>Ashin Nanika – London -3

>

အင်္ဂလန်ခရီး မပြီးသေးပါ – ၃

အရှင်ဉာဏိက

ဇူလိုင် ၁၁ ရက် ၊ ၂ဝဝ၉

ဘစ်ဘင်းနာရီစင် ၊ ပါလီမန်အဆောက်အဦတို့နဲ့ အမှတ်တရဓာတ်ပုံရိုက်ပြီး သိမ်းမြစ်ကိုဖြတ်ဆောက်ထားတဲ့ ဝက်စ်မီ နီစတာတံတားပေါ် လျှောက်ခဲ့တယ်။ လန်ဒန်နဲ့အပြိုင်ကျော်ကြားတဲ့ သိမ်းမြစ်က ပြောပလောက်အောင်တော့ မကျယ်ပါဘူး။ ဒါပေမယ့် လန်ဒန်က ကမ္ဘာကျော်တော့ လန်ဒန်ရဲ့အသည်း သိမ်းမြစ်ကလဲ ပူးတွဲကာ ကမ္ဘာကျော်ရတာ ပေါ့။ ကိုယ်ကတော့ လန်ဒန်သိမ်းမြစ်ထက် ကိုယ့်အမိနိုင်ငံက ဧရာဝတီရဲ့ အလှက အဆရာထောင်က သာလွန်တယ် လို့ ထင်မိတယ်။ ကိုယ်ဖြတ်ခဲ့ဘူးတဲ့ ဧရာဝတီရဲ့ အစိတ်အပိုင်းတိုင်းရဲ့အလှက သိမ်းမြစ်ရဲ့ ခုမြင်ရတဲ့ မြင်ကွင်းအလှထက် ပိုမိုတယ် ထင်မိတယ်။ ဒါဟာသဘာဝကိုချစ်တဲ့ ကိုယ့်ရဲ့မူလစိတ်ကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တဲ့ ဇာတိစိတ်ကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပြီး ဧရာဝတီရဲ့ သမိုင်းအစိတ်အပိုင်းတိုင်းဟာလည်း ခုမြင်နေရတဲ့သိမ်းမြစ်နဲ့ နှိုင်းဆမရအောင် နက်ရှိုင်းမှုတွေ စီးမျောပေါင်းယှက် ပါဝင်နေတယ်လို့လည်း ခံစားမိတယ်။ ကိုယ့်ဘဝဟာလည်း ဧရာဝတီရဲ့ အစိတ်အပိုင်းထဲမှာသာ ထာဝရရှိနေမှာပါ။

သာလွန်ထူးခြားမှုက အင်္ဂလိပ်တွေဟာ သိမ်းမြစ်ကို စနစ်တကျ အသုံးချနိုင်ကြတယ်။ ကိုယ်တို့က ဧရာဝတီကို သူတို့ လို အသုံးဝင်အောင် ပြုလုပ်နိုင်ခဲ့ပါရဲ့လား။ဒီအချက်အပေါ်မှာတော့ သိမ်းမြစ်က ဧရာဝတီထက်အဆ သိန်းသန်းကုဋေ မက သာလွန်ကောင်းသာလွန်နိုင်မယ်။ ဒါနဲ့အတူ သိမ်းမြစ်ရဲ့ကျော်ကြားမှုကလည်း ဧရာဝတီထက် ပိုကောင်းပိုနေ မယ်။ သိမ်းမြစ်ရဲ့ အောင်မြင်မှုကလည်း ဧရာဝတီထက် ပိုကောင်းပိုနိုင်တယ်။ ဟော၊ ကိုယ်ကြည့်နေစဉ်မှာပဲ ဝက်မီနီ စတာတံတားအောက်က ဖြတ်မောင်းသွားတဲ့ သင်္ဘောငယ်တစ်စီး။ ဒုတိယထပ်လေဟာပြင်မှာ ကမ္ဘာအရပ်ရပ်က ကမ္ဘာလှည့်ခရီးသည်တွေ အပြည့်တင်လို့၊ လန်ဒန်မြင်ကွင်းအလှကို သိမ်းမြစ်တွင်းကနေ လိုက်ပြနေတယ်။ သင်္ဘော ပေါ်ပါ ဒီလူတွေက သိမ်းမြစ်နဲ့လန်ဒန်ရဲ့အလှကို ကမ္ဘာနှံ့အောင် သယ်ဆောင်သွားလိမ့်မယ်ဆိုတာ ဘယ်မှာယုံမှား ဖွယ်ရှိဖို့ လိုမှာလဲ။

ကိုယ့်စိတ်ကူးအတွေးထဲမှာက သိမ်းမြစ်ဆိုတာ နှင်းပွင့်လေးတွေ တဖွဲဖွဲကျနေတဲ့ မှုန်ပျပျ ကောင်းကင်အောက်မှာ ပြာ လဲလဲ့ စီးဆင်းနေတဲ့ မြစ်တစ်စင်းပါ။ ခုကိုယ်တွေ့နေတဲ့ သိမ်းမြစ်က ကြည်လင်တဲ့ ကောင်းကင်နဲ့အတူ တောက်ပတဲ့ နေရောင်အောက်မှာ နောက်ကျုကျု စီးမျောနေတဲ့ မြစ်ငယ်တစ်စင်းသာသာ။ သေချာပါတယ်။ ကိုယ်ဟာ ဧရာဝတီကိုပဲ တမ်းတစွာ စွဲစွဲလမ်းလမ်း ချစ်ခင်သူပါ။ သိမ်းမြစ်ကိုဖြတ်လျောက်ပြီး ကမ်းခြေအတိုင်း ဘယ်ဘယ်ကို ကိုက်တရာ လောက်လျောက်လိုက်တော့ လန်ဒန်အိုင်းရဲ့ အခြေကိုရောက်သွားတယ်။ လန်ဒန်အိုင်း ဆိုတာ ဘာလဲလို့ သိချင် မလားပါပဲ။ လန်ဒန်အိုင်း (London Eye) ဆိုတာ-

လန်ဒန်အိုင်း-တဲ့။ သက္ကရာဇ် ၂ဝဝဝ ခုနှစ်၊မတ်လမှာ မီလီနီယံ (ရာစုပြည့်) အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့တာ။ လန်ဒန်အိုင်းက လန်ဒန်ရဲ့ အထိမ်းအမှတ် တစ်ခုဖြစ်လာသလို ခေတ်သစ်ဗြိတိန်နိုင်ငံရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်သပေါ့။ အင်ဂျင်နီယာနဲ့ ဗိသုကာပညာရဲ့ အောင်မြင်မှုတစ်ခုလို့လည်း ဂုဏ်ယူစွာ အလေးထားကြပါတယ်။ ခုဆို လန်ဒန်အိုင်းဟာ ခရီး သွားတွေကို အများဆုံးဆွဲဆောင်နိုင်တဲ့ လန်ဒန်ရဲ့ အထင်ကရ နေရာများစွာထဲမှာ တစ်ခုအပါအဝင် ဖြစ်လို့နေပါပြီ။ ထောင်စုနှစ် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့တာကြောင့် The Millennium Wheel (ထောင်စုဘီးကြီး) ရယ်လို့လည်း သိထားကြတဲ့ လန်ဒန်အထိမ်းအမှတ် ခြားရဟတ်ဘီးကြီးကို အဓိက ငွေကြေးပံ့ပိုးခဲ့သူက ဗြိတိသျှလေ ကြောင်း ကုမ္ပဏီပေါ့။ ကမ္ဘာအရပ်ရပ်ကဧည့်သည်တွေ တစ်နှစ်ကို သုံးသန်းခွဲကျော်ကျော် ဒီလန်ဒန်အိုင်းကို အလည် ရောက်ပါတယ်တဲ့။

ရာသီဥတုကြည်လင်တဲ့နေ့တွေမှာဆိုလျင် ၄၄၃ ပေ အမြင့်ရှိတဲ့ လန်ဒန်အိုင်းကြီးရဲ့ အမြင့်ကနေ ကီလိုမီတာ လေးဆယ် (နှစ်ဆယ့်ငါးမိုင်) ခန့်ဝေးတဲ့ ဝင်ဆာရဲတိုက်ကိုပင် မြင်နိုင်တယ်လို့ဆိုပါတယ်။ လန်ဒန်အိုင်းက လန်ဒန်ရှိ အဆောက်အဦအားလုံးနီးပါးထက်မြင့်နေတာမို့ အရပ်မျက်နှားကို မျှော်ငေးလို့ ကြည့်ရှုနိုင်ပါတယ်။ လန်ဒန်အိုင်းရဲ့ ရှည်မျောမျော မှန်အလုံတပ် အခန်းထဲကနေ အနောက်ယွန်းယွန်းဆီ မျှော်ကြည့်လိုက်လျင်ဖြင့် ဘက်ကင်ဟန်နန်း တော်ကို စိမ်းညို့ညို့သစ်ပင်တွေကြားကနေ ထင်ထင်ရှားရှားတွေ့ရမှာပါ။ နန်းတော်ရဲ့ရှေ့မှာလည်း အတန်အသင့် ကျယ်ဝန်းတဲ့ မြေကွက်လပ်တစ်ခု။ နန်းတော်နေ အင်္ဂလန် ဘုရင်မကြီးရဲ့ ပွဲထွက်အခမ်းအနားတွေကျင်းပရာ နေရာ ဖြစ်လေမလား။ မြင်နေရတဲ့ရေကန်ကရော သားတော်သမီးတော်တွေ ရေတော်သုံးရာဖြစ်လေမလား။ ဒါတော့ အေး လွန်းလို့ ဖြစ်နိုင်မယ် မထင်ပါ။ ပြောရလျင်ဖြင့် ဘက်ကင်ဟန်နန်းတော်အကြောင်းကို လေ့လာမထားလို့ များများ စားစား မသိပါဆိုတာပါပဲ။

အနောက်တောင်ယွန်းယွန်း သိမ်းမြစ်တဖက်ကမ်းမှာတော့ ပါလီန်နဲ့ဘစ်ဘင်းနာရီစင်။ အရှေ›မြောက်ဆီမှာတော့ လန် ဒန်ရဲ့ အထင်ကရ တာဝါတံတား (Tower Bridge) ကြီးက ကောင်းကင်ပြာပြာနောက်ခံအောက်မှာ မားမားမတ် မတ်ရပ်လို့။ မြစ်ပြင်တွင်းက သင်္ဘောငယ်လေးတွေဆီကနေ ထွက်ပေါ်လာတဲ့ မီးရောင်လဲ့လဲ့လေးတွေကလည်း ရေပြင် ကျယ်မျက်နှာပေါ်မှာ စိန်ပွင့်လေးတွေ လင်းလက်နေသဏ္ဍာန်။ မျက်စိတဆုံးမြင်နေရတဲ့ သိမ်းမြစ်ပေါ်မှာတော့ တံတား ကြီးငယ်ပေါင်းများစွာက ကန့်လန့်ဖြတ် လဲလျောင်းလို့။

သိမ်းမြစ်ကမ်းတလျောက်မှာလည်း လူအုပ်တွေက ဖွေးဖွေး လှုပ်လှုပ်။ သွားသူသွားလို့ လာသူလာ။ လန်ဒန်အိုင်းခြေရင်းမှာရှိတဲ့ မြက်ခင်းပြင်မှာတော့ လန်ဒန်သူလန်ဒန်သား တွေက လဲလျောင်းလို့တသွယ်၊ ထိုင်နေလျက်တစ်စု၊ သူ့အုပ်စုလေးတွေနဲ့သူ နေစာလှုံနေကြလေရဲ့။ ၇ နာရီ ကျော်လို့ ည ဂ နာရီထိုးလုနီးတာပင် ကောင်းကင်မှာ နေမင်းကြီးက ထွန်းလင်းတောက်ပနေဆဲ။ လန်ဒန်မှာ နေသာချိန် နည်း လေတော့ ကြုံရတဲ့နေသာချိန်လေးကို အမိအရ အသုံးချနေကြဟန်တူရဲ့။ ကိုယ့်အတွက်တော့ နေသာချိန်ထက် မှုံပျပျ ရာသီက သဘာဝအလှကို ပိုမိုခံစားရာမှာ ပိုမိုပီပြင်တယ်လို့ ထင်မိပါရဲ့။ လွမ်တတ်သူမို့လားတော့ မဆိုနိုင်ဘူးပေါ့ နော့။

လန်ဒန်အိုင်းဟာ လန်ဒန်သားတွေအတွက် ဂုဏ်ယူစရာဖြစ်ကောင်းဖြစ်နေမှာပါ။ ကိုယ့်အတွက်တော့ သမိုင်းဝင် ရှေး ဟောင်းအနုပညာတွေ နက်နက်နဲနဲပျော်ဝင်နေတဲ့ လန်ဒန်ရဲ့အလှကြားမှာ ခေတ်မီကိရိယာတွေနဲ့ ခေတ်မီစွာ တည် ဆောက်ထားတဲ့ ဒီလန်ဒန်အိုင်းက လန်ဒန်ရဲ့ မဟာဆန်တဲ့ ဂန္ထဝင်အလှကို ဖျက်ဆီးနေဟန် ခံစားမိတယ်။

ကိုယ်ငယ် ငယ် ပုံဂံကိုလည်ခဲ့စဉ်က နီညိုရောင် ပုဂံရဲ့သမိုင်းအလှကြားမှာ ကြိုးကြားကြား မြင်ရတတ်တဲ့ ထုံးအဖွေးသား စေတီ ပုထိုးအချို့ကိုတွေ့ရတော့ ဆို့နင့်စွာ ကြေကွဲခဲ့ရတဲ့ ရင်နာဒဏ်တွေဟာ ခုထိတိုင် မပြယ်နိုင်နေသေးတာကို ပြန်လည် လို့ အမှတ်ရမိစေပါတယ်။ ဒီလိုဆိုတော့ ကိုယ့်ကို ရာဇဝင်ထဲမှာပဲထားရစ်ရမည့် ရှေးခေတ်ဂူအောင်းလူသားတစ်ဦး ရယ်လို့ မှတ်ချက်ပြုကောင်းပြုလိမ့်မယ်။

တကယ်တော့ ခေတ်မီနည်းပညာတွေနဲ့ သိပ်ပြီးမစိမ်းကားလှသလို ခေတ်သစ်လူမှုအဖွဲ့အစည်းရဲ့ အတွေးအခေါ်အယူအဆတွေနဲ့ အလွန်ကြီး မကင်းဝေးသူတစ်ဦးမို့ ဂူနေလူအတွေးမျိုးနဲ့ ကိုယ်ဒီစကားကိုဆိုတာ မဟုတ်ပါဘူး။ ရာဇဝင်နယ်ပယ်မှာ မော်ဒန်ရောင်ခြယ်သခြင်းဟာ ရာဇဝင်လည်း မပီ၊ မော် ဒန်ဟန်လည်း မကျ၊ စကောစက အသွင်အပြင်မျိုး ဖြစ်တတ်တာမျိုး ခံစားမိတတ်လို့ပါ။ ကိုယ်က သူ့နေရာနဲ့သူ ရာဇဝင်ကိုလည်း ထင်ကျန်စေချင်သူပါ။ လျော်ကန်တဲ့ တော်လှန်မှုမျိုးနဲ့ မော်ဒန်ကိုလည်း ရှင်သန်စေချင်သူပါ။ ဒါ ကိုယ့်အမှား ဟုတ်မယ်မထင်ပါဘူး။

လန်ဒန်ရဲ့သမိုးဝင်အလှတွေကို ကောင်းကင်ကနေ တဝကြီးငုံ့ကြည့်နိုင်တဲ့ လန်ဒန်အိုင်းကဆင်းပြီး သိမ်းမြစ်ကမ်းဘေး တလျောက် ခြေကျင်ခရီးနဲ့ အရှေ့မြောက်ယွန်းယွန်းဆီရှိ တာဝါတံတားကြီးထိအောင် လမ်းလျောက်ခဲ့တယ်။ သိမ်းမြစ် ကို ဖြတ်တိုက်လာတဲ့ လေပြေညင်းဟာ ကိုယ့်ခရီးအတွက် အေးမြတဲ့အတွေ့အထိနဲ့အတူ လှိုက်လှဲနွေးထွေးစွာ ကြို ဆိုခဲ့ပါတယ်။ တကယ်ဆို ဒီချိန်မှာ ကိုယ့်နဲ့အတူ မင်းရှိနေမယ်ဆိုလျင် မင်းလည်းကိုယ့်လိုပဲ ဝမ်းမြောက်မှုနဲ့အတူ ကြည်နူးမှုနဲ့အမျှ အလွန်ချမ်းမြေ့ဖွယ်ကောင်းတဲ့ လန်ဒန်ရဲ့ ဂန္ထဝင်အလှရသကို ပြည့်ပြည့်ဝဝ မျှဝေလို့ ခံစားမိမှာပါ။ တကယ်ပါ။ လန်ဒန်ဟာ အလည်ပျော်တို့အတွက် တကယ်သင့်လျော်တဲ့နေရာတစ်ခု ဖြစ်နိုင်မှာပါ။

မေတ္တာဖြင့် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts