>Khaing Mar Kyaw Zaw – My Resolute

>

ရှိခိုး ဦးခိုက် အလွမ်းရိုက်လို့ ရေးတဲ့စာ

ခိုင်မာကျော်ဇော

မေ ၆၊ ၂၀၀၉

အခြေအနေအကြောင်းကြောင်းကြောင့် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တဦး အနေနဲ့ ကျမ ၂ဝဝ၈ ခုနှစ် သြဂုတ်လဆန်းမှာ ရောက်ခဲ့ပါတယ်။ အမေရိကားကို လာရောက်ဖို့ ကျမ စိတ်ကူး လုံးဝ မရှိခဲ့ပါ။ မလာချင်ဘဲ ရောက်ခဲ့ရ၊ ချစ်ခင်သူတွေကို ခွဲခဲ့ရ၊ ဆန္ဒတွေနဲ့ ဆန့်ကျင်ပြီး ဘဝကို ပုံဖော် ရှင်သန်နေရတဲ့ ကျမရဲ့ အမေရိကားနေ့ရက်တွေဟာ ငရဲခန်း နေ့ရက်တွေပါပဲ။

၂ဝဝ၄ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို ကျမ ခေတ္တ တခေါက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကား ရောက် မိတ်ဆွေတချို့က ထိုင်း – မြန်မာနယ်စပ်မှာ မလုံမခြုံ နေထိုင်ရတဲ့ ကျမကို နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားဖို့ အကြံပြုကြပါတယ်။ မိတ်ဆွေ တချို့ရဲ့ စေတနာပါတဲ့ အကြံပြုချက်ကို နားလည်ပေမယ့် ကျမ အတော့်ကို တုန်လှုပ်ခဲ့ပါတယ်။

တော်လှန်ရေး နယ်မြေ တခုရဲ့ အမြောက်သံ ဗုံးဆံတွေ ကြားမှာ မွေးဖွားခဲ့၊ အဲဒီ တော်လှန်ရေး နယ်မြေကို ပြန်လည် ရောက်ရှိခဲ့၊ တော်လှန်ရေးကြီးအကြောင်းကို သင်ကြား၊ တော်လှန်သူတို့ရဲ့ ဘဝပုံရိပ်များကို တူးဆွရင်း၊ တော်လှန်သူ တယောက်အဖြစ်နဲ့ ဘဝကို မြတ်နိုး ခုံမင်ခဲ့တဲ့ ကျမ။ စာရေး၊ စာဖတ် ဝါသနာထုံပြီး စာရေးဆရာ ဘဝကို စူးစူးနစ်နစ် ရူးသွပ်ခဲ့။ လူထုရင်ခုန်သံ၊ လူထုဘဝ သရုပ်မှန်စာတွေကိုသာ ရင်နဲ့ တွေ့ခဲ့ပြီး ကလောင်သွေးတော့လည်း လူထု ရင်ခုန်သံတွေကို ရင်ဘတ်ထဲ အပြည့် ထည့်ပြီး ပြန်လည် ခံစား မွေးထုတ်ရတာကိုမှ လက်ကျတဲ့ ကျမ။

တော်လှန်ရေး နယ်မြေနဲ့ ဝေးပြီး ငါ ဘယ်လို ရှင်သန်မလဲ။

လူထုနဲ့ဝေးပြီး ငါ ဘယ်လိုစာတွေရေးမလဲ ဆိုတဲ့ စိုးရိမ်စိတ်က ကျမကို တုန်လှုပ် ခြောက်ခြားစေခဲ့တာပါ။

အမေရိကားကို ခြေချလိုက်တဲ့ အချိန်က စလို့ အမိမြေနဲ့ တော်လှန်မြေကို လွမ်းဆွတ်မှု၊ ဒီမိုကရေစီရေး၊ အမျိုးသား လွတ်မြောက်ရေးအတွက် အသက်တွေနဲ့ ရင်း၊ ဘဝတွေနဲ့ ခင်းပြီး ပေးဆပ်နေကြ၊ ပေးဆပ်သွားကြတဲ့ ခေါင်းဆောင်များ၊ ရဟန်း သံဃာများ၊ ကျောင်းသား ပြည်သူများနဲ့ ရဲဘော် ရဲဘက်များအပေါ် ရှက်ရွံ့ အားနာမှု၊ ဒုက္ခသည်များ၊ တရားမဝင် အလုပ်သမားများ၊ နယ်စပ်လမ်းက ပန်းကလေးများအပေါ် တာဝန် ပျက်ကွက်မှု၊ လတ်တလော မြင်တွေ့နေရတဲ့ လူများ၊ မြင်ကွင်းများ အပေါ် အလိုမကျမှုများနဲ့ ကျမ စိတ်တွေ ငရဲကျခဲ့ရပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က မြို့ငယ်လေး တခုမှာ ငရဲကျနေတဲ့ ကျမကို ဖုန်းတွေ အကြိမ်ကြိမ် ဆက်ပြီး ကဗျာတွေ၊ စာတွေရေးဖို့ အားပေး တိုက်တွန်းသူကတော့ ကဗျာ ဆရာ ကိုအောင်ဝေးပါ။ နောက်ပိုင်း မှာတော့ ဝါရှင်တန်ဒီစီကို ရောက်လာတဲ့ မမေငြိမ်း (စာရေးဆရာမ မေငြိမ်း) ကလည်း ကျမကို ဖုန်းလိုင်းတွေက တဆင့် စာရေးဖို့ ပူပူ ဆူဆူ လုပ်ပါတော့တယ်။ အကို အမများရဲ့ စေတနာကို မပယ်ရှားဝံ့လို့သာ ရေးပါ့မယ်လို့ အင်း ချလိုက်ရပေမယ့် ကျမ တော်တော်နဲ့ စာမရေးခဲ့ပါ။ ထုံထုံပေပေနဲ့ တေလေနေတဲ့ ကျမကို ဆရာအောင်ဝေးက မလျှော့သော ဇွဲနဲ့ စာတွေရေးပါ၊ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပါ၊ မိတ်ဆွေတွေနဲ့ စကားပြောပါ၊ ရောက်တဲ့ အရပ်ကနေ စာပေတာဝန် ကျေပါလို့ ကိုယ်တိုင်လည်းပြော၊ လက်လှမ်းမှီရာ မိတ်ဆွေ သူငယ်ချင်းများမှလည်း နားချခိုင်းနဲ့ တွန်းတွန်းတိုက်တိုက် အားပေး နှိုးဆော်ခဲ့သူပါ။

ဆန်ဖရစ္စကိုမြို့အနီးက ပစိဖိတ်ကမ်းခြေတခုကို မနေ့တနေ့က ကျမ ရောက်ခဲ့ပါတယ်။ အဲဒီကမ်းခြေမှာ မိုးမခမီဒီယာက မောင်ရစ်နဲ့ ကျမ ဆုံပါတယ်။ လှိုင်းတွေ တဝုန်းဝုန်း၊ လေတွေ တဟူးဟူးကြားမှာ မောင်ရစ်နဲ့ ကျမ မြန်မာပြည် အကြောင်း၊ လူထုတွေ အကြောင်း၊ တော်လှန်ရေး အကြောင်း၊ သံဃာတော်တွေ အကြောင်း၊ ကျောင်းသားတွေ အကြောင်း၊ အမေရိကားရောက် ကဗျာဆရာ၊ စာရေးဆရာများ အကြောင်း အချိန်တိုလေးအတွင်းမှာ ပြောခဲ့ကြပါတယ်။ လမ်းခွဲပြန်ကြမယ် ဆိုတော့ မောင်ရစ်က ကျမကို စာအုပ် ၄ အုပ် လက်ဆောင်ပေးပြီး ကျမဆီက စာရေးပါ့မယ် ဆိုတဲ့ ကတိကို မရ ရအောင် တောင်းပါတော့တယ်။

မောင်ရစ် လက်ဆောင်ပေးလိုက်တဲ့ စာအုပ်တွေက မိုးမခက ထုတ်ဝေတဲ့ ကြေးမုံဦးသောင်း (အောင်ဗလ)၊ ဟံသာဝတီ ဦးဝင်းတင်၊ ဖန်မီးအိမ် စာပေချစ်သူများ (ဆန်ဖရန်စစ္စကို)က ထုတ်ဝေတဲ့ ကဗျာဆရာ ဦးတင်မိုး ကွယ်လွန်ခြင်း ၆ လ ပြည့် အမှတ်တရစာစုနဲ့ အဟာရစာစောင်က ထုတ်ဝေတဲ့ ခရမ်းပြာမြင်းရိုင်း (ကိုအောင်ဝေးရဲ့ ကဗျာစာအုပ်) ဖြစ်ပါတယ်။

အိမ်ပြန်ရောက်ပြီး နောက်တရက်မှာပဲ သတင်းစာဆရာကြီးများ၊ ကဗျာဆရာကြီးများရဲ့ ဘဝဖြတ်သန်းမှု၊ စေတနာ၊ အမြင်သဘောထား၊ ယုံကြည်ချက်၊ ခံယူချက်များ ပါတဲ့ အဖိုးတန်စာအုပ် ၄ အုပ်ကို ကျမ မနားတမ်း ဖတ်ခဲ့ပါတယ်။ ဒီစာအုပ် ၄ အုပ်ဟာ အမေရိကားကို ရောက်ပြီး ကျမ ပထမဆုံး ဖတ်ဖြစ်တဲ့ စာအုပ်တွေပါ။

ထိုင်း-မြန်မာနယ်စပ်မှာ သတင်းနဲ့ စာနယ်ဇင်းအလုပ်ကို ၁ဝ နှစ်ကျော်ကြာ လုပ်ခဲ့ဖူးတဲ့ ကျမ၊ အမေရိကန်ပြည်ထောင်စုကို ရောက်မှ ကွန်ပြူတာနားလည်း မကပ်၊ ဘာသတင်းမှလည်း နားမထောင်၊ ဘာစာမှလည်း မဖတ်ဘဲ မျက်စိနားပိတ်နဲ့ အကျိုးရှိတဲ့ အချိန်တွေကို မိုက်မဲစွာ ကုန်ဆုံးစေခဲ့ပါတယ်။

တိုင်းပြည် အတွက်၊ လွတ်မြောက်မှု အတွက်၊ ယုံကြည်ချက် အတွက် အကျဉ်းထောင်တွေထဲ အကြိမ်ကြိမ် ရောက်ခဲ့၊ အမိမြေကိုစွန့်ခဲ့။ ဘဝတွေ ကျိုးကျေခဲ့ရတဲ့ ဆရာကြီးများရဲ့ ပုံရိပ်၊ ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံကနေ တိုင်းပြည်နဲ့ လူမျိုးအတွက် ကျရာတာဝန် သယ်ပိုး ထမ်းရွက်ခဲ့တဲ့ ဆရာကြီးများရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေက အမှောင်ဖုံးနေတဲ့ ကျမကို အလင်းပြခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် အောက်မှာ အကျယ်ချုပ်ဘဝ ရောက်နေရတဲ့ သန်း ၆ဝ ကျော် ပြည်သူ လူထုကြီးနဲ့တကွ အကျဉ်းထောင်တွေကို အိမ်လုပ်နေရတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ၊ ကျောင်းသားတွေ၊ တောတွေ တောင်တွေထဲ အသက်လု ပြေးလွှားနေရတဲ့ ပြည်တွင်း ဒုက္ခသည်တွေ၊ ထိုင်းရဲ မြင်တိုင်း သွေးပျက် ထိတ်လန့်နေရတဲ့ မြန်မာ အလုပ်သမားတွေ၊ ထိုင်းပြည့်တန်ဆာခန်းတွေထဲ ငရဲခံနေရတဲ့ မြန်မာ အမျိုးသမီးလေးတွေ၊ အိမ်နီးချင်း နိုင်ငံတွေမှာ အောက်ခြေသိမ်း အလုပ်တွေ လုပ်ပြီး မိသားစုတွေ အတွက် ကျားကန်ပေးနေရတဲ့ သူတွေ၊ အမှိုက်ပုံတကာ မွှေနှောက်ပြီး ဝမ်းမီးငြိမ်းနေရတဲ့ နယ်စပ်လမ်းတလျှောက်က ကလေးငယ်တွေကို မေ့လျော့ထားပြီး – ကိုယ့်ဇာတ် ကိုယ်နာလှပြီ လို့ ထင်ခဲ့တဲ့ ကျမရဲ့ မိုက်မဲမှုတွေကို ကျမ နောင်တရလို့ မဆုံးတော့ပါ။

ဆရာကြီးများ စိတ်ဝိဉာဉ်ထဲ ပူးဝင် ခိုအောင်းဖို့ ကြိုးစားရင်း ကျမရဲ့ ယုံကြည်ချက်တွေ ပြန်လည် ဦးမော့လာခဲ့ရတာမို့ ဆရာကြီးများကို ကျမ ဦးခိုက်ပါတယ်။ ကျမကို တွန်းတွန်းတိုက်တိုက် အားပေး နှိုးဆော်ခဲ့တဲ့ ဆရာကိုအောင်ဝေး၊ ဆရာမမေငြိမ်း၊ မောင်ရစ်တို့ကို ကျေးဇူး အထူးတင်ပါတယ်။

ကျမရဲ့ အခန်းထောင့်တနေရာကနေ – “ခိုင်မာရေ … ကိုယ်လုပ်ရမယ့် အလုပ်ကို တာဝန်ကျေကျေ လုပ် …” လို့ ဓာတ်ပုံထဲကနေ တဆင့် သတိပေးနေတဲ့ ကျမတို့ရဲ့ ခေါင်းဆောင်ကြီး “ပဒိုမန်းရှာ”ကိုလည်း ကျမ အမြဲ သတိရ ဦးညွတ်နေမှာပါ။

ကျမကို တခုတော့ နားလည် ခွင့်လွတ်ပေးကြပါ။ အမိမြေကို လွမ်းလို့ကျတဲ့ ကျမရဲ့ မျက်ရည်၊ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေကို ကျောခိုင်း စွန့်ခွာခဲ့ရလို့ ကျရတဲ့ ကျမရဲ့ မျက်ရည်၊ ဆာလောင် မွတ်သိပ်နေတဲ့ ပြည်သူတွေ၊ ဒုက္ခသည်တွေ၊ တရားမဝင် အလုပ်သမားတွေ၊ နယ်စပ်လမ်းက ပန်းကလေးတွေကို လွမ်းလွန်းလို့ ကျရတဲ့ ကျမရဲ့ မျက်ရည်တွေကိုတော့ မတားကြပါနဲ့။

သူတို့ အားလုံးကိုတော့ ကျမရဲ့ နောက်ဆုံး ထွက်သက်တိုင်အောင် လွမ်းနေပါရစေ။

အဲဒီ မျက်ရည်တွေ၊ အလွမ်းတွေက ကျမကို ခွန်အားတွေ ဖြစ်စေမှာပါ။

ယုံကြည်ပါ၊ ရှိခိုးဦးခိုက်ပါရဲ့ … အလွမ်းရိုက်လို့ ရေးတဲ့ စာပါ။

(ရုပ်ပုံ – ခင်ဝမ်းပန်းချီကား၊ ကရင်ဒုံးယိမ်း၊ http://phonyo.blogspot.com/ က ရပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts