Op-Ed Tu Maung Nyo

Tu Maung Nyo – Thein Sein vs Shwe Mann

ဗိုလ်ရွှေမန်းက ဗိုလ်သိန်းစိန် ကို “ကျော” လိုက်ပြန်ပြီ

(တူမောင်ညို)

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်

သြဂုတ်လ ၂၃ ရက်နေ့က အစိုးရပိုင်သတင်းစာတွေမှာ ဖေါ်ပြခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်၊ “ဥပဒေကြမ်းပူးပေါင်း ကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့်သုံးသပ်ချက် အစီရင်ခံစာ”  ဆိုသည်မှာ တကယ်တော့ သမ္မတ ဗိုလ်သိန်းစိန်ကို ဗိုလ်ရွှေမန်း က “ကျော” လိုက် တာပဲဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းဟာ  “လွှတ်တော်လူတွင်ကျယ်” လုပ်ပြီး ဗိုလ်သိန်းစိန်ကို ကျောနေတာတွေများလှပြီ။

            ဗိုလ်သိန်းစိန်တို့သမ္မတရုံးက ထုတ်ပြန်လိုက်တဲ့ “သတင်းထုတ်ပြန်ချက် ၁၄ နဲ့ ၁၅” ထဲမှာဖေါ်ပြထားတဲ့ “ ပုဒ်မ ၁၉၈ နဲ့ ပုဒ်မ ၃၂၂” က  က ဗိုလ်ရွှေမန်းအရှိုက်ကို တည့်တည့်ထိသွားတာပဲ။ ဗိုလ်ရွှေမန်း မခံမရပ်နိုင်ဖြစ်သွားတယ်။

ဒီတစ်ခါ ဗိုလ်ရွှေမန်း “ကျော” ချက်က ဗိုလ်သိန်းစိန်ဟာ ရုပ်ပြသမ္မတပဲဖြစ်တယ်ဆိုတဲ့အချက် အထင်အရှားပေါ်လွင်သွားစေ ပါတယ်။ သမ္မတဟာ နိုင်ငံသားအားလုံးရဲ့အထွတ်အထိပ်နေရာမှာရရှိတယ်လို့ ဘယ်လိုပင်ဆိုသော်ငြားလည်း ဗိုလ်ရွှေမန်းကို ကျောမရ ဘူးဖြစ်နေတယ်။ ဗိုလ်ရွှေမန်းကိုနာခံနေရတယ်၊ ဗိုလ်ရွှေမန်းဆီက ပို့လာသမျှကို  သမ္မတဗိုလ်သိန်းစိန်ခမျာ ကျိတ်မှိတ် လက်မှတ်ထိုးပေး နေရရှာတယ်။

“ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သုံးသပ်ချက် အစီရင်ခံစာ” ထဲမှာ “ကျင့်ဝတ်အရလည်းကောင်း၊ ဥပဒေ အရလည်းကောင်းသင့်မြတ်မှုမရှိ”လို့ ခပ်ရင့်ရင့်ရေးသားဖေါ်ပြခဲ့ပါတယ်။ ဆိုလိုတာက အခြေခံဥပဒေ ပုဒ်မ ၇၁ အရ စွပ်စွဲပြစ်တင်ပြီး “သမ္မတ”ကို ထုတ်ပစ်နိုင်တယ်လို့ ခြိမ်းချောက်လိုက်တာပဲဖြစ်တယ်။ “အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌဟောင်း ဗိုလ်သိန်းစိုး ” တို့ လည်း ဒီနည်းနဲ့ ထွက်သွားခဲ့ကြရတာပဲမဟုတ်ပါလား။

 ဒီတစ်ခါ သမ္မတ ဗိုလ်သိန်းစိန်အလှည့် ဖြစ်လာတော့မလား။

ဗိုလ်ရွှေမန်းတို့ ဗိုလ်သိန်းစိန်တို့ အခုလို တစ်ယောက်နဲ့တစ်ယောက် ထီမထင်ဗိုလ်မထား တိုးကြခွေ့ကြဖြစ်နေကြတာတွေ ဟာ ဘာကြာင့်လဲ။

ဇစ်မြစ်က ဗိုလ်သန်းရွှေရဲ့နေရာချထားပေးမှုပေါ်ကနေ ပေါ်ထွက်လာတဲ့ တိုက်ရိုက်ရလဒ်တွေဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းရဲ့ အာဏာအလိုရမ္မက်ကြီးပုံကို အမေရိကန် ခရီးစဉ်မှာ ကြားသိခဲ့ကြရပြီဘဲ။ “သမ္မတထက်ကြီးတဲ့ ရာထူးနေရာရှိ မယ်ဆိုရင်တောင်ယူချင် တယ်” လို့ပြောခဲ့တယ်မဟုတ်လား။

 အနှစ်သာရကတော့ ဗိုလ်သန်းရွှေရဲ့အမွေစားအမွေခံအာဏာပြိုင်တွေအကြားမှာ မဖုံးနိုင်မဖိနိုင် နောက်ထပ်ပေါ်ထွက်လာတဲ့ စားခွက်လုမှု၊ ဗိုလ်လုမှု တစ်ကွက်တစ်ကွင်းဖြစ်တယ်။

နောက်တစ်ချက်  “၂၀၀၈ အခြေခံဥပဒေ” ကို လက်တွေ့ကျင့်သုံးရာကနေ စစ်အုပ်စုဝင်အချင်းချင်း ဗိုလ်မထားတဲ့ အကျင့်စရိုက် တွေထကြွသောင်းကျန်းလာမှုရဲ့ပြယုဂ်လည်းဖြစ်တယ်။

  မြင်သာလွန်းတဲ့အချက်က “၂၀၀၈ အခြေခံဥပဒေ” အရ (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) အာဏာသုံးရပ်အညီ အမျှပိုင်းခြားထားတယ်၊ အပြန်အလှန်ထိန်းကျောင်းနေတယ်”ဆိုတဲ့စကားတွေဟာ လိမ်ညာလှည့်ဖျားမှုတွေသာဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပီပီပြင်ပြင် ထိန်းကျောင်းနိုင်ဖို့ “နကန်” လုကြတာမျိုးလည်းဖြစ်တယ်။

 စကတည်းကယဉ်သကိုဆိုသလိုပဲ “တရားရေးမဏ္ဍိုင်” ဆိုတာ ဗိုလ်သိန်းစိန်တို့ ဗိုလ်ရွှေမန်းတို့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး တို့ က ပြုသမျှနုရတဲ့ လက်ကိုင်တုတ်ပဲဖြစ်တယ်။

 ဗိုလ်သိန်းစိုးတို့အခြေခံဥပဒေခုံရုံးကံကြမ္မာကို ဗိုလ်ရွှေမန်းတို့ ဥပဒေပြုရေးက အဆုံးအဖြတ်ပေးခဲ့တာ လက်တွေ့ပဲဖြစ်ပါတယ်။ ဒီတစ်ခါ ဗိုလ်ရွှေမန်းနဲ့ ဗိုလ်သိန်းစိန် ထိပ်တိုက်ထပ်ပြီးတိုးတာဖြစ်ပါတယ်။ “အုပ်ချုပ်ရေး” ကို “ဥပဒေပြုရေး” အောက်ဆွဲသွင်းတာပဲဖြစ် တယ်။ 

ဒါကြောင့် ဒီလို စားခွက်လုမှု၊ ဗိုလ်လုမှုတွေ ဟာ “၂၀၀၈ အခြေခံဥပဒေ” ကို မဖျက်သိမ်းနိုင်သမျှ ပုံစံမျိုးစုံနဲ့ပေါ်ထွက်နေမှာ လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုစားခွက်လုမှု၊ ဗိုလ်လုမှုတွေဟာ ပြည်သူ့အကျိုးစီးပွားကို ဗဟိုပြုပြီး ဗိုလ်လုကျတာလုံးဝမဟုတ်ဘဲ သူတို့ချင်း စားခွက်လုမှုမျှသာဖြစ်ပါတယ်။ ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး ပြည်သူလူထုအတွက် ဘယ်လိုအကျိုးအမြတ်မျှမရှိနိုင်ပါဘူး။

သူတို့ ဗိုလ်လုမှုရဲ့ အနှစ်သာရက ပြည်သူလူထုအပေါ်  “ငါသာလျှင် တစ်ကိုယ်တည်း၊ တစ်ဗိုလ်တည်း ဗိုလ်ကျမယ်” ဆိုတဲ့ စစ်အာဏာရှင်လုပ်ဟန်ဖြစ်ပါတယ်။

 ဒီစစ်အာဏာရှင် လုပ်နည်းလုပ်ဟန်ကို ဗိုလ်နေဝင်းက မျိုးစေ့ချနည်းလမ်းပြခဲ့ပြီး၊ ဗိုလ်သန်းရွှေက လက်ဆင့်ကမ်းပေးအမွေ  ခဲ့ပါတယ်။  ဒီလိုအာဏာခွာရာတိုင်းကြရင်းနဲ့လက်ဦးမှုရတဲ့လူက ဗိုလ်ဆက်လုပ်ပြီး ရှုံးတဲ့လူက အာဏာအဝန်းအဝိုင်းကနေ အပြီးအပိုင် ထွက်သွားရပါတယ်။ ရိုးရိုးထွက်ရခြင်းမဟုတ်ပါ၊ “အမိန့်မနာခံမှု၊ လဘ်စားမှု” စသဖြင့် အပုပ်ထုတ်ကို ဖွင့်ထုတ်ဖြေပြ၊ ထောင်ချခံရပြီးမှ ထွက်ရတာပါ။

ပူပူနွေးနွေး မဝေးလှသေးတဲ့သာဓကအဖြစ် “ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးဂိုဏ်းကို ဗိုလ်သန်းရွှေတို့ ချလိုက်တဲ့ ဖြစ် ရပ်ကိုပဲ ကြည့်ပါ။ အစွယ်ကျိုး ဗိုလ်ခင်ညွန့် ဘယ်လိုဖြစ်သွားသလဲ။ “နိုင်ငံရေးမလုပ်ပါဘူး” ဆိုတဲ့စကားကို လူထူထူရှိရင် ခဏခဏ ပြော နေရတယ်မဟုတ်လား။ ဗိုလ်ခင်ညွန့်အုပ်စု ဘက်ကသာ လက်ဦးမှုရခဲ့ရင်လည်း ဗိုလ်သန်းရွှေတို့ အုပ်စုကို အပြတ်ဆော်မှာပါ။ ဒါကြောင့် စစ်အုပ်စုဝင် ထိပ်သီးတွေအကြား က စားခွက်လုမှု ဗိုလ်လုမှုဟာ ပြည်သူလူထုအတွက် မည်သည့်အကျိုးမျှမရှိနိုင်ပါ။

ကြောင်အိုတော့ ကြွက်မလေး ဆိုသလို ဗိုလ်နေဝင်းကို ဗိုလ်သန်းရွှေ- ဗိုလ်မောင်အေး – ဗိုလ်ခင်ညွန့်တို့အစုက အံတုခဲ့တာပဲ။ ဗိုလ်ခင်ညွန့်ကို ဗိုလ်သန်းရွှေတို့ အစုကဖြုတ်ချခဲ့တာပဲ။ စစ်အုပ်စုတွင်း အရှုံးအနိုင်က ပြည်သူတွေအတွက် မည်သည့်အကျိုးမျှမရှိခဲ့။

“၂၀၀၈အခြေခံဥပဒေ” ဆိုတာကလည်း စစ်အုပ်စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ် အကျိုးစီးပွားတွေကို သားစဉ်မြေးဆက် ထိန်း သိမ်းကာကွယ်တိုးချဲ့နိုင်ရေးဆိုတဲ့ရည်ရွယ်ချက်နဲ့ရေးဆွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။

 ဒါကြောင့် ဒီအခြေခံဥပဒေတည်မြဲနေသမျှ၊ မဖျက်သိမ်းနိုင်သမျှ စစ်အုပ်စုဝဝ် ထိပ်သီး အချင်းချင်းကြားက  စားခွက်လုမှု၊ဗိုလ်လု မှုတွေဟာ “၂၀၀၈ အခြေခံဥပဒေ” ကို ဗဟိုပြုပြီး ပေါ်ပေါက်မြဲပေါ်ပေါက်လာနေဦးမှာပဲဖြစ်တယ်။ ဒါဟာ ဘာမျှမဆန်းပါဘူး။

 ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်းတို့ဆိုတာ စစ်အုပ်စုဆိုတဲ့ ကျည်ဘောက်ထဲက ကျည်ဆံတွေသာဖြစ် တယ်။  

ညွန်း

– “ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီအစီရင်ခံစာ ” ၊ မြန်မာ့အလင်းသတင်းစာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်၊ စာမျက်နှာ ၆၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts