>Min Din interview

>

ဘလော့ဂါမင်းဒင်နှင့် မိုးမခ အင်တာဗျူး
ဇွန် ၂၃၊ ၂၀၀၉


မြန်မာ့ ဘလော့ဂါလောကတွင် ထင်ရှားသူတဦးဖြစ်သည့် မင်းဒင်၏ www.mindin.info ဘလော့ တွင် စိတ်ဝင်စားစရာ အကြောင်းအရာ များစွာ ပါဝင်သည်။ လက်ရှိအခြေအနေကို သရော်သော အရေးအသားများလည်း ပါဝင်သည်။ “သက်ခိုင်” အမည်ရှိ ၀တ္ထုရှည်တပုဒ်ကို သူ၏ ဘလော့တွင် အခန်းဆက် ဖော်ပြလျက်ရှိသည်။ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် နေထိုင်သော ဘလော့ဂါမင်းဒင်ကို မိုးမခက ဆက်သွယ် မေးမြန်းထားပါသည်။


ဝတ္ထုထဲမှာ သက်ခိုင်က သူ့ဇာတိမြေ နတ်မောက်အကြောင်း ပြောရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ထည့်ပြောသွားတာ ဖတ်ရတယ်။ အဲဒါ သက်ခိုင် တကယ်ပြောပြခဲ့တာ တွေလား၊ ကိုမင်းဒင် ဖတ်ထား မှတ်ထားတာတွေကို ထည့်ရေးလိုက်တာလား။
မင်းဒင်ရဲ့ သက်ခိုင်မှာ ရေးသားဖော်ပြချက်မှန်သမျှဟာ ဖတ်ဖူးမှတ်ဖူး၊ ကြားဖူးနားဝနဲ့ ရေးတာတွေ မဟုတ်ပါဘူး။ သက်ခိုင်ရဲ့ တကယ့် ဘဝအတွေ့အကြုံတွေ၊ ပြောပြချက်တွေပဲ ဖြစ်ပါတယ်။ ဝတ္တုဇာတ်လမ်းတွေမှာပါတဲ့ ဇာတ်ကောင်စရိုက်ကို တုပ၊ ကူးယူ၊ နည်းမှီ ရေးသားထားခြင်း မဟုတ်သလို လုပ်ကြံ ဖန်တီး ဖြည့်စွက်ချက်တွေလည်း မပါဝင်ပါဘူး။ တချို့ တကယ့်ဖြစ်ရပ်တွေဟာ စိတ်ကူးယဉ် ဇာတ်လမ်းထက် ပိုပြီး ထူးဆန်း အံ့သြဖို့ ကောင်းတာတွေ လောကကြီးမှာ ရှိတတ်ပါတယ်။

ရဲဘက်စခန်းမှာ အကျဉ်းသားတွေကို ခိုင်းတဲ့အကြောင်းတွေကရော ကြားဖူးနားဝနဲ့ ရေးတာလား။
ရဲဘက်စခန်းကို ကျနော်ကိုယ်တိုင် ပြစ်ဒဏ်ကျ အကျဉ်းသားဘဝနဲ့ ရောက်ခဲ့ဖူးပါတယ်။ အပြင်လောကကြီး အနေနဲ့ သိဖို့ မလွယ်ကူတဲ့၊ စာတွေ ပေတွေထဲမှာလည်း တွေ့ရခဲတဲ့ တကယ့် ငရဲခန်းမှာ ရဲဘက်တွေဟာ အမှောင်တွင်း၊ အမေ့ခံဘဝနဲ့ ဘယ်လို ရုန်းကန် နေထိုင် အသက်ရှင် နေကြရတယ် ဆိုတာ သိစေလိုတဲ့ ပြင်းပြသော စိတ်ဆန္ဒတခုနဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။

တချို့က သက်ခိုင် နဲ့ မင်းဒင် တယောက်တည်း လို့ ယူဆကြတယ်။ အဲဒါ ဟုတ်သလား။
“ သက်ခိုင်ဟာ တကယ့် သက်ရှိ ထင်ရှား ပုဂ္ဂိုလ်တယောက်ပါ “ ဆိုတဲ့ အဖြေနဲ့ ကျေနပ်စေလိုပါတယ်။ လူပုဂ္ဂိုလ်ကို ဇောင်းပေး ကြော်ငြာနေတာ မဟုတ်ပါဘူး။ သူ ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလ၊ သူ့ ဘဝခရီး၊ သူ့ အတွေးအမြင်၊ သူ့ လုပ်ရပ်တွေ ပါဝင်တဲ့ သူ့ဘဝ ဖြစ်စဉ်ကို ကျနော် ရေးတတ်သလို ရေးချပြခဲ့ခြင်းသာ ဖြစ်ပါတယ်။

သက်ခိုင်ဝတ္ထုထဲမှာ နော်လီဇာ၊ အေးချမ်းမေ၊ ထက်ထက်မိုးဦး ပြီးတော့ အမျိုးသား၊ အဆိုတော်တွေ အကြောင်း ရေးထားတာတွေက သူတို့ကို မထိခိုက်စေဘူးလား။
မင်းဒင်ရဲ့ သက်ခိုင်ကို ရေးရာမှာ လက်စားချေလိုခြင်း၊ သိက္ခာ ကျဆင်းစေလိုခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်စေလိုခြင်း ဆိုတာတွေ အလျဉ်းမရှိပါဘူး။ သံဝေဂ နဲ့ ပြောပြချက်တွေပဲ ဖြစ်ပါတယ်။ ရေးသားခဲ့သမျှဟာ သက်ခိုင့်ရဲ့ ဘဝ ဖြစ်စဉ်ကို ဖော်ပြနိုင်ဖို့သာ ရည်ရွယ်ပါတယ်။ မလွှဲသာ မရှောင်သာ နှီးနွယ် ပတ်သက်နေတာကြောင့် ချန်လှပ်ထားခဲ့လို့ မရဘဲ ရေးလိုက်ရတာတွေ ရှိပေမယ့် ပုဂ္ဂိုလ်ရေး နစ်နာမှု မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်း ရေးသားခဲ့ပါတယ်။ သေချာ ဂရုတစိုက် ဖတ်ကြည့်ရင် ဒီအချက်ဟာ ပိုမို ပေါ်လွင် လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီကြားထဲက မတော်တဆများ နစ်နာစရာ ဖြစ်ခဲ့မယ်ဆိုရင်လည်း အဲဒီလို ရည်ရွယ်ရင်း မဟုတ်ကြောင်း ဆိုတာ လေးလေးနက်နက် ပြောလိုပါတယ်။

မင်းဒင်ရဲ့  သက်ခိုင် အခန်းဆက် ပို့စ်တွေမှာ သုံးထားတဲ့ ပုံတွေကို ဘယ်သူ ရွေးတာလဲ။ တချို့  ပုံတွေက စိတ္တဇဆန်တယ်။ ဘာကြောင့် ဒီလို ပုံတွေ ရွေးတာလဲ။ ဒီလိုပုံတွေကို သဘော ကျတတ်သလား။
သက်ခိုင်ရဲ့ ဇာတ်လမ်းဟာ ရှည်လျားလွန်းတာကြောင့် စာဖတ်သူတွေ မငြီးငွေ့ရလေအောင် ရုပ်ပုံတချို့ကို ကျနော်ကိုယ်တိုင် ဂူဂဲလ်စာမျက်နှာတွေကနေ ရှာဖွေထည့်သွင်းခဲ့တာပါ။ ရုပ်ပုံတွေကို ရွေးရာမှာ သက်ဆိုင်ရာ အခန်းရဲ့ အကြောင်းအရာနဲ့“တိုက်ရိုက်” သက်ဆိုင်တဲ့ ရုပ်ပုံတွေကို မရွေးဘဲ အဲဒီအခန်း ကပေးတဲ့ “ခံစားမှုရဲ့ နိမိတ်ပုံ” ကို ဖော်ပြနိုင်ဖို့ ရည်ရွယ်၊ ကြိုးစားရွေးခဲ့ပါတယ်။ ထူးခြားတာက စာဖတ်သူ တော်တော် များများဟာ ကျနော် ရွေးတဲ့ ပုံတွေကို နှစ်သက် သဘောကျကြပါတယ်။ ကျနော် ပေးချင်တဲ့ ခံစားမှုကို စာဖတ်သူတွေထဲမှာ နားလည် လက်ခံနိုင်သူ များနေလို့ ကျနော် တော်တော် အံ့သြမိပါတယ်။ ခြွင်းချက် အနေနဲ့ တချို့ စာဖတ်သူ အနည်းစုကတော့ ပုံတွေကို မနှစ်သက်ဘူးလို့လည်း သိရပါတယ်။

သက်ခိုင် အပိုင်း ၇၂ မှာ ၀တပ်ဖွဲ့က ခြေတဖက် ပြတ်နေတဲ့ ကိုအောင်မြင့် ဆိုတဲ့သူ၊ ပြီးတော့ ဗိုလ်မှုးကြီးအိုက်ကျောက်နပ် ဆိုတဲ့ ပုဂ္ဂိုလ်၊ ဒီလူတွေက တကယ်ပဲ အပြင်မှာ ရှိသလား။
အပြင်မှာ သက်ရှိ ထင်ရှား ရှိပါတယ်။ လားရှိုး ဘူတာရုံမှာ ကိုအောင်မြင့်ကို အခုအချိန် ရှာရင်တောင် တွေ့နိုင်ပါသေးတယ်။ ဦးကျောက်အိုက်နပ်လည်း လားရှိုးမှာ သက်ရှိထင်ရှား နေထိုင်ဆဲပါ။

သတင်းထောက်နဲ့ ၀တ္ထုရေးတဲ့သူ ဘယ်လို ကွာခြားတယ်လို့ ထင်သလဲ။
သတင်းထောက်ပညာကို ကျနော် မတတ်မြောက်သလို ဝတ္ထုကိုလည်း ဖြစ်ဖြစ် မြောက်မြောက် ရေးတတ် သေးသူ မဟုတ်လို့ ကျနော် မဖြေတတ်ပါဘူး။

စာဖတ်သူတွေရဲ့ အားလပ်ချိန် နည်းနည်းလေးမှာ သူတို့အတွက် ဖတ်စရာ ဘလော့ဂ်တွေ ၀က်ဆိုက်တွေက မြန်မာဘာသာနဲ့ အများကြီး ရှိနေတယ်။ ဒီလို အခြေအနေမှာ ကိုမင်းဒင်ရဲ့ ရသဆောင်းပါးတွေက ရှည်တယ်လို့ မထင်ဘူးလား။
ကျနော်က ရေးချင်စိတ်ပေါက်လို့ ရေးတာကလား။ ရေးချင်စိတ် ပြောပြချင်စိတ်ကို ထိန်းမရဘဲ လွှတ်ပြီး ရေးချလိုက်ရာက ရှည်လျားသွားပုံရပါတယ်။ ကျနော် စာမရေးတတ်သေးလို့ လန်ဘားကျောက်တံတား ဆောင်းပါးတွေ ဖြစ်သွားတာလည်း ဖြစ်နိုင်ချေတခုပါပဲ။

မင်းဒင်ရဲ့ သက်ခိုင်က အပိုင်း ၇၃ ရှိသွားပြီ၊ အပိုင်း ၇၅ အထိ ရေးရဦးမယ်လို့ ခန့်မှန်း ထားတာ ဖတ်လိုက်ရတယ်။ ၇၅ မှာ အဆုံးသတ်နိုင်မလား။ ဘယ်လောက်အထိ ဆက်ရေးဦးမလဲ။
စာအုပ်တအုပ်စာ အတွက်မှန်းပြီး အပိုင်း ၇၅ မှာ အဆုံးသတ်ဖို့ ကြံရွယ်ခဲ့ပါတယ်။ တကယ်တမ်း အဆုံးသတ်ကြည့်တော့ ထင်သလောက် မလွယ်တာကြောင့် ဆက်ရေးရပါဦးမယ်။ အပိုင်း တရာကျော်လောက် ရှိသွားနိုင်ပါတယ်။ နောက်ပိုင်း အခန်းတွေဟာ တရားရုံး အမိန့်တွေ အပါအဝင် အထောက် အထား မူရင်းတွေပါ ထည့်သွင်း ဖော်ပြရမလို ဖြစ်နေတာကြောင့် ပုဂ္ဂိုလ်ရေး ထိခိုက်မှုတွေ မပါရအောင် ချင့်ချိန်နေပါတယ်။

ကိုယ်ပိုင် ဘလော့ဂ်မှာ မရေးခင် ဘယ်မှာရေးခဲ့သလဲ။ မင်းဒင် ဆိုတဲ့ ကလောင်နာမည်ကို ရိုးမ ၃ မှာပဲ တွေ့ဖူးတယ်။
ကျနော် ငါးတန်းကျောင်းသား ဘဝ ကတည်းက ကျောင်းနံရံကပ် စာစောင်တွေမှာ၊ တက္ကသိုလ် အဆင့် နှစ်လည် မဂ္ဂဇင်းတွေမှာ ရေးဖူးပါတယ်။ များသောအားဖြင့် ကိုယ်ရေးပြီး ကိုယ်မကြိုက်တာ များပါတယ်။ တိုင်းပြည် အပြင်ဘက် ထွက်လာတော့ ရိုးမ(၃) မှာ စရေးပါတယ်။

၂၀၀၆ ခုနှစ်တုန်းက ရိုးမ ၃ အင်တာနက်စာစောင်မှာ ကိုမင်းဒင် ရေးခဲ့တဲ့ ပသီပုံပြင်ထဲက တို့တိုင်းဌာနီ ဆိုတဲ့ ဆောင်းပါးက ပသီပုံပြင်ကို ကိုးကားထားတယ်လို့ ဆိုတယ်။ အဲဒီပုံပြင်နဲ့ တထေရာတည်း တူတဲ့ လျော်ကန် သင့်မြတ်လှကြောင်းပါ ဆိုတဲ့ ရေဒီယိုဆောင်းပါး တပုဒ် ကလည်း အင်းဝခေတ် ရဟန်းစာဆိုတပါးရဲ့ လက်ရာကို မှီးထားတယ်လို့ ဆိုတယ်။ မူရင်းက ဘယ်ဟာဖြစ်မယ် ထင်လဲ။
ကျနော်တော့ အဲဒီဇာတ်လမ်းကို ဘီဘီစီမှာ နားထောင်လိုက်ရတော့ တော်တော် အံ့သြမိပါတယ်။ အခု အင်းဝခေတ် ရဟန်း စာဆိုတပါးရဲ့ လက်ရာဆိုတာ ထပ်ကြားရတော့ ပိုပြီး အံ့သြရပါတယ်။ အင်းဝခေတ်မှာ မြန်မာနိုင်ငံကို ကိုရမ်ကျမ်းထဲက ဘယ်လိုဇာတ်လမ်းတွေ ရောက်နေပြီလဲ ဆိုတာ ထပ်ပြီး သိချင်စိတ်ပေါ်မိပါတယ်။ ရိုးရိုးသားသား ပြောရရင် တခုခုတော့ မှားနေသလို ခံစားရပါတယ်။

သရော်စာ ဆောင်းပါးတွေ ဆက်ရေးဖို့ အစီအစဉ် ရှိလား။
တကယ်တမ်း ပြောရရင် သရော်စာကို ရေးရတာ အားသန်ပါတယ်။ ကျနော် အကြိုက်ဆုံး သရော်စာ ရေးသူကတော့ ဂိုင်းဒီ မိုပါဆွန်း( ပြင်သစ်) ပါပဲ။ သရော်စာတွေ အများကြီး ဆက်ရေးချင်ပါတယ်။

ဖြစ်ပျက်ရှာပုံတော်ခရီးသည်၊ မင်းဒင်ရဲ့သက်ခိုင် တို့ကို စာအုပ် ထုတ်ဖြစ်မယ် ဆိုရင် ဘယ်သူတွေကို ရည်ရွယ်သလဲ။
နှစ်ပုဒ်စလုံးကို စာအုပ်ထုတ်ဖို့ အစီအစဉ် ရှိပါတယ်။ ကြိုးစားနေဆဲပါ။ ကျနော့်စာတွေကို လက်ခံ နှစ်သက်သူများအတွက် ရည်ရွယ်ပါတယ်။

ကိုမင်းဒင် ဘယ်စာရေးဆရာတွေကို ကြိုက်သလဲ။
ဒဂုန်ရွှေမျှား၊ ရွှေဥဒေါင်း၊ မြသန်းတင့်၊ မင်းကျော်၊ သော်တာဆွေ၊ တက္ကသိုလ် ဘုန်းနိုင်၊ နိုင်လင်း …( အစရှိသဖြင့်) တို့ခေတ်မှာ ကျနော်ကြီးပြင်းခဲ့လို့ ပိုနှစ်သက်တယ်လို ဆိုနိုင်ပါတယ်။ သို့သော် နေဝင်းမြင့်၊ ဆောင်းဝင်းလတ်၊ နုနုရည်(အင်းဝ) တို့ ခေတ်ကို ရောက်တော့လည်း သူတို့စာတွေကို နှစ်သက်မိတာပါပဲ။ စာရေးသူထက် ရေးတဲ့စာကို ပို အလေးထားတတ်လို့ လေးစားမိတဲ့ မထင်မရှား ကလောင်တွေလည်း အများကြီးပါ။

အခုတလော ဘာတွေ ဖတ်ဖြစ်သလဲ။
စာမရွေး၊ဘလော့မရွေး။ အားလုံးကြုံရင် ကြုံသလို ဖတ်ပါတယ်။

ထိုင်းမှာ အနေကြာတဲ့လူတယောက်ဆိုတော့ မေးရဦးမယ်၊ ထိုင်းလူမျိုးတွေကို ဘယ်လို ထင်သလဲ။
ထိုင်းနဲ့ မြန်မာ လူမျိုး နှစ်မျိုးကြားက နောက်ခံ စစ်သမိုင်း အရိပ်မဲကြီးဟာ အခုထိ မပျောက်သေးပါဘူး။
မြန်မာလူမျိုးအပေါ် တန်းတူမြင်နိုင်တဲ့ ထိုင်းလူမျိုး အရေအတွက် အလွန်နည်းပါတယ်။

ကိုမင်းဒင် ဖူးခက်မှာပဲ အမြဲ နေသွားမှာလား။ မြန်မာပြည် ပြန်ဖို့အစီအစဉ် ရှိသလား။
မေးမှ မေးရက်ပလေဗျာ။ ဖူးခက်က ကျနော့် ယာယီ စခန်းပါ။ မကြာတဲ့ တနေ့မှာ မြန်မာပြည် ပြန်မှာပါ။ အညာကို ပြန်မှာပါ။ အေးဗျာ၊ အညာမှာ စာရေးနိုင်တဲ့ ကွန်ပျူတာလေးတော့ ရှိစေချင် မိတယ်။ ကွန်နက်ရှင် ကောင်းကောင်းလေးပေါ့။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts