>Maung Kyay Hmone and theatrical entertainment

>

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇၇)
မောင်ကြေးမုံ နဲ့ တေးသရုပ်ဖော်ခေတ်
မာမာအေး
ဇူလိုင် ၁၂၊ ၂ဝဝ၉
(photo: wikimyanmar)

“ – – – မာတာပီတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော၊ မိဘတို့သဘောထား၊ သားသမီးတို့အား မုန်းသည်မရှိငြားပြီ (ဤစကား မှန်သည်)၂ xxx သြော် … ဟုတ်လေစွ တမ်းတကာ ဖြေမဆည် – – – – ”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ၊ အရင်တပတ်က ဆေးစက်ကျရာ အရုပ်ထင် ဆိုတာမျိုး သဘောပေါက်တဲ့ ဂီတသမားထဲမှာ မောင်ကြေးမုံ ပါတယ် လို့ ဂီတကို မြတ်နိုး ကိုးကွယ်စိတ်နဲ့ အရှိအတိုင်း ပြောမိတာပါ။ လူချင်း ရင်းလို့ ပြောတယ် မထင်ပါနဲ့။ ဒီ ဂီတ တတောလုံးဟာ ကိုယ့်လူချည်းပဲ။ မာအေးဟာ သူတို့ရဲ့ ရဲဘော် ရဲဘက်၊ ရောင်းရင်း ဒိုင်းကာ လူမိုက်လုပ်ပေးလာတာချည်းပါပဲ။

မောင်ကြေးမုံဟာ ကျောင်းသား သူငယ်ချင်း၊ ရှင်းပြီးသားပါနော်။ သူ ပြန်ပေါ်လာတော့ ခေတ်ပေါ် တေးဂီတ ကောင်စီ အလုပ်အမှုဆောင်တွေထဲမှာကိုး။ ဂီတအကျိုး အတူ သယ်ပိုးကြပြန်တာ ‘ဂီတပဒေသာ မဂ္ဂဇင်း’ ကော်မတီမှာပါ။ သူက ကဗျာသမားမို့ စာအားမှာ ကောင်းသော်လည်း အသံ ရှာရာမှာ အားနည်းသေးတော့ ဂီတလူကြီးတွေက ၀ိုင်းဖြည့်ပေးပြီး ‘တေးသရုပ်ဖော်’ ဇာတ်လမ်းတွေ ရေးစေခဲ့ပါတယ်။

ချစ်စွာသော မိတ်ဆွေတို့ … ၊ ဂီတကိစ္စတွေ ဆိုတာ တခုနဲ့တခု ဆက်စပ် ပြောပြမှ ပြန်သတိရနိုင်မှာ၊ နားလည်နိုင်မှာမို့လို့ ပြန်ပြီး ဆက်စပ် ပြောဖြစ်သွားတာမျိုး ကြားခဲ့ရင် ခွင့်လွှတ်ပေးပါနော်။ သြော် … ကြုံတာ တခုလည်း တောင်းပန်လိုက်ရဦးမယ်ရှင်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပေါက်တောကျေးရွာက ကိုအောင်သောင်း တောင်းဆိုတဲ့ မဟာဂီ သီချင်းကြီးလည်း ကိုကြေးမုံကိစ္စ ပြီးရင် စီစဉ်ကြည့်မှာပေါ့နော်။

‘တေးသရုပ်ဖော်’ ဆိုတာ ‘တေးဇာတ်လမ်းရှည်’ တပုဒ်လိုပါပဲ။ အမကြီး တင်တင်မြ စကားပြောနဲ့ တွဲဆိုခဲ့တဲ့ ‘ပုဂံမြို့ဟောင်းတနေရာ’ ‘ကိုနန္ဒနဲ့မကြေးမုံ’ ‘တောင်သမန်လယ်စား မောင်ဖေငယ်’ တို့တွေဟာ ရောင်းတန်းဓာတ်ပြားခေတ်က တေးဇာတ်လမ်း လို့ ခေါ်တဲ့ သီချင်းတွေပေါ့။ ‘တေးသရုပ်ဖော်’ ကတော့ ဒီတေးထဲမှာ ပါတဲ့ ဇာတ်လမ်းအတိုင်း စင်ပေါ်မှာ လူကိုယ်တိုင် သရုပ်ဆောင် ကပြနိုင်အောင် အခန်းခွဲ ရေးစပ်တဲ့ သီချင်းမျိုးကို ခေါ်ကြတာပါရှင်။

မာအေး မီသလောက် ပြောရရင် နိုင်ငံတော် ကာကွယ်ရေး ၀န်ထမ်းတပ်ဖွဲ့တွေ ဖြစ်တဲ့ ကြည်း-ရေ-လေ-ရဲ-စစ်ရဲ အဖွဲ့တွေ စုပြီး “မြ၀တီကင်းထောက် ရန်ပုံငွေကပွဲ” ဆိုတဲ့ နာမည်နဲ့ မင်္ဂလာဒုံ၊ မိတ္ထီလာတပ်မြို့၊ မန္တလေးယဉ်ကျေးမှု လေဟာပြင် ဇာတ်ခုံတို့မှာ ကပြ တင်ဆက်တဲ့အခါ ဦးစောမြသိန်းက ခေါင်းဆောင်ခဲ့ပါတယ်။ မာအေးကို ‘စစ်ရဲဂီတ’ အဖွဲ့ရဲ့ ပင်တိုင် အဆိုတော် ခန့်ထားတုန်းကပေါ့။ ‘စုပေါင်းညီညာ ပြည်သာယာ’ ဆိုတဲ့ နာမည် ပေးထားတဲ့ တေးဇာတ်လမ်းရှည်ကြီး (၄၅) မိနစ်စာကို ကပွဲ ရှိတိုင်း လူကိုယ်တိုင် ဆိုပေးခဲ့ပါတယ်။ ပုဂံခေတ် ဘုရင် နော်ရထာရဲ့ ပြည်သူ့အကျိုးပြု ဆည်လုပ်ငန်းတွေ အလောင်းဘုရား ဦးအောင်ဇေယျရဲ့ အားမာန်၊ ထန်းလုံးခံတပ်၊ ၀ါးရင်းတုတ်တပ်တို့ စုစည်းညီညွတ်ပုံ၊ နယ်ချဲ့တို့ရဲ့ အိမ်ကြက်ချင်း အိုးမည်းသုတ် လုပ်ရပ်တွေကနေပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ ကိုးကွယ်ခွင့်တို့ အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံစာချုပ်အထိ ရေးစပ် သီဆိုခဲ့ပါတယ်။ “ပြည်သူ့ဖခင် အောင်ဆန်း တောင်တန်း ပင်လုံမှာ ခင်မင်စွာ ဆုံတွေ့ကြလို့ မမေ့နိုင်ပါ” ဒီစာမျိုးပေါ့၊ လင်းခေးလုင် နဲ့ တပ်ကြပ်ကြီးသိန်းမြင့်တို့ ရေးကြတာပါ။ ဆရာလင်းခေးတော့ သိကြမှာပါ။ တပ်ကြပ်ကြီးသိန်းမြင့် ဆိုတာက မာအေး ဆိုခဲ့တဲ့ ‘နှင်းတွေဝေမှဖြင့်’ တို့၊ ‘မောင့်အကြိုတော်’တို့၊ ‘ပျို့လှည်းယာဉ်’ တို့ ရေးတဲ့သူပါပဲ။ ‘ဘ၀ဇာတ်ကြောင်း နှင်လေဦး’ သီချင်းအသံ သူရှာပေးခဲ့ပါတယ်။ ဒီ တေးဇာတ်လမ်းကြီးကို သူ့ခေတ်ဆိုင်ရာ အ၀တ်အစား၊ တိုင်းရင်းသားဝတ်စုံများနဲ့ လူကိုယ်တိုင် လှုပ်ရှား သရုပ်ဆောင်ပါတယ်။ ရုပ်သေပြကွက်လည်း ကြားထိုး ကပြနိုင်တော့ ‘တေးသရုပ်ဖော်’ လို့ ပြောရမှာပေါ့။

‘မြေပဒေသာဇာတ်ခုံ’ မြေကျေးရှင်းက ဆောက်လုပ် ကပြတော့ ဒုတိယအကြိမ် တေးသရုပ်ဖော် လို့ ခေါ်ရမယ့် ‘ကိသာဂေါတမီဇာတ်’ ပေါ်လာပါတယ်။ ဇာတ်ကြောင်း ပြောသူ မင်းသားကြီး ဗိုလ်ဗကို နဲ့ အဓိက အသံသရုပ်ဆောင် အေ၀မ်း တင်တင်လှပါရှင်။

တေးသရုပ်ဖော်ခေတ် ပြန်ဖြစ်လာတဲ့အခါ ကျိုက္ကစံကွင်း ဂီတပဒေသာပွဲရဲ့ မပါမဖြစ် အစီအစဉ် ဖြစ်လာပါတယ်။ ဂီတကောင်စီက ‘ခေမာမိဖုရားကျွတ်တန်းဝင်’ တဲ့ ကိစ္စ မောင်ကြေးမုံကို တာဝန်ချလိုက်တော့ ‘အလှမာန ကျဆုံးခန်း’ တေးသရုပ်ဖော် ဖြစ်လာပါတယ်။ သူ့သီချင်းကို အဲဒီ တေးသရုပ်ဖော်က စဆိုဖြစ်ခဲ့တာပါပဲ။ သူ့ရဲ့ ဒုတိယဇာတ်က ဗိမ္မိသာရတို့ သားအဖရဲ့ ကြေကွဲဖွယ်ရာ မိဘမေတ္တာဇာတ်ပါ။ ‘လမင်းသာချိန် နေကွယ်ချိန်’ တဲ့၊ ‘မြခြူသံ’က မူကွဲရုပ်ရှင်သီချင်းပါ။ ကိုကြေးမုံလက်ရာစာ၊ ဂီတလုင်ကြီးရဲ့ အသံမှာ မာအေး အသက်သွင်းလိုက်တဲ့ နောက်ဆုံးပိုဒ်ကလေး နားဆင်ပေးရင်း ကျေနပ်ပါဦးနော်။

Xxx ဝေဒနာ ခံစား – နတ်ရွာစံ ကံတော်ကုန်ပါပေါ့ ဘုရား … လို့ မင်းချင်းများ လျှောက်ထားလေသည်၊ ရွှေတောင်ကြီး (ပြိုပြီ)၃ xxx နေလုံး (ကွယ်ပြီ)၂ xxx ရင်သွေးလည်းရ ဖခင်ဘ၀ကို ရောက်သော်မှ (မိဘမေတ္တာ သူနားလည်)၂ xxx လမင်းရယ်သာ သာပေမယ့် နေမင်းဖြင့် ကွယ်လေပြီ ပဉ္စာနန္ဒိယကံကြီးထိုက်ပါပေါ့ (အဖသတ်သား အများက မသတီ)၂ xxx သံသရာမှာ မင်း ဘယ်ကို သွားမလဲ၊ တမလွန်မှာ မင်း ဘယ်ကိုလားမလဲ၊ မတွေးရဲအောင်အတည်၊ အမှောင်ကျမှ နောင်တရလေပြီ xxx မာတာပီတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော၊ မိဘတို့သဘောထား၊ သားသမီးတို့အား မုန်းသည်မရှိငြားပြီ (ဤစကား မှန်သည်)၂ xxx သြော် … ဟုတ်လေစွ တမ်းတကာ ဖြေမဆည်၊ အဇာတသတ် မင်းဆိုး မိုက်မျိုးတရာ မြေမှာ ကြွေလေပြီ xxx

(လမင်းသာချိန် – နောက်ဆုံးပိုဒ်)


[ မူရင်း – ဘီဘီစီ၊ မြန်မာဌာန ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts