>Obama extends Burma sanctions

>

အမေရိကန်က မြန်မာပြည်အပေါ် စီးပွားရေး ပိတ်ဆို့မှု တနှစ်ထပ်တိုး
မိုးမခအထောက်တော် ၀၀၄
မေ ၁၆၊ ၂၀၀၉

အမေရိကန်၏ ပိတ်ဆို့မှုကို သဘောမတူသူ တဦးဖြစ်သည့် ဒေါက်တာဇာနည်


အမေရိကန်သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ထားခြင်းကို သက်တမ်း တနှစ် တိုးလိုက်သည်။

စစ်အစိုးရအနေဖြင့် အတိုက်အခံများနှင့် ဆွေးနွေးပြီး ဒီမိုကရေစီဖော်ဆောင်နိုင်ရန်အတွက် ထိုသို့ ပိတ်ဆို့ထားခြင်းဖြစ်သည်။

အမေရိကန်၏ အရေးယူမှုတွင် “အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းများ အပါ အဝင် အခြားသော နိုင်ငံခြားသား၊ နိုင်ငံခြား အဖွဲ့အစည်းများ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်ရန် တားမြစ်ခြင်း၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်ခြင်း၊ စစ်အစိုးရပိုင် လုပ်ငန်းများရဲ့ ငွေကြေးလည်ပတ်မှုကို ထိန်းချုပ်ခြင်း” စသည့် အချက်များ ပါဝင်သည်ဟု မြန်မာ့အရေး အကဲခတ်သူ တဦး ဖြစ်သည့် ဦးမောင်ရွှေက မိုးမခ တွင် ရေးသားခဲ့ဖူးသည်။

စစ်အစိုးရအား အထောက်ပံ့ ပေးနေသည့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ၊ စစ်အစိုးရ ခေါင်းဆောင်များ၊ သူတို့၏ မိသားစုများကို နာမည်ပျက် စာရင်းသွင်းခြင်း၊ ငွေကြေးပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည့် ပိတ်ဆို့မှုများလည်း ပါဝင်သည်ဟု ဆိုသည်။

http://moemaka.com/index.php?option=com_content&task=view&id=3675&Itemid=1

အမေရိကန်က နာဂစ်ဒုက္ခသည်များကို ကူညီမှုကဲ့သို့သော လူသားချင်း စာနာမှု အထောက်အပံ့များ ပေးအပ်နေသော်လည်း မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ထားသည်မှာ ၁၂ နှစ် ရှိခဲ့ပြီ ဖြစ်သည်။

အဆိုပါ ပိတ်ဆို့ မှုကို နှစ်စဉ် သက်တမ်းတိုးလျက်ရှိရာ မြန်မာ့နိုင်ငံရေး လောကတွင် ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိသည်။

မြန်မာပြည်တွင် အနှောင့်အယှက်မရှိ နိုင်ငံရေး လုပ်ပိုင်ခွင့် ရနေသော အစိုးရ ထောက်ခံသူများက ပိတ်ဆို့မှုကို အထူး ကန့်ကွက်လျက်ရှိသည်။ ပြည်ပရောက် နိုင်ငံရေးသမားများအနက် ပိတ်ဆို့မှုကို သဘောမတူသူထဲတွင် ဒေါက်တာဇာနည်မှာ အထူး ထင်ရှားသည်။

အမေရိကန်၏ ဒဏ်ခတ်ရေး နည်းလမ်းသည် မြန်မာပြည် အပြောင်းအလဲအတွက် ထိရောက်မှု မရိဘဲ ဆိုးကျိုးများသာ ဖြစ်ပေါ်နေသည်ဟု ၎င်းတို့က ထောက်ပြကြသည်။

သို့သော်လည်း ထိရောက်မှု ရှိပြီး အလုပ်ဖြစ်နိုင်မည့် နည်းလမ်းကို ယနေ့အချိန်အထိ တင်ပြကြခြင်း မရှိပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts