>Junta’s under pressure, allowing diplomats and reporters to trial again

>

ပြည်ပဖိအားကြောင့် သံတမန်နှင့် သတင်းထောက်များကို စစ်အစိုးရ ဒုတိယအကြိမ် ခွင့်ပြုဟု သုံးသပ်

တင်ကျော်ကျော်စိုး (ဖရီဒမ်းနယူးဂရုပ်)

မေ ၂၅၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းရှိ တရားရုံး၌ တရားစွဲဆိုထားမှုကို စစ်အစိုးရက ဒုတိယအကြိမ်အဖြစ် သံတမန်များနှင့် သတင်းထောက်များကို ပြန်လည်ခွင့်ပြုလိုက်
သည်ဟု အမည်မဖော်လိုသော ပြည်တွင်းစာနယ်ဇင်းသမားတစ်ဦးက Freedom News Group သို့ ပြောသည်။ သံတမန် ၁၅ ဦးနှင့် သတင်းထောက် ၁၀ ဦးကို ခွင့်ပြုမည်ဟု ဆိုသည်။

“ဒုတိယမြောက်အပတ်ရဲ့ ဒုတိယနေ့၊ နက်ဖြန်အင်္ဂါနေ့ အတွက်ပေါ့နော်။ သံတမန်တွေကိုတော့
အကြောင်းကြားထားပြီးပြီ။ ပြည်တွင်းက နိုင်ငံခြားသတင်းဌာန သတင်းထောက်တွေနဲ့ စာနယ်ဇင်းကပုဂ္ဂိုလ်တွေကိုတော့ ဘယ်လိုစုခိုင်းမလဲ မသိဘူး။ သံတမန်တွေကတော့ မနက် ရ နာရီခွဲ အင်းစိန်ထောင်ရှေ့မှာ လာစုရမယ်လို့ ပြောတယ်”ဟု အဆိုပါစာနယ်ဇင်းသမား ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထောင်တွင်းတရားရုံး၌ အမှုစစ်ဆေးပုံကို ပြီးခဲ့သည့်အပတ် မေလ ၂၀ ရက်နေ့က တခါ ခွင့်ပြုခဲ့သည်။ ထိုအကြိမ်က နိုင်ငံခြားသံတမန် သုံးဦးသာ ဒေါ်စုနှင့် တွေ့ဆုံ စကားပြောခွင့်ရသည်။ ပြည်တွင်းအခြေစိုက်နိုင်ငံခြားသတင်းဌာနမှ ငါးဦး မဲနှိုက် တက်ရောက်ရပြီး ပြည်တွင်း ဂျာနယ်များကမူ စစ်အစိုးရနှင့်နီးစပ်သည့် ဂျာနယ်များသာ တက်ရောက်ခွင့်ရှိခဲ့ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

စစ်အစိုးရက ထိုကဲ့သို့ သံတမန်နှင့် သတင်းထောက်များကို ခွင့်ပြုခြင်းသည် နိုင်ငံတကာဖိအားများကို သက်သာစေလိုခြင်းကြောင့်ဖြစ်သည် ဟု နိုင်ငံရေးအကဲခတ် တဦးကပြောသည်။

လုံခြုံရေးအစောင့်အရှောက်များ ထူထပ်စွာချထားသော အင်းစိန်ထောင်တွင်းရှိ ယနေ့ကျင်းပသောတရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများက တရားလိုပြသက်သေ ငါးယောက်ကို ပြန်လှန်မေးခွန်းများ ထုတ်ခဲ့ကြသည်ဟု သိရသည်။

ရ ရက်မြောက်နေ့ မနက်ဖြန်ပြုလုပ်မည့်တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်
ထွက်ဆိုချက်ပြုမည်ဟု သူမ၏ရှေ့နေ ဦးဥာဏ်ဝင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်း မေလ ၂၇ ရက် ဗုဒ္ဓဟူးနေ့ တွင် ပြည့်မည်ဖြစ်သည်။

ယနေ့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပသော ဥရောပ-အာရှ (အာဆမ်) နိုင်ငံခြားရေးဝန်ကြီးများ၏ ၉ ကြိမ်မြောက် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အား မတရားဖမ်းဆီးထားမှုကိုအဆုံးသတ်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အာရှနှင့် ဥရောပနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts