>Burmese Women in struggle

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၃၉)
တိုက်ပွဲဝင် မြန်မာအမျိုးသမီးများ
ထိန်လင်း
ဇူလိုင် ၁၂၊ ၂၀၀၉


အမျိုးသမီးဆိုတာ အိမ်မှုကိစ္စကိုပဲ လုပ်ဆောင်ရမယ့်သူဖြစ်တယ်၊ အိမ်ထောင်သည်ဆိုရင်လည်း အိမ်ရှင်မ ဖြစ်ဖို့ပဲ အရေးကြီးတယ် ဆိုတဲ့ အယူအဆတွေဟာ တိုးတက်လာတဲ့ ခေတ် အခြေအနေတွေ၊ ကျယ်ပြန့်တဲ့ အတွေးအခေါ် အယူအဆများအောက်မှာ တဖြည်းဖြည်း မှေးမှိန်လာပါပြီ။ အထူးသဖြင့် တိုင်းပြည်တစ်ခုရဲ့ ကံကြမ္မာကို ဖန်တီးဖို့ဖြစ်လာတဲ့ နိုင်ငံရေးအခြေအနေတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အတူ ရှေ့တန်းက ပါဝင်ပြီး တိုက်ပွဲဝင်ခဲ့ကြတာ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ အထင်အရှား တွေ့နိုင်ပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးစာမျက်နှာတွေမှာ မြန်မာအမျိုးသမီးတွေရဲ့ ဒီမိုကရေစီရေး၊ တိုင်းပြည် လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို တွေ့နေ ကြားနေရပါလိမ့်မယ်။ ဒီလိုဆိုတော့ တချို့က ဒီအမျိုးသမီးတွေဟာ သူတို့ဆွေမျိုးသားချင်းတွေ၊ သူတို့မိသားစုဝင်တွေက နိုင်ငံရေးလုပ်လို့ ဒီအမျိုးသမီးတွေလည်း နိုင်ငံရေးထဲ ပါလာတာ လို့ တွေးကောင်းတွေးပါလိမ့်မယ်။ အဲဒီအဖြေက အပြည့်အဝ မမှန်ပါဘူး။ မြန်မာပြည် လက်ရှိ နိုင်ငံရေးလှုပ်ရှားမှုထဲက တချို့ အမျိုးသမီးတွေဆိုရင် သူတို့မိသားစု၊ သူတို့ဆွေမျိုးစုထဲမှာ နိုင်ငံရေးလှုပ်ရှားသူက သူတို့အပြင် တခြားသူမရှိပါဘူး။

မြန်မာပြည်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်ကနေ မျက်မှောက်ကာလအထိ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီးတွေ၊ စံနမူနာပြ အမျိုးသမီးတွေ အများအပြားကို တွေ့နိုင်ပါတယ်။ အဲဒီ အမျိုးသမီးတွေက လူမှုရေး၊ ဘာသာရေး၊ အနုပညာ၊ နိုင်ငံရေး စသဖြင့် နယ်ပယ်ပေါင်းစုံမှာ ထင်ရှားကြသူတွေဖြစ်ပါတယ်။ ဒီကနေ့ မြန်မာပြည်မှာ အုပ်စိုးသူတွေက မြန်မာအမျိုးသမီးများနေ့၊ မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း စသဖြင့် နေ့ထူးနေ့မြတ်တွေ သတ်မှတ်၊ အဖွဲ့အစည်းတွေ ဖွဲ့ပြီး အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်သလို လုပ်ပြနေတာ သတင်းတွေမှာ ကြားရ၊ မြင်ရပါလိမ့်မယ်။ တကယ်တော့ ဒါတွေဟာ သူများတွေလုပ်တိုင်း လိုက်လုပ်တဲ့သဘောမျိုးလောက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို လုပ်နေတာရဲ့ အခြားတဖက်မှာ အနိုင်ကျင့်ခံနေရတဲ့ မိန်းကလေးတွေ၊ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မိန်းကလေးတွေ တပုံကြီး ရှိနေလို့ပါ။

အမျိုးသမီးတွေ ဘယ်လောက် အရေးပါတယ်ဆိုတာကို ထင်ထင်ရှားရှား မဖြစ်စေချင်တာပဲလား၊ ဒါမှမဟုတ် အခြေအနေက တိုက်ဆိုင်နေတာပဲလားတော့ မသိပါဘူး၊ ခေတ်အဆက်ဆက် မြန်မာပြည်က အမျိုးသမီးတွေအကြောင်း ခမ်းခမ်းနားနား ရေးဖွဲ့ထားတဲ့ စာအုပ်ကောင်းကောင်း တအုပ်တလေတောင် ဒီကနေ့ခေတ်မှာ ထွက်လာတာ မတွေ့မိပါဘူး။ အာဏာပိုင်တွေရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဟိုဟာဆိုရင် ထောက်ခံလိုက် ဒီဟာဆိုရင် ထောက်ခံလိုက် လုပ်နေတဲ့ စောစောက အမျိုးသမီးအသင်းအဖွဲ့ကြီးတွေကတောင် ရေးသား ပြုစု ထုတ်ဝေတာ မရှိပါဘူး။

တကယ်တော့ မြန်မာအမျိုးသမီးတွေထဲမှာ ထူးချွန်ထင်ရှားသူ၊ စံနမူနာပြပုဂ္ဂိုလ်တွေ အများအပြား ရှိနေပါတယ်။ အများသိကြတဲ့အတိုင်း လူမှုဝန်ထမ်းနယ်ပယ်မှာ ဒေါ်ဦးဇွန်း ဒါမှမဟုတ် ဘွားဦးဇွန်းလို့ နာမည်ကျော်တဲ့ အမျိုးသမီး စေတနာရှင်မျိုး ပေါ်ပေါက်ခဲ့သလိုပဲ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးတွေ အများအပြားက ခေတ်အဆက်ဆက် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ တချို့သော အမျိုးသမီးတွေဟာ တစ်ဦးတစ်ယောက်တည်းကိုတောင် စာတစောင် ပေတဖွဲ့ ရေးသားမှတ်တမ်းတင်သင့်သူတွေဖြစ်ပါတယ်။ ဒီအပတ်မှာတော့ အဲဒီလို အမျိုးသမီးတွေထဲက တချို့သော ပုံရိပ်တွေကို တင်ဆက်သွားမှာဖြစ်ပါတယ်။

မြန်မာပြည် အင်္ဂလိပ်လက်အောက်ကို ကျရောက်ခဲ့တဲ့ကာလကို ကိုလိုနီခေတ် လို့ သတ်မှတ်ကြပြီး အဲဒီကာလကြီးတခုလုံးရဲ့ ရှေ့ပိုင်းအချိန်တွေကို ကိုလိုနီခေတ်ဦးလို့ အကြမ်းဖျင်း သတ်မှတ်ကြပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပေါ်ချိန်ဟာ မြန်မာပြည်ကို သိမ်းယူဖို့စတင်ခဲ့တဲ့ အချိန်လို့ သတ်မှတ်ရင်လည်း ရမယ်လို့ ထင်ပါတယ်။ အဲဒါက ၁၈၂၄ ခုနှစ်မှာပါ။ အဲဒီ ပထမ ကျူးကျော်စစ်အတွင်း စစ်သူကြီး မဟာဗန္ဓြွုလ ကျဆုံးခဲ့ပြီး အင်္ဂလိပ်က အောက်မြန်မာပြည်ကနေ တဖြည်းဖြည်း အထက်ပိုင်းကို ရေကြောင်း၊ ကုန်းကြောင်းနဲ့ တက်လာခဲ့ပါတယ်။ အဲဒီလို တက်လာတဲ့အခါ မြန်မာတိုင်းရင်းသားတွေက ဒေသအလိုက် ပြန်လှန်တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီကာလအတွင်း အထင်ရှားဆုံး တိုက်ပွဲက ပြည်မြို့အနီးက ဝက်ထီးကန်တိုက်ပွဲ (၁၈၂၅ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်) ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း အင်္ဂလိပ်တွေဘက်က ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် စစ်ဗိုလ် ၅ ယောက်နဲ့ စစ်သည်အများအပြား ကျဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ပွဲမှာ အထူးခြားဆုံးကတော့ မြန်မာဘက်က ပြန်လှန်တိုက်ခိုက်သူတွေထဲမှာ ရှမ်းအမျိုးသမီး ၃ ဦး ပါဝင်ခြင်းဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ ဒီ ရှမ်းအမျိုးသမီး ၃ ဦးက စစ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ပြီး ရဲရဲရင့်ရင့်နဲ့ စစ်သည်တွေကို အားပေးစကား ပြောကြားတဲ့အကြောင်း၊ အဲဒီလို ရဲဝံ့တဲ့ အမျိုးသမီးတွေနဲ့ ခေါင်းဆောင်တွေကြောင့် မြန်မာစစ်သည်တွေက တအားတက်ပြီး သဲသဲမဲမဲခုခံခဲ့တဲ့အကြောင်းတွေကို အင်္ဂလိပ်စစ်တပ်က မေဂျာ စနော့ဂရက်စ် (Major Snodgrass) က ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ ဒါဟာ ကိုလိုနီခေတ်ဦးရဲ့ ရှေ့ပိုင်းကတည်းက ပါဝင်ခဲ့တဲ့ နိုင်ငံရေးနယ်ပယ်ထဲက မြန်မာအမျိုးသမီးများရဲ့ လှုပ်ရှားဆောင်ရွက်မှုဖြစ်ပါတယ်။ နောက်ပိုင်း နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွေမှာလည်း ကချင်၊ ချင်း၊ ရခိုင်၊ ကရင် စတဲ့ တိုင်းရင်းသားအမျိုးသမီးတွေရဲ့ ပါဝင်မှုတွေ အများအပြား ရှိခဲ့ပါတယ်။

မြန်မာ့သမိုင်းမှာ ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့ အမျိုးသမီးအသင်းက မြန်မာအမျိုးသမီး ကုမ္မာရီအသင်းဖြစ်ပြီး ၁၉၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအသင်းကြီးက မြန်မာအမျိုးသမီးတွေ အသိအမြင်ကျယ်ပြန့်ရေး၊ အမျိုးသမီးအခွင့်အရေး ကာကွယ်ရေးတို့ကိုဆောင်ရွက်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးတွေမှာ တိုင်းချစ်ပြည်ချစ်စိတ် ရှိရင် သားသမီးတွေကိုလည်း မိခင်ဖြစ်သူက အဲဒီစိတ်ဓာတ် သွင်းပေးလိမ့်မယ်။ အဲဒီလို စိတ်ဓာတ်ပေါ်ပေါက်ဖို့ အသင်းအပင်းစိတ်ဓာတ်ကသာ အခြေခံဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ အနယ်နယ်အရပ်ရပ်မှာ အမျိုးသမီးအသင်းတွေ ပေါ်ပေါက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဝံသာနုကုမ္မာရီအသင်းတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။

၁၉၂ဝ မှာ ပေါ်ပေါက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်ကြီးမှာလည်း ကျောင်းသူတွေက အမျိုးသားတွေနဲ့ အတူ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။ ဒီနေရာမှာ ကိုယ့်ရဲ့ယုံကြည်ချက်ကို ထိပါးရင် အဲဒါကို ငြိမ်ပြီး လက်မခံသင့်ဘူးဆိုတဲ့ အယူအဆနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကလေးတစ်ခုကို ပြောပြချင်ပါတယ်။ မန္တလေးမှာ သပိတ်မှောက်ကျောင်းသားတွေ ပါဝင်တဲ့အလှူခံအဖွဲ့က ဇာတ်မင်းသားကြီး ဦးဖိုးစိန်ဆီကို သပိတ်ရန်ပုံငွေ အလှူခံရာကနေ ဦးဖိုးစိန်နဲ့ အဆင်မပြေဖြစ်သွားပြီး မန္တလေးတမြို့လုံး ဖိုးစိန်ပွဲကို သပိတ်မှောက်ကြပါတယ်။ ဒါကြောင့် ဦးဖိုးစိန်က ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်တို့မှာ ပွဲကဖို့ စီစဉ်ပေမယ့် အဲဒီမြို့တွေမှာရှိတဲ့ ကုမ္မာရီအသင်းတွေ၊ သပိတ်မှောက်ကျောင်းသူကျောင်းသားတွေက ဦးဆောင်ပြီး ဖိုးစိန်ပွဲကို သပိတ်မှောက်ကြပါတယ်။

ဂရိတ်ဖိုးစိန် လို့ နာမည်မှာ ဂရိတ်တပ်ပြီး ပြောနိုင်လောက်အောင်ထင်ရှားခဲ့တဲ့ ဦးဖိုးစိန်ရဲ့ ပွဲတွေကို မကြည့်ရရင် မနေနိုင်ဖြစ်ခဲ့တဲ့ အမျိုးသမီးတွေဟာ တမျိုးသားလုံးအရေး၊ တိုင်းပြည်ရဲ့ အရေးကိစ္စနဲ့ပတ်သက်လာရင် ဖိုးစိန်ပွဲကိုတောင် သပိတ်မှောက်နိုင်တယ်ဆိုတာကို အဲဒီဖြစ်ရပ်က သက်သေထူခဲ့ပါတယ်။ ဒါကိုကြည့်ရင် တိုင်းပြည်နဲ့ လူမျိုးအပေါ် မကောင်းဘူးဆိုရင် ကိုယ် ချစ်ခင်တဲ့လူပင် ဖြစ်နေပါစေ ဒီအတိုင်း ကြည့်မနေသင့်ဘူးဆိုတဲ့အချက်ကို တွေ့ရပါလိမ့်မယ်။

နောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု ဘယ်လောက် အရှိန်မြင့်လာတယ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းထဲမှာ အမျိုးသမီးတွေ ဘယ်လောက်အရေးပါခဲ့တယ်ဆိုတာတွေကို ဆက်လက်ပြီးတင်ပြသွားမှာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၂၆ ၊ ၅၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် မေလ ၂၉ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts