>talk with Daw Yeik Gyi

>

ဆိုးဆေးသုံး လက်ဖက်စာရင်းတွင် မပါဝင်သည့် ဒေါ်ရိတ်ကြီးနှင့် အင်တာဗျူး
Flower News ဂျာနယ်

မေ ၉၊ ၂ဝဝ၉


နာမည်ကျော် ဒေါ်ရိတ်ကြီး လက်ဖက်သည် မကြာသေးမီက အန္တရာယ်ကြီးသည့် အဝါရောင်ဆိုးဆေး အသုံးပြုသော လက်ဖက် အမျိုးပေါင်း တရာကျော် စာရင်းတွင် ပါဝင်ခြင်း မရှိပေ။ စာရင်းတွင် ပါဝင်သွားသော ဘဝတူ လုပ်ငန်းရှင်များအတွက် ဝမ်းနည်းမိသည်ဟု ဆိုသည်။

ရန်ကုန်မြို့ ဆူးလေဘုရား အနီးတွင် အစပြုခဲ့သော လက်ဖက်နှင့် အစားအစာ မျိုးစုံ ရနိုင်သော ဒေါ်ရိတ်ကြီးဆိုင်သည် သက်တမ်း ၂ဝ ခန့် ရှိပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၂ နှစ်မှ စတင်၍ အသင့်စား လက်ဖက် နှင့် အကြော်စုံများကို City Mart ကုန်တိုက်သို့ အရောင်း အပ်ခဲ့သည်။ အမည်မည်းစာရင်းမှ ကင်းလွတ်သွားပြီး နောက်ပိုင်း လက်ဖက် ရောင်းချမှု အခြေအနေများကို ဒေါ်ရိတ်ကြီး လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းမှ ဒေါ်ဝင်းဝင်းအေးက Flower News ဂျာနယ်ကို ပြောပြခဲ့သည်။

ဒေါ်ဝင်းဝင်းအေး (ဓာတ်ပုံ – Flower News)
“ – – ဘယ်မှာ ဆိုးမှန်းတော့ မသိဘူး။ ပွဲရုံမှာ ဝယ်တဲ့အခါ ဆိုးဆေး ပါတာနဲ့ မပါတာ နှစ်မျိုး ပြတယ်။ ဆိုးဆေးပါတာက ဈေး သက်သာတယ် – – ”

မေး – အဝါရောင်ဆိုးဆေး ပါဝင်တဲ့ လက်ဖက်တွေကို စားသုံးဖို့ မသင့်ဘူးဆိုတဲ့ ကြေညာချက်တွေ ထွက်ပြီးတဲ့နောက်မှာ ဒေါ်ရိတ်ကြီးဆိုင်ရဲ့ ရောင်းအား အခြေအနေကို သိချင်ပါတယ်။
ဖြေ – လက်ဖက်က စားတုန်းပါ။ ရောင်းအား မကျဘူး။ ပုံမှန်မှာ ရှိပါတယ်။ တခြား အသုတ်တွေထက် လက်ဖက်က နှစ်ဆ ရောင်းရပါတယ်။ City Mart ရောင်းအားလည်း မကျဘူး။ တစ်ပတ် နှစ်ခါ ပို့ရတယ်။ အန်တီတို့ လက်ဖက်က တားမြစ်တဲ့အထဲ မပါလို့ပါ။

ဆိုးဆေးပါတဲ့ လက်ဖက်တွေ စားသုံးရန် မသင့်ကြောင်း ကြေညာချိန်မှာ ဘယ်လို ခံစားရပါသလဲ။ အန်တီတို့ တံဆိပ် အစစ်ခံရပါသလား။
ဆိုးဆေး မသုံးပေမယ့် စိတ်ပူမိတယ်။ ကိုယ့်တံဆိပ် မပါလို့ ဝမ်းသာပါတယ်။ ကိုယ်နဲ့ လုပ်ငန်းတူတွေ ပါသွားလို့ စိတ်မကောင်းပါဘူး။ အန်တီတို့လည်း အစစ်ခံရတယ်။ ကျောက်တံတား (မြို့နယ်) ကျန်းမာရေး ဌာနက လာစစ်တာပါ။ ဈေးကွက်ထဲမှာ ရှိတာကိုလည်း ဝယ်စစ်တယ်လို့ သိရပါတယ်။

တံဆိပ် အမျိုးပေါင်း ၁ဝဝ ဈေးကွက်ထဲ မရှိချိန်မှာ ရောင်းအားမြှင့်ဖို့ ဘာတွေ စီစဉ်နေပါသလဲ။
ထူးထူး ခြားခြား ဘာမှ မလုပ်ပါဘူး။ အခုချိန်မှာ အများကြီး ဝယ်ပြီးလည်း လုပ်မထားရဲဘူး။ ပုံမှန် ဈေးကွက်အတိုင်းပဲ လုပ်တယ်။ တစ်လကို အချိန် တစ်ရာကျော် ငါးအိတ်လောက်ပဲ ဝယ်တယ်။

လက်ဖက်ကို အာရုံစိုက်နေချိန်မှာ အရည်အသွေးနဲ့ အရသာအတွက် ဘယ်လို ဆောင်ရွက်နေပါသလဲ။
လက်ဖက်အသား ဝယ်တဲ့အခါ အရင်ကထက် ပိုပြီး ဂရုစိုက်တယ်။ ပွဲရုံမှာ သေသေ ချာချာ ရွေးဝယ်တယ်။ ဈေးကြီးပေမယ့် ရှောက်သီးပဲ သုံးတယ်။ ဆီက မကွေး ပဲဆီကို သုံးတယ်။ အရသာက ချဉ်စပ် နဲ့ အစိမ့် နှစ်မျိုးပဲ လုပ်တယ်။

လက်ဖက်အသားကို ဘယ်မှာ ဝယ်ပါသလဲ။ ဆိုးဆေး ပါတာနဲ့ မပါတာ ဘာတွေ ကွာခြားပါသလဲ။
ဝယ်တာက ဘုရင့်နောင် ပွဲရုံမှာပဲ ဝယ်တာ။ အရသာပိုင်းတော့ မသိဘူး။ ဆိုးဆေး ပါတာက နည်းနည်း ကြမ်းတော့ ဈေး သက်သာတယ်။ တစ်ပိဿာ ကျပ် ၁ဝဝဝ လောက် သက်သာတယ်။

ဆိုးဆေးကို ရန်ကုန် မပို့ခင် နယ်မှာ ဆိုးတယ်လို့ ပြောသလို ရန်ကုန် ပွဲရုံရောက်မှ ဆိုးတာလို့လည်း ပြောကြတယ်။ သိသလောက် ရှင်းပြပေးပါ။
ဘယ်မှာ ဆိုးမှန်းတော့ မသိဘူး။ ပွဲရုံမှာ ဝယ်တဲ့အခါ ဆိုးဆေးပါတာနဲ့ မပါတာ နှစ်မျိုး ပြတယ်။ ဆိုးဆေးပါတာက ဈေးသက်သာတယ်။

တာရှည်ခံအောင် ဘယ်လို လုပ်ပါသလဲ။ ဈေးကွက်ထဲမှာ ဘယ်လောက်ကြာကြာ ထားပါသလဲ။
တာရှည်ခံဖို့က ဆီ များများ ထည့်ပါတယ်။ ကျန်တာ ဘာမှ မထည့်ဘူး။ ဈေးကွက်မှာ သုံးပတ် ထားပါတယ်။ လက်ဖက်က ကြာကြာထားရင် မည်းတတ်တော့ သက်တမ်း မပြည့်ခင် အရောင် မလှတဲ့အခါ ပြန်သိမ်းလိုက်တယ်။

အခြား အမှတ်တံဆိပ်တွေက ထုပ်ပိုးမှု ပုံစံ ကောင်းတဲ့ အတွက် အန်တီတို့ အနေနဲ့ ပုံစံ ပြောင်းဖို့ ရှိပါသလား။
ပါကင် ပုံစံ ပြောင်းဖို့ စီစဉ်နေတုန်း ဆိုးဆေး ပြဿနာ ပေါ်လာလို့ အခု မလုပ်ဖြစ်သေးဘူး။ ပါကင် မကောင်းလည်း ရောင်းတော့ ရောင်းရပါတယ်။ အခု ပါကင်က အထဲကို မြင်ရတော့ သက်တမ်း မကုန်သေးလည်း အရောင် မလှဘူး မကောင်းတော့ဘူး ထင်ရင် ပြန်သိမ်းဖို့ လွယ်တယ်။ မကောင်းတာကို ဝယ်သူလက်ထဲ ပါသွားမှာ စိုးတယ်။

(အေးမြမြထွန်း တွေ့ဆုံမေးမြန်းသည်)
[ မူရင်း – Flower News ဂျာနယ်၊ ၂၈ ဧပြီ ၂ဝဝ၉ ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts