစားရုန်းကန်လှုပ်ရှားနေကြရတာပါ။

ကိုယ့်နိုင်ငံက ကိုယ့်အမိရင်ခွင်မှာဆိုလျင်တော့ ခုလိုကျောင်းသားအရွယ် လူငယ်တွေအနေနဲ့ ကိုယ့်ထမင်း ကိုယ်ချက်၊ ကိုယ့်အဝတ်ကိုယ်လျော်၊ ကိုယ့်ဝင်ငွေကိုယ်ရှာပြီး ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ တည်ဆောက်သူက အလွန်များလှမယ် မဟုတ်ပါဘူး။ သို့ပေမယ့် ခုလို အနောက်နိုင်ငံများကိုရောက်လာတော့ ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ့်လမ်း ကိုယ်တိုင်လျှောက်လှန်းတဲ့ အလေ့အကျင့်တွေကို ပျိုးထောင်ကြရတာပါ။ ဒီလိုကိုယ့်အား ကိုယ်ကိုးစိတ် ရရှိလာကြတာဟာဖြင့် အလွန်ဝမ်းသာကောင်းတဲ့ အချက်ပါပဲ။ ဒီစိတ်လေးကိုအခြေခံပြီး ကိုယ့်နိုင်ငံကိုယ့်လူမျိုး၊ ကိုယ့် ဘာသာသာသနာအတွက် ကိုယ့်လုပ်အားတွေကို အသုံးချခွင့်ရနိုင်ကြမယ်၊ အပြည့်အဝလည်း အသုံးချကြမယ်ဆို လျင်ဖြင့် အနာဂတ်မြန်မာ့လူမှုပန်ဝန်းကျင်ဟာ ပိုမိုပြီးလှပလာမှာ မလွဲပါဘူး။

လူငယ်တွေအခုလို ကျောင်းကန်ဘုရားများမှာ အဝင်အထွက်များတာကို အခွင့်လမ်းကောင်းတခုအဖြစ်အသုံးပြုပြီး နောင်အနာဂတ် ဘာသာရေး သာသနာရေးနဲ့ လူမှုရေးလုပ်ငန်းများအတွက် သူတို့အားတွေကို အသုံးပြုသွားမယ်ဆို လျင် အလွန်ကျေးဇူးများလိမ့်မယ်လို့ တွေးမိပါတယ်။ ဒါကြောင့် ခုလိုကျောင်းမှာလာပြီး ဆွမ်းကပ်နေရုံမျှထက် သူတို့ တွေကိုယ်တိုင်ပါငဝ်ပြီး ကျောင်းကန်ဘုရားများမှာ လုပ်ဆောင်နေတဲ့လုပ်ငန်းများမှာ အကြံပြုနိုင်၊ အတိုင်းအတာ အထိ စီမံနိုင်တဲ့ နေရာပေးပြီး ပါငဝ်လုပ်ကိုင်လာနိုင်အောင် အားပေးကူညီဖို့ပါ။

ဒါကတော့ ကိုယ့်စိတ်ကူးဖြစ်သလို လူကြီးများအတွက် အကြံပြုချက်စကားလည်းဖြစ်နိုင်ပါတယ်။ အကြံပြုတာ သက် သက်ပါ။ ဆရာလုပ်တာ မဟုတ်ပါဘူး။ ကိုယ့်အတွေ့အရ လူကြီးဆိုတာ ဆရာလုပ်တယ်လို့ ယူဆရင် လက်ခံဖို့ အလွန်ခက်ခဲတတ်လို့ ဒီစကားကို အထူးပြုပြောရတာပါ။ တကယ့်ကိုမှ ရိုးသားစွာ အကြံပြုခြင်းပါ။ ထပ်ပြောပါတယ်။ ဆရာလုပ်ခြင်းမဟုတ်ပါ။

ဒို့များကတော့ ကြီးပြီ။ သိပ်လုပ်ဖို့ အားမရှိတော့ဘူး။ အနာဂတ်နိုင်ငံ၊ အနာဂတ်သာသနာက မင်းတို့လူငယ်တွေ လက်ထဲမှာပဲ ရှိတယ်ရယ်လို့ လူကြီးသူမတွေဆီက သံဝေဂသံလိုလို၊ အားလျော့သံလိုလို စကားမျိုးကို မကြာခဏ ကြားမိတတ်ပါတယ်။

သို့ပေမယ့် အဲဒီလိုသံဝေဂသံလိုလို ပြောတတ်တဲ့လူကြီးသူမတွေဆီကနေ နောင်လာမယ့် လူ ငယ်တွေအတွက် သူတို့လျှောက်ခဲ့တဲ့လမ်းမှာ တွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို စနစ်တကျလက်ဆင့်ကမ်းပေးဖို့၊ လက် တွဲခေါ်ယူဖို့ရာမှာတော့ အားနည်းတတ်ကြပါတယ်။ ဒီနေရာမှာ လူကြီးတွေက လူငယ်တွေကို လုံးဝလက်တွဲ မခေါ် ဘူးလို့တော့ မပြောလိုပါဘူး။ လက်တွဲ ခေါ်တော့ခေါ်ပါတယ်။ သို့ပေမယ့် ကိုယ်လက်တွဲခေါ်တဲ့ လူငယ်တွေရဲ့ ယူဆ ထင်မြင်ချက်တွေ၊ လုပ်ဆောင်မှုတွေအပေါ်မှာတော့ လေးစားဖို့ အသိအမှတ်ပြုပေးဖို့မှာတော့ အားနည်းတတ်ပါ တယ်။

အထူးသဖြင့် အစဉ်အလာအရ လူကြီးသူမများကသာ ဦးဆောင်လေ့ရှိတတ်တဲ့ ဘာသာရေးလုပ်ငန်းကိစ္စ မျိုးမှာ လူငယ်တွေရဲ့အတွေ့အကြုံနဲ့ လုပ်ဆောင်မှုအပေါ် သိပ်ပြီး အလေးမထားတတ်ပါဘူး။ ဒီတော့လူငယ်တွေက လူကြီးများနဲ့ တာရှည်ပူးပေါင်းလုပ်ကိုင်လိုစိတ် နည်းသွားတတ်ပါတယ်။

ဒီအခါမျိုးမှာ လူငယ်တွေရဲ့အားကို မရနိုင် တော့တာကြောင့် အရာရာ လူကြီးတွေချည်းသာ လုပ်ကြရမယ်ဆိုလျင် လူကြီးတွေလည်းပင်ပမ်း၊ အလုပ်အကိုင် ပြီး မြောက်သင့်သလောက်လည်း မပြီးမြောက်နိုင်ဖြစ်တတ်ပါတယ်။ လူငယ်တွေအနေနဲ့လည်း နောင်လူကြီးတွေ မရှိကာ မှ ကိုယ့်အတွေ့အကြုံသစ်နဲ့ စတင်လုပ်ဆောင်ကြရမယ်ဆိုလျင် ပိုပြီးပင်ပမ်းသလို ခရီးရောက်မှုလည်း နည်းသွားနိုင် ပါတယ်။

လူငယ်တွေဆိုတာက ဘဝအတွေ့အကြုံ နည်းပါးပါတယ်။ အတွေ့ အကြုံနည်းပါးမှုကြောင့် မှားလျင်မှားမယ်။ သို့ပေ မယ့် ဒီအမှားဟာ စေတနာဆိုးတဲ့အမှားမျိုးလား။ ပြင်လို့မရနိုင်လောက်အောင်မှားတဲ့အမှားမျိုးလား ဆန်းစစ်ဝေဖန် ဖို့လိုပါတယ်။ စေတနာဆိုးနဲ့မှားတဲ့အမှားမျိုး မဟုတ်လျင် ကြင်နာစွာနဲ့ အမှားကိုထောက်ပြပြီး လက်တွဲခေါ်ပြုပြင် သွားမယ်ဆိုလျင် နောင်မှာဒီအမှားမျိုး မှားမယ်မဟုတ်တော့ပါဘူး။ နောက်ပြီးတချို့အမှားလို့ လူကြီးသူမတွေ မှတ်ယူ တာမျိုးက လူငယ်တွေအမြင်မှာ လုံးဝအမှားမဟုတ်ဘူးလို့ ခံယူတာမျိုးလည်း ရှိနိုင်ပါတယ်။ မျိုးဆက်ကွာခြားသွား ခြင်းကြောင့် အမြင်ကွာခြားမှုဖြစ်ခြင်းမျိုးပါ။ အဲဒီအရာမျိုးအတွက် လူကြီးတွေအနေနဲ့ ကိုယ့်ရှေးရိုးအစဉ်အလာ လက်ခံထားတဲ့ အယူအဆနဲ့ မကိုက်ညီရုံမျှနဲ့ လူငယ်တွေအမှားလို့ သတ်မှတ်လို့ ရနိုင်မယ်မဟုတ်ပါဘူး။

‘ရေဆိုတာ အစဉ်အမြဲ ပြောင်းလဲစီးဆင်းနေမှ။ စီးဆင်းမနေပဲ တနေရထဲမှာ ပိတ်အိုင်နေလျင် ကြာတော့ ဒီရေက ပုတ်သိုးသွားတတ်တယ်။ အဖွဲ့အစည်းတခုမှာလည်း အမြဲတမ်းရှင်သန်လှုပ်ရှားနေမှ။ ရှင်သန်လှုပ်ရှားမှု မရှိလျင် ဒီအဖွဲ့အစည်းက ပုတ်သိုးသွားနိုင်တယ်’-တဲ့။ မုဒုံဆရာတော်က မိန့်ကြားပါတယ်။

ဟောင်းနွမ်းနေတဲ့ အတွေးအခေါ် တွေကို လက်ကိုင်ပြုပြီး လှုပ်ရှားမှုကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်းများနဲ့ ပတ်သက်ပြီး စကားပြောဖြစ်ရာမှာ အမှတ်တရ ဆရာတော်က မိန့်သွားခဲ့တာ။ ဆရာတော်ရဲ့စကားနဲ့ ကိုယ်တွေ့ခဲ့ရတဲ့ လန်ဒန်က လူငယ်တွေရဲ့ အနေအထားကို ပေါင်းစပ်ပြီး လန်ဒန်ကနေ ပြန်မည့်နေ့မှာ ဒီနှုတ်ဆက်စာတပုဒ် ရေးပါတယ်။

အရှင်ဉာဏိကကတော့ မြင်သမျှကို မြင်တဲ့အတိုင်းရေးလိုက်ပြီ။ လူငယ်တွေဖက် လိုက်ရေးတယ်လို့ မယူဆပါနဲ့။ အရှင်ဉာဏိကကိုယ်တိုင်ကိုက လူငယ်လို့ပြောရလောက်တဲ့အရွယ်ကို လွန်လာပါပြီ။ ဒီတော့ ကိုယ်ကိုယ်တိုင်က လူငယ်မဟုတ်တော့တဲ့သူက ဘာအကြောင်းကြောင့်မှ လူငယ်တွေဖက်က ရှေ့နေလိုက်ဖို့ လိုမယ် မဟုတ်ပါဘူး။ တစုံတရာအကျိုးရှိနိုင်မယ်ထင်လို့သာ ရေးလိုက်တာပါ။ သုံးတတ်မယ်ဆိုလျင်တော့ အသုံးကျမှာပါ။ သဘောမတူလျင် လည်း ခွင့်လွှတ်ပါ။ သဘောမတူတဲ့အရာတွေ ပေါင်းစုပြီး တသားတည်းဖြစ်အောင် ပြုလုပ်နိုင်မှုဟာ အမြင့်ဆုံးသော စွမ်းဆောင်မှု မဟုတ်လား။ ဒါက အလှဆုံးသောအရာလည်းပဲဖြစ်တယ် မဟုတ်လား။ နောက်ပြီး လူကြီးဆိုတာ ဆင်ခြင်ဉာဏ်ဦးစီးတဲ့ သည်းခံခွင့်လွှတ်တတ်ခြင်းနဲ့ အတူယှဉ်တွဲနေမှ လူကြီးလူကောင်းပီသတယ်လို့ ဆိုနိုင်မယ်လည်း မဟုတ်ပါလား။ ။

မေတ္တာဖြင့်

ဇူလိုင် ၂ ရက်၊ ၂ဝဝ၉



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts