>
အမေ့ဆီကိုရေးဖြစ်ခဲ့တဲ့ကဗျာ – ၁
ဒီလက်မျိုး
ဇူလိုင် ၂၁၊ ၂၀၀၉
တခါတခါတော့
ညတွေဟာ သိပ် ညဥ့်နက်လွန်းတယ်အမေ …
ကြယ်မရှိ၊ လမရှိ၊ ကောင်းကင်တောင် မရှိတော့လောက်အောင်
ညဥ့်နက်တာပဲ။
သိပ်မှောင်တာပဲ အမေရယ်
အမေမွေးခဲ့တဲ့
အမေ့သားကြီးဟာလေ
ညဥ့်နက်တဲ့ဘ၀မှာ ပျော်တယ် ထင်လို့လား—
လုံးလုံးကိုမပျော်ပါဘူးအမေ …
လူတို့က
ပထမကမ္ဘာလို့ သတ်မှတ်ထားတဲ့ အဲ့ဒီတိုင်းပြည်ကနေ
အမေ့ကို လွမ်းတယ်
ရန်ကုန်ကို လွမ်းတယ်
သူငယ်ချင်းတွေကို လွမ်းတယ်
နာကျင်မှုတွေကို လွမ်းတယ်
အနိုင်ကျင့်မှုတွေကို လွမ်းတယ်
အမေထောင်ဝင်စာပို့ပေးခဲ့တဲ့
အပေါစားပုဇွန်ခြောက်ကလေးနဲ့ ကြော်ထားတဲ့
ငါးပိကြော်လေးကိုလည်း လွမ်းတယ်
ပြီးတော့ …
လွမ်းလောက်စရာမရှိတဲ့ တိုင်းပြည်ကိုလည်း
လွမ်းမိပါရဲ့ အမေ—။
အမေကြော်ပေးပြီး စစ်ဆေးမှုတွေ အထပ်ထပ်ကပို့ခဲ့တဲ့
အပေါစားပုဇွန်ခြောက်ကြော်လေးထဲမှာ
အမေ့ရဲ့မေတ္တာဓါတ်တွေ ပါဝင်ခဲ့ပေမယ့်
အခု …
ကျနော်စားနေရတဲ့
အကောင်းစား ပုဇွန်ကြော်တွေထဲ
ရင့်ရင့်သီးသီး တစိမ်းဆန်းမှုတွေကတော့
အပြည့်အ၀ ပါဝင်နေတယ်အမေ။
ဆေးလိပ်ကြိုက်တတ်တဲ့ အမေ့သားအတွက်
အမေပို့ပေးလိုက်တဲ့ ထောင်ဝင်စာဆေးလိပ်မှာ
ဖွာထုတ်ပစ်လိုက်တဲ့ မီးခိုးတွေက
အမေလို့ စာလုံး ရေးပြနေပြန်တယ်။
သူငယ်ချင်းတွေကတော့
ထုံးစံအတိုင်း ပလီနိုင်လိုက်သူရယ်လို့
ပြောနေကြပါတယ်အမေ။
ဒါပေမယ့် အမေ
အမေ့သားဟာ
အမေ့ကို မပလီခဲ့ဘူး
အနုပညာကို မပလီခဲ့ဘူး
ပြီးတော့ …
ဧရာဝတီတိုင်းက
မှတ်တမ်းမရှိတဲ့
လူငယ်တယောက်ကိုလည်း မပလီခဲ့သလို
ချစ်ခြင်းတရားကိုလည်း
လုံးဝကို မပလီခဲ့တာ အမှန်ပါအမေ—။
ဘယ်လောက်ထိ သေချာသလဲဆိုရင်
ကျနော်မက်ခဲ့တဲ့
အပျော်ရွှင်ဆုံးအိပ်မက်ကို
ပြန်မက်ခွင့်မရပါစေနဲ့ဆိုတဲ့
ဆုတောင်းမျိုး အထိကို
ကျနော် သေချာခဲ့ပါတယ်။
အမေလည်း အသက်ကြီးပြီ
နေကောင်းအောင်နေ နော်
ကျနော်လည်း အသက်ကြီးလာပြီ အမေ
ဘ၀ရဲ့ အထူအပါးကို
အမေနဲ့ ကျောင်းက မသင်ပေးလိုက်ပေမယ့်
ဘ၀ ကတော့
ကျနော့်ကို တော်တော့ကို
သင်ပေးလိုက်ခဲ့ပါရဲ့။
နာလှပါပြီအမေ …
ကျင်လှပါပြီအမေ …
အမေ့သားတော့
မောလှပါပြီအမေ …
ပမ်းလှပါပြီအမေ …
ဆုံးလှပါပြီအမေ…
ရှုံးလှပါပြီအမေ …
ဒါပေမယ့် အမေရယ်
နောက်ဘ၀ဆိုတာ ရှိခဲ့ပြီး
အမေ့ရင်ခွင်ကို နောက်တခေါက်
နားခွင့်ကြုံခဲ့ရင်ဖြင့်
ဒီဘ၀ကဲ့သို့
လွန် ခြားနားပြီး
တဘ၀လုံး
မိသားစု ဘဝ
ရင်အေးပါရစေ အမေ။
၁၇ရက် ဇူလိုင် ၂၀၀၉ ခုနှစ် မနက် ၃နာရီခွဲတွင် အပြီးရေးသည်