Maung Yit Op-Ed

Maung Yit – Well wisher for Maung Wuntha …

အယ်ဒီတာ့လက်ရေး ၂၄

ဆရာမောင်ဝံသ ကျန်းမာပါစေ

မောင်ရစ်၊ ဇူလိုင် ၄၊ ၂၀၁၃

ကနေ့ ဖေ့စ်ဘွတ်မှာ လွတ်လပ်စိုးက သူ့ဖခင်ကျန်းမာရေးအခြေအနေအကြောင်း ရေးထားတယ်။ ဆရာမောင်ဝံသရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတဲ့အကြောင်းနဲ့ ဆရာကိုယ်တိုင်က သူ့စာဖတ်သူတွေ၊ မိတ်ဆွေတွေကို သူသတိကောင်းနေတဲ့အခိုက်မှာ အကြောင်းကြားပေးဖို့ မှာတဲ့အကြောင်းကို ရေးထားပါတယ်။

ဆရာ့ကို            ကျနော့်အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ ညီမတွေရဲ့ စာမူတွေကို ရွေးချယ်၊ ထည့်သွင်းဖော်ပြသူ အယ်ဒီတာ၊ ထုတ်ဝေသူတဦးအဖြစ် သိကျွမ်းခဲ့ရာကနေ ကိုယ်ကိုယ်တိုင်ကလည်း  ၁၉၉၀ ခုနှစ်များ နောက်ပိုင်း ဆရာ့မဂ္ဂဇင်းမှာ စာရေးခွင့်ရခဲ့ပါတယ်။ အဲသည်ကနေ စာရေးသူဘ၀ စခဲ့ရတာပေါ့။ ဆရာမောင်ဝံသရဲ့ အတွေးအမြင်ပရိသတ်တဦးအဖြစ် စွဲစွဲမြဲမြဲ ရပ်တည်ခဲ့၊ ဆရာတို့ စာအုပ်တွေ၊ စာမူတွေကို အမြဲလေ့လာပြီး ပညာသင်ယူခဲ့ရသူလည်း ဖြစ်ပါတယ်။ ကိုယ်တိုင် စာရေးသူကနေ စီစဉ်သူတဦးဖြစ်လာတဲ့အခါမှာလည်း ဆရာမောင်ဝံသရဲ့ စီစဉ်တင်ဆက်မှုတွေ၊ အယ်ဒီတာ့အာဘော်တွေ သဘောထားတွေကို အများကြီး လေ့လာခဲ့ရတာပါပဲ။

            အဲသည်မှာ ကျနော့်အတွက် စွဲမှတ်မိတဲ့အချက်တခုကတော့ အတွေးအမြင်စာစောင်ဟာ သူ နိုင်ငံရေးသမားတဦးအနေနဲ့ စစ်အစိုးရလက်အောက် ထောင်ထဲဝင်လိုက်၊ ထောင်ထဲထွက်လိုက် လုပ်နေချိန်မှာလည်း အမြဲတန်း လည်ပတ် ထုတ်ဝေနေအောင် အထူးအားထုတ်ပြီး ရပ်တည်နိုင်ခဲ့တယ် ဆိုတာ ပါပဲ။ အတွေးအမြင်စာစောင်နဲ့ ၀ိုင်းတော်သားတွေဟာ မြန်မာပြည်ရဲ့ စာပေနဲ့ စာနယ်ဇင်းအတွက် ထိရောက်တဲ့ ကဏ္ဍတနေရာကနေ ထမ်းဆောင်ခဲ့တယ်လို့ ပြောနိုင်တာ ဖြစ်ပါတယ်။

နောက်တော့ သူကိုယ်တိုင်က စာနယ်ဇင်းသမားတဦးအဖြစ် ရပ်တည်ပြီးတော့ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံမှာ သူယုံကြည်ရာကို ထုတ်ဖော်ရေးသားသူ၊ ဆွေးနွေးဝေဖန်သူတဦး၊ သဘောချင်းတူညီရာ မိတ်ဆွေများ၊ ပရိသတ်မျာကို ဦးဆောင် စည်းရုံး လမ်းဖောက်သူတဦး ဖြစ်လာပါတယ်။ အဲသည်အချိန်ကာလများမှာ ပြည်သူ့ခေတ်ဂျာနယ်ကို ထုတ်ဝေပြီး ပိုမိုကျယ်ပြန့်တဲ့ စာဖတ်ပရိသတ်နဲ့ ကဏ္ဍပေါင်းစုံကို ဖော်ထုတ်ရေးသားသူများနဲ့ ဖြန့်ကျက်လာနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဆရာနဲ့ ပြန်တွေ့ဆုံတဲ့အချိန်က မြန်မာပြည်မှာ ၂၀၁၀ ရွေးကောက်ပွဲကာလ၊ အမေရိကန်ပြည်ထောင်စုကို စာနယ်ဇင်းဆိုင်ရာ သုတေသီတဦးအဖြစ် ရောက်ရှိနေချိန် ဖြစ်ပါတယ်။ အဲသည်မှာ မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဆရာရဲ့ အကောင်းမြင်ထားတဲ့ မျှော်လင့်ချက်နဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ရှုမြင်သမျှကို သိရှိခွင့် ဆွေးနွေးခွင့် (အနည်းငယ်) ရခဲ့ပါတယ်။

လူတဦးရဲ့ ဘ၀တသက်တာမှာ ကိုယ့်ယုံကြည်ရာအတွက် မြုပ်နှံလုပ်ကိုင်ကြရာမှာ ကိုယ်တိုင်ရဲ့ တစိုက်မတ်မတ် ဖြတ်သန်းမှု၊ တည်ဆောက်မှု၊ လူတဦးစာတင်မဟုတ်ဘဲ လူအများနဲ့ လက်တွဲပြီး ဖော်ဆောင်ရတဲ့ လုပ်ငန်း၊ ကွန်ယက်တွေ တည်ထောင် ဖော်ဆောင်ရမှုတွေကိုပါ တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ့်မျိုးဆက်တွေနဲ့ တွဲအလုပ်လုပ်ရုံတင်သာမက မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေနဲ့ လက်တွဲပြီး တခါးဖွင့်ပြီး အလုပ်လုပ်နိုင်ဖို့လည်း လိုတယ်ဆိုတာကို တွေ့မြင်ရပါတယ်။

ရထားတဲ့ ဘ၀နဲ့ အချိန်တွေဆိုတာ ကိုယ့်လုပ်ချင်တာတွေ၊ ပေးဆပ်ထူထောင်ချင်တာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် တိုတိုလေးပါပဲ။ ဆရာမောင်ဝံသကတော့ ဘယ်လိုပဲ ရောဂါဝေဒနာတွေ နှိပ်စက်ပါစေ၊ သတိပညာနဲ့ မိမိရဲ့ အလုပ်တာဝန်တွေကို အတတ်နိုင်ဆုံး ထမ်းဆောင်နေတာပဲလို့ ပြောချင်ပါတယ်။

အခုဒီစာကို ကမန်းကတန်းနဲ့ အမြန်ရေးပါတယ်။ ကျနော့်အဖွားမွေးနေ့ သက်ရှိထင်ရှားတုန်းက မွေးနေ့လက်ဆောင်ပေးချင်လို့ ရေးခဲ့တဲ့စာမူကို အတွေးအမြင်ကို မပေးခဲ့မိလို့ အဖွားခင်မျိုးချစ် သေပြီးမှ အခြားမဂ္ဂဇင်းတစောင်မှာ ဖော်ပြခြင်း ခံခဲ့ရတာကို အမြဲအမှတ်ရနေတော့ ဆရာမောင်ဝံသအတွက် ကျန်းမာရေး ဆုမွန်ကောင်းတောင်းတဲ့စာကို အခုလို အမြန်ရေးပါတယ်။ ပြီးတော့ တခြားစာစောင်တွေ မှာ ထည့်ဖို့ စောင့်ဆိုင်းမနေတော့ဘဲနဲ့ ကိုယ့် မိုးမခစာမျက်နှာမှာ ကိုယ်တိုင်ပဲ ရေးပြီး တင်ဆက်လိုက်ပါတယ်။

ဆရာ ကျန်းမာပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts