>Regime bars lawyer from Daw Su trial

>

ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် ပါဝင်မည့် ရှေ့နေတဦး လိုင်စင်သိမ်းခံရ
မိုးမခအထောက်တော် ၀၀၄
မေ ၁၆၊ ၂၀၀၉


အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားသည့် ရှေ့နေ့ ၃ ဦးအနက် ၁ ဦးထံသို့ ယမန်နေ့ညပိုင်းတွင် သွားရောက်ပြီး ရှေ့နေလိုင်စင် ဖျက်သိမ်းကြောင်း ပြောကြားလိုက်သည်။

လိုင်စင် ဖျက်သိမ်းခံရသဖြင့် ဒေါ်စု ရင်ဆိုင်နေရသော အမှုကို ကူညီခွင့် ရတော့မည်မဟုတ် ဟု ရှေ့နေ ဦးအောင်သိန်းက မိုးမခကို ပြောသည်။

“ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဋ္ဌေးကြွယ် နဲ့ ကျနော့် ကို ဒီအမှုမှာ ပါဝင်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတယ်လို့ သိရတယ်။ ဒီအချက်ကြောင့် ရှေ့နေလိုင်စင် အသိမ်းခံလိုက်ရတာ ဖြစ်နိုင်တယ်” ဟု ဦးအောင်သိန်းက ပြောသည်။

ဒေါ်စု၏ အမှုတွင် ရှေ့နေ ၂ ဦး လိုက်ပါဆောင်ရွက်နိုင်ရန် အာဏာပိုင်တို့က ခွင့်ပြုထားပြီး ဖြစ်သည်။ ၎င်းတို့မှာ ဦးကြည်ဝင်း နှင့် ဦးလှမျိုးမြင့်တို့ ဖြစ်သည်။

သို့သော်လည်း ဒေါ်စုက နောက်ထပ် ရှေ့နေ ၃ ဦးကို ထပ်မံ ငှားရမ်းလိုသဖြင့် ရှေ့နေတို့၏ အမည်များကို အာဏာပိုင်တို့ထံ တင်သွင်းခဲ့သည်။

ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဋ္ဌေးကြွယ်တို့ကို ဆက်သွယ် မေးမြန်းကြည့်ရာ ယခုအချိန်အထိ လိုင်စင်ဖျက်သိမ်း ခံရခြင်း မရှိဟု ဆိုသည်။

အာဏာပိုင်တို့က ဒေါ်စုကို နေအိမ်အတွင်း လူစိမ်းတဦး လက်ခံမှုဖြင့် အင်းစိန်ထောင်သို့ ပို့ပြီး တရားစွဲဆိုလိုက်သည်။ တနင်္လာနေ့တွင် အမှု စတင်ကြားနာမည်ဟု ဆိုသည်။

တချိန်တည်းတွင် ဦးအောင်သိန်းနည်းတူ ရှေ့နေ ဦးခင်မောင်ရှိန်သည်လည်း လိုင်စင် အသိမ်းခံရသည်ဟု သိရသည်။

လိုင်စင် အသိမ်းခံရသူ ရှေ့နေ ၂ ဦးသည် ရဟန်းသံဃာများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီး တရားစွဲခံရစဉ် ၎င်းတို့၏ အမှုကို လိုက်ပေးခြင်းဖြင့် ကူညီခဲ့သူများ ဖြစ်သည်။ ၂ ဦးစလုံးမှာ ဒေါ်စု၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် အဖွဲ့ဝင်များ ဖြစ်ကြသည်။

မြန်မာပြည်တွင် ရှေ့နေ အများအပြား ရှိသော်လည်း နိုင်ငံရေးသမားတို့၏ အမှုတွင် လိုက်လံကူညီသည့် ရှေ့နေမှာ အနည်းငယ်သာ ရှိသည်။ အာဏာပိုင်တို့ ရန်ပြုမည်ကို သူတို့က စိုးရိမ်သောကြောင့် ဖြစ်သည်။

ယမန်နေ့က လိုင်စင် အသိမ်းခံရသူ ရှေ့နေ ၂ ဦးသည် အာဏာပိုင်တို့ နှိပ်ကွပ်မှုကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ခံခဲ့ရသည်။ တရားရုံးကို မထီမဲ့မြင်လုပ်မှုဖြင့် ထောင် ၄ လစီ ချမှတ်ခံရသည်။ ပြီးခဲ့သည့် မတ်လတွင် ထောင်မှ ပြန်လွတ်လာသူများ ဖြစ်သည်။

ထောင်မှ လွတ်လာပြီးနောက် လိုင်စင်အသိမ်းခံရခြင်း မရှိပေ။ သို့သော်လည်း ဒေါ်စု၏ အမှုတွင် လိုက်လံကူညီရန် ပြင်နေစဉ် အသိမ်းခံရခြင်း ဖြစ်သည်။

မြန်မာပြည်တွင် ထောင်ဒဏ် အပြစ်ပေးခံရသော ရှေ့နေတချို့ ရှိသော်လည်း လိုင်စင် အသိမ်းခံရခြင်း မရှိဟု ဦးအောင်သိန်းက ထောက်ပြသည်။

“တချို့ ဥပဒေအရာရှိတွေ တချို့ တရားသူကြီးတွေ ထောင်တွေကျတယ်။ လာဘ်ပေးလာဘ်ယူနဲ့ လာဘ်စားမှုတွေနဲ့ အရေးယူ ခံရတာ ရှိတယ်။ သူတို့ကမှ တကယ့်အကျင့်စာရိတ္တ ဖောက်ဖျက်ပြီးတဲ့ ရှေ့နေတွေ ရှိတယ်။ အဲဒီလူတွေ ထောင်တွေ ကျတယ်။ သူတို့ ထောင်ကထွက်လာတော့ သူတို့အမှုတွေ လိုက်နေကြတာ တွေ့တာပဲ။ အဲဒီတော့ သူ့လူကိုယ့်လူ သူတို့လူတော့ ဒီလို အကျင့်စာရိတ္တ ပျက်ယွင်းတဲ့သူတွေတောင်မှ အမှုလိုက်ပါဆောင်ရွက်ခွင့်တွေ သူတို့ ပေးခဲ့တယ်” ဟု ဗီအိုအေသတင်းဌာနသို့ ဦးအောင်သိန်းက ပြောပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts