ကဗျာ

သဝေထိုးတာနှစ် (၂၀) ကျော်

ဖိုးကျော် (စမ်းချောင်း)
ဇွန် ၂၂၊ ၂၀၁၂


၁၉၈၈ ဇွန် ၂၁ ရက် နေ့လည်တစ်နာရီကျော်က
အတန်းပိုင်ဆရာမက မှာတယ်
နင်တို့ကို ကျောင်းပြန်လွှတ်မယ်
ကျောင်းသားတွေ ချီတက်လာတယ်
ကိုယ့်အိမ်ကိုယ်ပြန်
ဘယ်ကိုမှ သဝေမထိုးနဲ့တဲ့ ….။

ပြည်လမ်းမကြီးပေါ် (အထက ၂ ကျောင်းရှေ့)
ဘ၀တူ အဖြူအစိမ်းဝတ်ကျောင်းသားတွေကို
လုံထိန်းတွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်
နံပါတ်တုတ်တွေနဲ့ ရိုက်ကတည်းက
ကျနော့်ဘ၀တခုလုံး
အနီရောင် ကြိုးဝိုင်းထဲပစ်တင်လိုက်တာ
နှစ် ၂၀ တောင်ကြာခဲ့ပေါ့ ….။

ရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာ
၁၉၈၉ – ၉၂ တရုတ်ပြည်နယ်စပ်ရဲ့
တောအုပ်တောင်တန်းတွေပေါ်မှာ
မန်းတလေး အိုဘိုထောင်ရဲ့
အုတ်နံရံတိုက်ခန်းကျဉ်းလေးထဲမှာ
ထိုင်းနိုင်ငံနယ်စပ်
နို့ဖိုးဒုက္ခသည် စခန်းထဲမှာ
မြန်မာတနိုင်ငံလုံး လောင်ကျွမ်းနေတဲ့
မီးလောင်ပြင်ထဲမှာ
ဆရာမရေ … ဆရာမတပည့် ကျနော်
ဘ၀ကို သဝေထိုးခဲ့တာ
နှစ် ၂၀ ကျော်တောင် ကြာခဲ့ပေါ့ ….။

၁၉၈၈ ဇွန် (၂၁) ရက် မြေနီကုန်းကျောင်းသားအရေးအခင်း (၂၄) နှစ်မြောက် ..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts