စာစုတို ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – ငါ နိုင်ငံရေး


ဖိုးထက် – ငါ နိုင်ငံရေး
(မိုးမခ) မတ်လ ၂၁၊ ၂၀၁၅

 

“အိမ်ပြန်လာချိန် မထူးခြားတဲ့နေ့
တိတ်ဆိတ်တဲ့ ညနေခင်းလေး
အိပ်မက်ဟောင်းများ ဒါ…ဒါ..ဒါ”

မျိုးကြီးသီချင်း တပိုင်းတစညည်းရင်း လမ်းထိပ်လ္ဘက်ရည်ဆိုင်မှ တစ်ညနေခင်းတွင် ပြန်လာသော ကိုသောင်းမြင့် တစ် ယောက် အိမ်ထဲသို့ဝင်လာသည်။ မသူဇာတစ်ယောက် ဘုရားခန်းကထွက်အလာတွင် ကိုသောင်းမြင့်နှင့် ပက်ပင်းတိုး လေ ၏။ ထို့အပြင် ကြားလဲကြား၏။ ထို့ကြောင့် “မထူးခြားရင် ပြန်မလာနဲ့လေ။ အိပ်မက်ဟောင်းတွေ ဘာတွေလုပ်မနေနဲ့ ကျွန်မ မှာလည်း အိပ်မက်အဟောင်းတွေရှိပါ့။ အချိန်မရွေး ပြန်မက်လို့ရတဲ့ အိပ်မက်တွေ အဟွန်း ဟွန်း” ဟု လှမ်းပြောသည်။ ကို သောင်းမြင့် တွန့်သွားသည်။ ဒီမိန်းမ ငါ့ဘာသာသီချင်းဆိုတာတောင် အထ အန လိုက်ကောက်နေသေးလို့တွေးပြီး စကား နည်း ရန်စဲသဘောဖြင့် တိတ်ဆိတ်သောညနေကို ဖန်တီးလိုက်သည်။

မြန်မာစကားတွင် “ချိတ်ချိတ်ခြင်းမို့ ချိတ်သည်” ဆိုသည့်စကားရှိသည်။ နှစ်ဦးနှစ်ဘက် ရန်ဖြစ်ကြလျှင်၊ ပြဿနာ တက်ကြ လျှင် နှစ်ဘက်စလုံး မကောင်းလို့ဟု ဆိုလိုသည့်သဘော။ တစ်ဖက်ဖက်က ချိတ်မဟုတ်လျှင် ချိတ်စရာ အကြောင်းမရှိဘူး ဆိုသည့်သဘော။ သို့သော် ဖြောင့်ဖြောင့်ကြီးရှိသောဝါးလုံးကို ကန့်လန့်ကြီးထားပြီး ချိတ်ဖြင့်ချိတ်ရင်လဲ ချိတ်တာဘဲ မဟုတ် ဘူးလား။ ဒါကတော့ ဖြောင့်လွန်းသောဝါးလုံးကြီးက ကန့်လန့်ကြီးနေသောကြောင့်လဲ ဖြစ်နိုင်သည်။ အခုတော့ ကိုသောင်းမြင့် က သူ့မိန်းမ မသူဇာတယောက် လှမ်းချိတ်ခြင်းကို အသာအယာ တိတ်ဆိတ်နေလိုက်ခြင်းဖြင့် ချိတ်ကြမယ့်ကိစ္စမှာ မချိတ် တော့ပေ။ ကန့်လန့်ကြီး ဘုတော မခံချိမခံသာဖြစ်အောင် ပြန်ပြောမနေတော့။

တစ်ဖက်က ရန်စ၊ တစ်ဖက်ကငြိမ်နေလျှင် ပြဿနာဖြစ်ဖို့ အခွင့်အလမ်းနည်းသည် မို့လား။ ဒီတော့ မသူဇာကလည်း ကို သောင်းမြင့် ဘာများ ပြန်ပြောမလဲလို့ အသင့်အနေအထားဖြင့် ရပ်စောင့်နေပေမယ့် ဘာသံမှထွက်မလာသောကြောင့် အသာအယာပင် မီးဖိုထဲသို့ဝင်သွားသည်။ မျက်လုံးထောင့်မှာ ဒီမိန်းမသွားပြီဆိုသည့်အသိကြောင့် အေးအေးလူလူ ဖေ့စ် ဘွတ်လေး ဘာလေးသုံးမှဟု တွေးပြီး သူ့တယ်လီဖုန်းကို လှမ်းယူလိုက်သည်။

“အပါးပါး…နည်းတာကြီး မဟုတ်ပါလား။ အောင်မယ် အရည်အချင်းတော့ရှိသားဟ” လို့ တိုးတိုးလေး ညည်းမိသည်။ အဖော် အချွတ် မြန်မာမော်ဒယ်တယောက် သမ္မတပညာတော်သင်အောင်သည့်သတင်းကို ဖတ်နေခြင်းဖြစ်သည်။ “စက္ခုရူပ သံဝါ သ” ဆိုသည့်စကားသည် အလကားရှိနေတာမဟုတ်။ ကိုသောင်းမြင့်လိုလူများနှင့် Facebook ပေါ်မှာ ဓာတ်ပုံတွေတင်ပြီး ဖော်ရ၊ ချွတ်ရ၊ တိုရမှ ကြိုက်ကြသည့်အမျိုးသမီးများ လိုက်ဖက်ကြပါပေ၏။ မီးဝင်းဝင်းတောက်နေသော မျက်လုံး၊ အဆီပြန် လာသော နှာခေါင်း၊ မောလာသော ရင်ဘတ်၊ ခြောက်လာသော အာခေါင်ဖြင့် သတင်းတွေကို တုန်တုန်ရီရီဖြင့် ဆက်ဖတ် နေမိသည်။ ခဏကြာတော့ ကိုသောင်းမြင့် ပါးစပ်မှ “အင်း…ဒီလူတွေနဲ့တော့ ခက်နေပါ့လား။ သြော်…ခက်ပါ့လား။ ခက်တယ်။ သိပ်ခက်တယ်” ဟု အသံခပ်ကျယ်ကျယ်ထွက်လောက်အောင် တစ်ခက်ထဲ ခက်နေသည်။ မည်သည့်သတင်းများကို ဖတ် ပြီး ဘာတွေကိုတွေ့လို့ မည်သို့ခက်သနည်းဟု အမေးရှိရချေတော့မည်။ စာဖတ်သူ သိချင်သလို မသူဇာလဲသိချင်သည်။

“တော့် ကိုသောင်း ဘာတွေများခက်နေတာလဲ။ ဘာလဲ ရှင်က ကျွန်မ၀င်လာတာသိလို့ ခက်တယ်။ ကျွန်မကို သိပ်ခက်တဲ့ မိန်းမလို့ ပြောချင်တာလား။” ဟု မေးလဲမေး ရန်လဲထောင်၏။ “ဒီမိန်းမက တမျိုးကွာ။ ဒီမှာ မင်းဘာသာဖတ်ကြည့်တော့” ဟု ဆိုကာ သူ့တယ်လီဖုန်းကို မသူဇာသို့ လှမ်းလိုက်သည်။ မသူဇာကတော့ ကိုသောင်းမြင့်လို မခက်တော့ဘဲ “ဟင်..လူပါးဝတာ။ ဗြောင်လိမ် ဗြောင်စား။ စောက်ရှက်က (စာရေးသူတာဝန်မှာ မသူဇာ ပြောသည့်အတိုင်း ပြန်ပြောရမည်သာ။ ရိုင်းခြင်း မဟုတ်။) နည်းနည်းမှ မရှိဘူး။ အနားမှာ ရှိရင် အဲဒီ ပြောင်နေတဲ့ ခေါင်းကြီးကို လက်ဝါး တံထွေးစွတ်၊ လက်ခလယ်ကို နှပ်ချေးသုတ်ပြီး ဖတ်ကနဲ့ ဖတ်ကနဲ့ မြည်အောင် ရိုက်ပြစ်ချင်တာ။ ဒေါသထွက်လိုက်တာ။ သေချင်း ဆိုးကြီးတွေ သောက်ရှက်က တကယ်နည်းတာပါလား” ဟု ဒေါသအခိုး တလျှံလျှံဖြင့် ကိုသောင်းမြင့်ကို လှည့်ကြည့်လိုက်သည်။ ကိုသောင်းမြင့် နေစရာ မရှိဖြစ်သွားသည်။ သူ့မိန်းမ ဒီလို ဒေါသထွက်တာ တွေ့ရခဲသည်။ တရား ထိုင်သူ ပီပီ သတိရှိသည်။ နှုတ်ထိန်းသည်။ စွာပေမယ့် ပြဿနာတခုကို ခေါင်းအေးအေးထား ဖြေရှင်းတတ်သူ ဖြစ်သည်။ အခုတော့..

အဘယ်သတင်း ရှိရမည်နည်။ မြန်မာနိုင်ငံ၏ လက်ရှိသမ္မတကြီး၏ ဘီဘီစီသတင်းထောက်နှင့်အင်တာဗျူးကိုဖတ်ပြီး ကို သောင်းမြင့်က မြန်မာနိုင်ငံနောင်ရေးကိုတွေးပြီး ရင်လေးကာ ခက်ရချည်သေးလို့ ပြောခြင်းဖြစ်သည်။ မသူဇာက ဒေါသ အတောင့်လိုက်ထွက်ပြီး  အသက်အရွယ်ကိုထည့်မတွက်တော့ဘဲ သတိမကပ်နိုင်တော့ကာ ဖရုဿဝါစာများ ပြောနေခြင်းဖြစ် သည်။ အဘကြီးက စစ်တပ်ကြီးလဲ ပါသင့်ပါတယ်တဲ့။ အင်ဒိုနီးရှားမှာတောင် ၄၀ ရာခိုင်နှုန်း၊ ကျွန်တော်တို့က တမတ်သားပဲ ရှိတာ။ ကျေးဇူးတင်ကြလို့ ဆိုထားမို့လား။ စစ်တပ်ကြီးဖောက်ခဲ့သောလမ်းများကြောင့် ဒီလိုမျိုးအပြောင်းအလဲ ဖြစ်လာတာပါ တဲ့။ ဒေါ်စုကို သမ္မတဖြစ်ခွင့် ကန့်သတ်ချုပ်ချယ်ထားတာ ဒေါ်စုရဲ့မွေးသဖခင် ကျေးဇူးရှင်ကိုယ်တိုင်ပါတဲ့။ ဒေါ်စုသာ စိတ်မ ထားတတ်ရင် သေလွန်ပြီးသောဗိုလ်ချုပ်နှင့် အသက်ရှင်သောသူ့သမီး ရန်ဖြစ်အောင်တိုက်ပေးသလား ထင်ရသည်။ ကျောင်း သားတွေကို ရဲတွေဝင်ရိုက်တာ ကျောင်းသားတွေက စလို့ပါတဲ့။ အရိုက်ခံရသော အမောင်ကျောင်းသားများက ငှက်ပြောပွဲ အုန်းပွဲဖြင့် ပြစ်မှားမိတာ ခွင့်လွှတ်ပါ။ နောင်ကိုလည်း ဒီလိုဘဲ ဆုံးမပါ။ ကျေးဇူးတင်ပါတယ်လို့ လက်ဆယ်ဖြာမိုး ရှစ်ခိုးရမလို ဖြေသွားသည်။

ကိုယ့်ဖဲ ကိုယ်ချိုး ကိုယ့်အိမ်သားအချင်းချင်းရိုက်သော မိသားစုဖဲဝိုင်းလို ကိုယ့်ဘာသာ စိတ်ကြိုက်ရေးထားသော ဖွဲ့စည်းပုံ ကြီးကို ရင်မြေကတုတ်လုပ်ကာ စာအုပ်ကြီးကိုင်ပေါက်ပြီး သတင်းထောက် ဗြိတိသျှကြီး စိတ်ညစ်သွားအောင် အဖြေတွေ ပေးတာ အင်္ဂလိပ်ကြီး ကျေနပ်သလား မကျေနပ်သလား မသိ။ ကိုသောင်းမြင့်က ရင်လေးသည်။ မသူဇာက ဒေါသထွက်သည်။

တကယ်ဆို ဒီကိစ္စက ဒီမှာတင် ပွဲပြတ်ရမည်သာ။ သူတို့လင်မယားနှစ်ယောက်စလုံး ဘုံရပ်တည်ချက်တူသည်။ ဒီလူကြီး ပေါက်တတ်ကရတွေ လျှောက်ပြောနေတယ်ဆိုတာ အငြင်းပွားစရာမရှိ နှစ်ဦးသဘောတူသည်။ သို့သော်…. နေ့ခင်းကြောင် တောင် မိတ်ဆွေကောင်းကို မီးခွက်ထွန်းရှာသလို ပြဿနာကို ညနေခင်းမှာ ၄၀၀ ၀ပ်မီးသီးကြီး ထွန်းရှာသူက ကိုသောင်းမြင့်။

“ဒီလူတွေကို လိမ်တယ်မထင်နဲ့ကွ။ သူတို့စိတ်ထဲမှာ တကယ့်ကို သူတို့ရှိနေလို့ ပြည်ထောင်စုကြီး မပြိုကွဲတာ။ တိုင်းပြည်အေး ချမ်းသာယာနေတာ သူတို့ရှိလို့။ သူတို့မရှိရင် ဒီတိုင်းပြည် ချောက်ထဲကျနေတာ ကြာပေါ့လို့ တွေးတဲ့သူတွေကွ။ သူတို့ကိုယ် သူတို့လဲ တကယ့်အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေ။ ပြည်သူလူထုဟာ သူတို့မရှိရင် ခွေးလုံးလုံးဖြစ်မယ်လို့ ထင်တဲ့သူတွေ ကွ။ ဒါကြောင့်မို့ ဒီလို နိုင်ငံတကာအဆင့်ရှိ သတင်းထောက်ကို ဒီလိုမျက်နှာနဲ့ ဖြေနိုင်တာပေါ့ကွ။ ငါ့မိန်းမကလည်း တချိန်လုံး သူတို့ကို အမုန်းမျက်စိနဲ့ လူလိမ်တွေလို့ မမြင်နဲ့ကွ။ မြန်မာ့နိုင်ငံရေးဟာ မင်းထင်သလောက် မလိမ်၊ မကောက်ပါဘူးကွာ” ဟု နိုင်ငံရေးပါမောက္ခလေသံဖြင့် မသူဇာကို လက်ချာပေးသည်။

မသူဇာ၏ အတုံးလိုက် အတစ်လိုက် ထွက်ခါနီး အပေါက်ဝရောက်နေသည့်ဒေါသများက ကိုသောင်းမြင့်အပေါ်သို့ ပုံကျသွား သည်။ “အောင်မာ.. ရှင်က ရှင့်ယောက်ဖတွေဘက်က နာနေသေးတယ်။ မြန်မ့နိုင်ငံရေးလောက် လိမ်တာ ကောက်တာ ဒီကမ္ဘာမှာ မရှိဘူး။ ဘာမှ အဲဒီလိုမဟုတ်ဘူး။ ဒီလူတွေ လူလိမ်တွေ။ လူကောက်တွေ။ စောက်ရှက် (ကန်တော့ပါ မသူဇာ ပြောသလို ရေးရမှာ စာရေးသူတာဝန်သာ ဖြစ်သည်။) လုံးလုံးလည်း မရှိဘူး။ ပြားပြားလည်း မရှိဘူး။ အမေစုကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားတဲ့ဥပဒေအကြောင်း ရှင်စာပြန်ရှာဖတ်ဦး။ ၂၀၀၈ သူတို့ အက်ဒစ်လုပ်ထားတဲ့ လူပါးဝတဲ့စာအုပ် အစိမ်းကြီး ကြမှ ပါလာတာ။ မသိတဲ့သူတွေ ခံပေါ့။ ရှင်လိုပေါ့။ ဗိုလ်ချုပ်တို့ရေးခဲ့တဲ့ ဖွဲ့စည်းပုံထဲမှာ မိဘအထိဘဲ။ ဘာယောက်ျားမှ မပါဘူး။ ကဲထား ..  ပါတယ်ဘဲထား။ အခု ဒေါ်စု ယောက်က်ျားက သေတာ အရိုးတောင် ဆွေးပေါ့။ သူ့သားနှစ်ယောက် သူ့ဘာသာ နိုင်ငံသားခံတာ ဘယ်နိုင်ငံသား ခံ ခံပေါ့။ ကိုင်း .. ရှင်းရှင်းပြောမယ်တော်။ ဟုတ်တယ်။ ဒေါ်စု အဲဒီလိုဖြစ်လို့ မဖြစ်ရဘူးဆိုရင် ကျွန်မတို့ အကုန်လုံး လိုလိုက သူ့ကို သမ္မတဖြစ်စေချင်တယ်တော်။ နိုင်ငံကို ခေါင်းဆောင်စေချင်တယ်တော်။ ရှင်လို ခပ်တုံးတုံးလူတွေ၊ အရိုးအရင်းကိုက်ရလို့ မာန်ဖီရသူတွေ၊ အဆီအသားစားရလို့ ထိုင်နေရာက ထရမှာ ၀န်လေးသူတွေ ကို စိန်ခေါ်ချင်တယ်။ ဇရှိရင် လူထုဆန္ဒခံယူပွဲလေး မဲပေးကြေး လုပ်ကြည့်ပါလား။ ဒါပြောတော့ ဟိုစာအုပ်နဲ့ ကိုင်ပေါက်မယ်။ သိသားဘဲ။ တော်တော် ကိုသောင်းမြင့် ကျွန်မ သိပ်မပြောချင်ဘူး။ အဲဒီ သောက်သူခိုး လူလိမ် ရှင့်ယောက်ဖတွေကို ရှင်ဘာမှ ရှေ့နေလိုက်ပေးစရာမလိုဘူး။ အကုသိုလ်များလိုက်တာတော်။ လူလိမ်ကြီးက တစ်မျိုး။ ဘာမှ နားမလည်တဲ့ ခပ်တုံးတုံး လူ က တမျိုး” ဟု ဘောက်ဆတ် ဘောက်ဆတ်ဖြင့် ထထွက်သွားသည်။

လူများ ဒေါသထွက်လျှင် သိပ်ကြောက်ဖို့ကောင်းသည်။ အမှန်ကို အမှား ဖြစ်စေ၏။ အမှားကို အမှန်ထင်၏။ မပြောသင့်တဲ့ စကား ပြောထွက်သည်။ သူတစ်ဖက်သား အားအနည်းဆုံးနေရာကို ရွေးချယ်တိုက်ခိုက်၏။ တဦးနှင့် တဦး ကုန်းကောက်စရာ မရှိအောင် ဖိနင်း ချနင်းတတ်သည်။ နံရံကို ခေါင်းနဲ့ ဆောင့်ရ ဆောင့်ရ ဖြစ်တတ်ကြသည်။ အခုလည်း ကိုသောင်းမြင့်ညီမ ယောက်က်ျား အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ ရပ်ကွက်ထဲမှာ သူခိုးလိုလို၊ ဂျပိုးလိုလို အထင်ခံခြင်းအား စောင်းမြောင်းပြီး သူခိုး လူလိမ် ရှင့်ယောက်ဖဟု စောင်းမြောင်းသွားခြင်း ဖြစ်သည်။ ပြီးတော့ သူ့ကိုလည်း ခပ်တုံးတုံးတဲ့။ ကိုသောင်းမြင့် ဘာမှ အမှားမလုပ်ပေမယ့် အစော်ကားခံလိုက်ရသည်လို့ ထင်သည်။ ထို့ကြောင့် ကိုသောင်းမြင့်လဲ ဒေါသထွက်သည်။ ဒေါသထွက် သူတို့ထုံးစံ ဆိုင်ဆိုင် မဆိုင်ဆိုင်၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ပတ်ဝန်းကျင်ကို ရမ်းတတ်သည်။ အခုလည်း… ရပ်ကွက် ဘောလုံးပွဲအတွက် ကစားသမား နည်းပြနာယက စပွန်ဆာပေးသူ ကိုသောင်းမြင့်ကို ရပ်ကွက်ထဲက ဘောလုံးဝါသနာရှင် လူငယ်များကလာပြီး နောက်ရက်ကစားမည့်သူစာရင်းကို လာတောင်းတာနှင့်ကြုံနေသည်။ “အစ်ကိုကြီး…ကျွန်တော်တို့ ထရိန်နင်ဆင်းထားရအောင်၊ လူစုထားရအောင် ကစားမယ့်လူစာရင်းလေးပေးပါ” ဟု တောင်းသည်။ ကိုသောင်းမြင့်က ဒေါ နှင့် မောနှင့်အော်ပြီး ကလေးတွေကိုပြောလိုက်တာက “ငါရယ်၊ ငါ့ညီမ ယောက်က်ျားရယ်၊ ငါ့ဦးလေးရယ်၊ ငါ့ညီရယ်၊ ငါ့ မိန်းမမောင်ရယ်၊ ငါ့အိမ်က ဒရိုက်ဘာရယ်၊ ငါ့အလုပ်သမားလေးယောက်ရယ်၊ ကျန်တဲ့တစ်ယောက်က မင်းတို့ အဆင်ပြေ မယ့်သူ ကြည့်ထည့်လိုက်ကြ” တဲ့။ ကလေးတွေက ခေါင်းကုပ် ဖင်ကုပ်လုပ်ကာ ပြန်ထွက်သွားသည်။ ဘာပြောလို့ရမှာလည်း ဆိုသည့် မျက်နှာလေးတွေဖြင့် ကြည့်သွားကြသည်။ ရပ်ကွက်ထဲမှာ အာဏာရှိ၊ ငွေရှိ၊ သြဇာရှိသူဘဲ။ အရာအားလုံးက သူ့လက်ထဲမှာရှိသူဆိုတော့ ပြောလည်း မောတာပဲ အဖတ်တင်မှာမို့ စောဒကတက်မနေဘဲ ပြန်သွားကြသည်။

ကိုသောင်းမြင့်တယောက် အိပ်ခန်းထဲသို့လည်း မ၀င်ချင်။ မသူဇာမျက်နှာလည်း မတွေ့ချင်။ စကားမပြောချင်။ သူများကို စော်ကား။ ကိုယ့်စော်ကားရင် တီ ဆားပုံသလို တွန့်တွန့်သွားတဲ့ မိန်းမထားလိုက်လို့ တွေးမိပေမယ့် အခန်းထဲက မသူဇာ အသံက ပြန့်လွင့်လာသည်။

“ငါ့ယောက်ျား အိပ်ကြစို့။ ငါတို့ ညမိုးချုပ်နေပြီ။ ငါ့သမီးလည်း အိပ်ချင်ပြီတဲ့။ ခိ…ခိ…ခိ” တဲ့လေ။ တယ်..ဒီမိန်းမ ငါလေ…ငါ ဟု တွေးမိပြီး အခန်းထဲသို့ စောင့်စောင့်အောင့်အောင့်ဖြင့် ကြွမြန်းသွားလေတော့သတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးထက် – ငါ နိုင်ငံရေး
  1. ကိုဖိုးထက်ရဲ့ ကိုသောင်းမြင့် နဲ့ မသူဇာကို ချစ်လာပြီဗျို့။ အလွန်ချစ်စရာကောင်းတဲ့ စုံတွဲတစ်ခုကို ဖန်တီးနိုင်တဲ့ ကိုဖိုးထက် အားကျတယ်ဗျာ။ ကိုဖိုးထက် စာတွေ ရေးတာ ပြန်စိပ်လာသလို အတွေးတွေလဲ လှလာတယ်ဗျို့။ သရော်စာ များများ ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အားပေးပါတယ်။

Comments are closed.