ရသဆောင်းပါးစုံ မောင်မောင်စိုး

မောင်မောင်စိုး – တအန်း ပလောင်နှင့် TNLA – အပိုင်း (၁၁)

မောင်မောင်စိုး – တအန်း ပလောင်နှင့် TNLA – အပိုင်း (၁၁)
(မိုးမခ) မတ် ၄၊ ၂၀၁၆

● နောက်ဆက်တွဲ
၂၀၁၆ ဖေဖဝါရီ ၁၈မှ ၂၁ ထိ ၄ ရက် UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ အစည်းအဝေးကို ထိုင်းနိုင်ငံ တွင်ကျင်းပခဲ့သည်။ လက်ရှိ UNFC ခေါင်းဆောင်ပိုင်းတာဝန်ယူမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

UNFC
ဥက္ကဌ အင်ဘန်လ (KIO)
ဒုဥက္ကဌ နိုင်ဟံသာ (NMSP)
အတွင်းရေးမှူး ခူဦးရယ် (KNPP)
တွဲဖက်အတွင်းရေးမှူး ၁ ဦးထွန်းဇော် (ANC)
တွဲဖက်အတွင်းရေးမှူး ၂ တာပန်လှ (TNLA) တို့ဖြစ်ကြသည်။

UNFC အစည်းအဝေးတွင် အခြားနိုင်ငံရေးကိစ္စရပ်များနည်းတူ TNLA နှင့် RCSS ကြားလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးအတွက် ဆွေးနွေးပြီးဖြေရှင်းနိုင်ရန် အဖွဲ့တဖွဲ့ခဲ့သည်။ ထိုအဖွဲကို UNFC ၏ဒုဥက္ကဌလည်းဖြစ် NMSP ၏ ဒုဥက္ကဌ လည်းဖြစ်သူ နိုင်ဟံသာကဦးဆောင်၍ ဆွန်လွတ်ဂွမ်မော် (KIO)၊ ဗိုလ်ချုပ်ဘီထူး (KNPP)၊ စဝ်စိုင်းထူး (SSPP)၊ ဦးထွန်းဇော် (ANC) တို့ပါ ဝင်ကြရာ မကြာမှီညှိနှိုင်းမှုများစနိုင်မည်ဟု မျှော်လင့်ရပေသည်။

SSPP နာယကဖြစ်သူ စဝ်ဆေထင်တို့သည်လည်း ၂၀၁၆ ဖေဖဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စဝ်ရွက်ဆစ် အဖွဲ့နှင့်တွေ့ဆုံ၍ TNLA နှင့် RCSS ကြားလက်နက်ကိုင်ပဋိပက္ခကို ဆွေးနွေးခဲ့ကြသည်။ ထိုသို့သို့ဆွေးနွေးရာတွင် စဝ်ဆေ ထင်က ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ကော်မတီ ShanState Joint Action Committee SSJAC ကိုယ်စားပြု၍ ဆွေးနွေးခဲ့ သည်။ SSJAC ကို ၁၉၉၆ ဇွန်လ ၆ ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ပြီး SNLD နှင့် SSA ပါဝင်သည့် ငြိမ်းချမ်းရေးကော်မတီတို့ ပူး ပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

စဝ်ရွက်ဆစ်ကတော့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ကို ကိုယ်စားပြုဆွေးနွေးသည်ဟုဆိုသည်။ CSSU တွင် SSJAC/SNLD/SNDP/SSPP/RCSS နှင့် ရှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့အဖွဲ့စည်းများပါဝင်ပြီး ၂၀၁၃ အောက်တိုဘာ ၁၅ ရက်ကဖွဲ့ စည်းသည်ဟုဆိုပါသည်။

ဤသို့ဖြင့် စဝ်ဆေထင်ဦးစီး အဖွဲ့ဝင် ၆ ဦးပါ SSJAC နှင့် စဝ်ရွက်ဆစ်ဦးစီး အဖွဲ့ဝင် ၉ ဦးပါ CSSU တို့ ဆွေးနွေးကြရာတွင် TNLA နှင့် RCSS ပြဿနာကို ဆွေးနွေးဖြေရှင်းရန် သဘောတူခဲ့ကြသည်ဟု ဆိုပါသည်။

PNLO နှင့် RCSS တို့၏ပဋိပက္ခတွင် ဝင်ရောက်ဖြေရှင်းနိုင်ခဲ့သော UNFC အနေနှင့် ယခုအကြိမ်တွင်လည်း အောင်မြင်စွာညှိနှိုင်းနိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။ UNFC ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်သည့် TNLA နှင့်ရော RCSS နှင့်ပါ ရင်းနှီးသော ဆက်ဆံရေးရှိသည့် SSPP ခေါင်းဆောင် စဝ်စိုင်းထူး၏ အခန်းကဏ္ဍသည် အရေးပါလိမ့်မည်ဟု မျှော်လင့်ရပေသည်။

RCSS နှင့် PNLO ကြားမှာ ကြားဝင်ဖြေရှင်းခဲ့သကဲ့သို့ RCSS နှင့် TNLA ကြားပြဿနာကိုလည်း UNFC က ဝင်ရောက်ဖြေရှင်းနိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း PSLF/TNLA နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာပန်လှက မဇ္ဈိမသတင်းဌာနအားပြောကြားခဲ့သည်ဟုဆိုပါသည်။ UNFC ကြားဝင်ညှိနှိုင်းရေးအဖွဲ့တွင်ပါဝင်သည့် SSPP ခေါင်းဆောင် စဝ်စိုင်းထူးကလည်း နှစ်ဖက်စလုံး အပစ်ရပ်စဲနိုင်ဖို့ အမြန်ဆုံးတွေ့ဆုံပေးမည်ဖြစ်ကြောင်းမည်သူ့ဖက်မှ မနစ်နာအောင် အောင်မြင်အောင်ညှိနှိုင်းပေးမည်ဟု မဇ္ဈိမသတင်းဌာနအား ပြောကြားခဲ့ပါသည်။

အဆိုပါ TNLA နှင့် RCSS ကြားဖြစ်ပွားသည့်လက်နက်ကိုင်ပဋိပက္ခတွင် ကျောက်မဲဖက်၌ စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် နမ့် ခမ်းဖက်တွင် စစ်ဘေးဒုက္ခသည် ၃၀၀၀ ခန့် ပေါ်ပေါက်လာရာ ဂယက်ရိုက်မှုကြီးမားသည်။ အမေရိကန်သံရုံးနှင့် EU တို့ကပါ မြောက်ပိုင်းပဋိပက္ခအပေါ် စိုးရိမ်မကင်းရှိကြောင်းဖေါ်ပြကြသည်။ ဒုတိယအကြိမ်လွှတ်တော်၌လည်း စစ်ပွဲများအမြန်ရပ်ဆိုင်း ရေးအတွက် အဆိုတင်သွင်းသည်ကိုတွေ့ရသည်။ ရှမ်းမြောက်ပဋိပက္ခနှင့်ပတ်သက်၍ အမေရိကန်သံရုံးကလည်းကောင်း၊ EU ကလည်းကောင်း စိုးရိမ်မကင်းဖြစ်ကြောင်း ဖေါ်ပြခဲ့ကြပါသည်။

ကျောက်မဲစစ်ဘေးဒုက္ခသည်စခန်းသို့ရောက်လာသော SSPP/SSA မှ ဗိုလ်မှူးစိုင်းဆုက TNLAနှင့် RCSS တိုက်ပွဲဖြစ်နေသော ရွာ ၆ ရွာအနီးတွင်မြန်မာစစ်ဖက်က အင်အား ၅၀၀ ခန့်ရှိနေသော်လည်း မဆိုင်သလိုထိုင်ကြည့်နေကြကြောင်း အဆိုပါ ၂ ဖွဲ့ တိုက်နေသည်ကို မြန်မာစစ်ဖက်က အဝေးကစောင့်ကြည့်နေကြောင်း၊ ၎င်းကြက်ဖ ၂ ကောင်ကို ချက်စားရန်ပြင်ဆင်နေ သည်နှင့်တူကြောင်း၊ ၎င်းကြက်ဖ ၂ ကောင် ဆက်မတိုက်နိုင်ပါက သူတို့ချက်စားလိမ့်မမည်ဟု ဆိုပါသည်။ ထို့ပြင် ဗိုလ်မှူးစိုင်း ဆုက ရှမ်းပြည်ထဲမှာ ရှမ်းနှင့်ပလောင်အတူတကွနေထိုင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း အပြန်အလှန်တိုက်ခိုက်ကြခြင်း ယခင်ကမရှိဘူးခဲ့ဟုဆိုပါသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး UNFC ကမူအစိုးရနှင့် မြန်မာစစ်ဖက်အားစွပ်စွဲပြစ်တင်ခဲ့သည်။ ၂၀၁၆ ဖေဖော်ဝါရီ ၂၁ တွင် ထုတ်ပြန်သည့် UNFCကြေငြာချက်ပါ အချက် ၄ တွင် “လက်ရှိအစိုးရနှင့်တပ်မတော်တို့အနေဖြင့် တနိုင်ငံအပစ်ခတ်ရပ်စဲရေး ဆိုင်ရာသဘောတူစာချုပ် NCA ကို စစ်ရေးနိုင်ငံရေးလက်နက်သဖွယ် အသုံးချနေကြောင်း တွေ့မြင်နေရပါသည်။ ဤသို့သွေး ခွဲအနိုင်ယူရေးစစ်ရေး နိုင်ငံရေး မဟာဗျူဟာဖြင့် တိုင်းရင်းသားအချင်းချင်းကြား လူမျိုးရေးမုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လက်ရှိ အစိုးရတပ်မတော်၏လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုံ့ချလိုက်သည်” ဟူ၍ ဖေါ်ပြပါရှိပါသည်။

ထို့ပြင် အဆိုပါ ရှမ်းမြောက်ပဋိပက္ခနှင့်ပတ်သက်၍ လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ်၏ဆွေးနွေးချက်တွင် ပါရှိသည့် TNLA လက်နက်စွန့်ရေးနှင့်ပတ်သက်သည့်ပြောကြားချက်အား UNFC အတွင်းရေးမှူးလည်းဖြစ် KNPP ၏ ဒုဥက္ကဌ လည်းဖြစ်သူ ခူဦးရယ်က TNLA ကို လက်နက်စွန့်ဖို့ပြောကြားခြင်းသည် လက်တွေ့ကျပြီး ပြဿနာပြေလည်စေသည့် နည်း လမ်းမဟုတ်ဟူ၍ ထောက်ပြဝေဖန်ခဲ့ပါသည်။

ဤကဲ့သို့ အပြန်အလှန်ပြောဆိုသုံးသပ်မှုများ ပေါ်ထွက်လာချိန်တွင် မြန်မာစစ်ဖက်အကြီးအကဲတစ်ဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က RCSS အနေနှင့် သတ်မှတ်ထားသောနေရာတွင်မနေဘဲ ချိုးဖေါက်မှုများရှိသည်ဟု ပြစ်တင်ဝေဖန်လိုက်ပါသည်။

အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သောသတင်းများအရ မြန်မာစစ်ဖက်အနေနှင့်TNLA နှင့် RCSS ကြားလက်နက် ကိုင်ပဋိပက္ခအားသတိပြုစောင့်ကြည့်နေကြောင်း တိုင်းရင်းသားညီအကိုကြား ညှိနှိုင်းဖြေရှင်းနေကြောင်း မြေပြင်သတင်းအရ လည်းကောင်း၊  နှစ်ဖက်အဖွဲ့အစည်းများ၏ထုတ်ပြန်သောကြေငြာချက်များအရသော်လည်းကောင်း၊ စောင့်ကြည့်ခဲ့သော် လည်း နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခကြောင့် လူထုမှာအခက်အခဲပိုတွေ့လာရသည်ဟု ဆိုသည်။

ထို့ကြောင့် ၂၀၁၆ ဖေဖဝါရီ ၁၂ ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက RCSS/SSA မှ JMC-S (ပူးတွဲစစ်ဖက်ဆိုင်ရာစောင့်ကြည့်ရေးကော်မတီ-ရှမ်းပြည်) ဒုဥက္ကဌဖြစ်သူ RCSS မှ စိုင်းအောင်မြတ်ထံသို့လိပ်မူ၍ သဘောတူသတ် မှတ် ပေးထားသည့်နေရာသို့ ပြန်လည်ထွက်ခွာရန်နှင့် RCSS စဝ်ရွက်ဆစ်အဖွဲ့ နယ်မြေကျော်လွန်ဝင်ရောက်ခဲ့မှုအပေါ် ပြင်း ထန်စွာကန့်ကွက်ကြောင်း အကြောင်းကြားစာပို့ခဲ့သည်ဟုဆိုပါသည်။

မြန်မာစစ်ဖက်၏အကြောင်းကြားစာအပေါ်RCSS မှ ပြန်လည်ထွက်ခွာသွားမည်မဟုတ်ဟု အကြောင်းပြန်ကြားခဲ့သည့်အပြင် လက်နက်ကိုင်အင်အားများများ ပိုမိုဖြည့်တင်းဝင်ရောက်လာခြင်းကြောင့် မြန်မာ့တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းဝင်ရောက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ရှင်ဟွာသတင်းဌာနမှဖေါ်ပြပါသည်။

ဤသို့ ကာကွယ်ရေးဝန်ကြီးဌာန၏သတင်း ထုတ်ပြန်မှုသည် UNFC ၏ကြေငြာချက်နှင့်ပတ်သက်၍ ငြင်းပယ်လိုက်ခြင်းဖြစ် သကဲ့သို့ ယခုသတ်နယ်မြေထက်ကျော်လွန်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး RCSS တွင်သာ တာဝန်ရှိကြောင်း တရားဝင်ညွှန်းဆိုလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။ သို့သော် လက်ရှိအချိန်တွင် မြန်မာစစ်ဖက်နှင့် TNLAတို့၏ တိုက်ပွဲသတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာစစ်ဖက်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှုသတင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

● နိဂုံး
၁။ တိုင်းရင်းသားများနှင့်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကား ရှည်ကြာလှသကဲ့သို့ စစ်စားရိတ်လည်း ထောင်းလှပေပြီ။ ကိုးကန့်စစ်ပွဲတခုထဲ စစ်အသုံးစားရိတ်က ဒေါ်လာ သန်း ၁၅၀၀ ရှိသည်ဟု ဆိုသူက ဆိုသည်။ အခြားသတင်းရင်းမြစ်များမှ အတည်ပြု၍မရသော်လည်း ခေတ်မှီစစ်လက်နက်မျိုးစုံထုတ် သုံးသည့်ယင်းစစ်ပွဲတွင် ကုန်ကျစားရိတ်နည်းမည် မဟုတ်ချေ။ ထို့ပြင်တပြည်လုံး အတိုင်းအတာအရ စစ်စားရိတ်သည် နည်းမည်မဟုတ်ချေ။

ထို့ပြင် စစ်စားရိတ်သည် အစိုးရဘက်တခုထဲသာ ကုန်နေသည်မဟုတ်ချေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနဲ့ လည်း အင်အား များလျှင်များသလောက် ကုန်နေသည်သာဖြစ်သည်။ ဤသို့ စစ်စားရိတ်နှင့်ပိနေသော တိုင်းပြည် တပြည် အဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်နိုင်ပါမည်လော။

၂။ စစ်ပွဲများကြောင့် ဒုက္ခသည်ဦးရေကလည်း တိုးပွားနေသည်။ မွန် ကရင် ကရင်နီ ရှမ်း ဒုက္ခသည်အရေး မဖြေရှင်းသေးမှီ ကချင် ကိုးကန့် ပလောင် ရခိုင်ဒုက္ခသည် အသစ်များပေါ်လာသည်။ ဒုက္ခသည်စခန်းများတွင်နေရသူများ နေရသည့်လူမျိုး များ၏ရင်တွင်း၌ အမုန်းနှင့်အာဃာတများ တိုးပွားစေပါသည်။ တိုင်းပြည်စည်းလုံးညီညွတ်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေ ပါသည်။

၃။ အဖြေကား ငြိမ်းချမ်းရေးတည်ဆောက်ဘို့ ဖြစ်သည်။ ထိုငြိမ်းချမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်မှာလည်း ရိုးစင်းလိမ့်မည် တော့ မဟုတ်ပေ။ သို့သော် တခြားရွေးချယ်စရာ မရှိပေ။ ထို့ပြင် ၎င်းငြိမ်းချမ်းရေးဆိုသည်မှာ တိုင်းရင်းသားပြဿနာ မှန် ကန်စွာဖြေရှင်းနိုင်ရေးပေါ် အခြေပြုနေပါသည်။

၎။ ယခု တင်ပြခဲ့သည်မှာ ပလောင်သမိုင်း ပလောင်လက်နက်ကိုင်အဖွဲ့သမိုင်းမဟုတ်ပါ။ လက်လှမ်းမှီသလောက် ပလောင် လူမျိုးနှင့် ပလောင်လက်နက်ကိုင်အဖွဲ့၏အချက်အလက်များကို မျှဝေခြင်းသာဖြစ်ပါသည်။ တိုင်းရင်းသား ပြဿနာဖြေရှင်းရာ တွင်လည်းကောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင်လည်းကောင်း တိုင်းရင်းသားလူမျိုးများ သူတို့၏လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်ပြီး ကိုးကားစဉ်းစားနိုင်ရန် ရည်ရွယ်ပါသည်။

၅။ ဤတင်ပြချက်များနှင့်ပတ်သက်ပြီး စိတ်ဝင်တစား ဖတ်ရှုသူများ ဝေဖန်အကြံပြုသူများ အချက်အလက်အမှားပါက ပြင် ဆင် ထောက်ပြပေးသူများ ထပ်ဆင့်လက်ဆင့်ကမ်းသူများ အားလုံးကျေးဇူးတင်ပါသည်။ ကိုယ်စွမ်းသလောက်လည်း ကြိုး စားစေချင်ပါသည်။

၆။ နှီးဒေါင်လန်းနှင့်စ၍ နှီးဒေါင်လန်းနှင့် ဆုံးချင်ပါသည်။ ယနေ့ခေတ် နှီးဒေါင်းလန်းနှင့် တည်ခင်းရောင်းချတတ်သော ဆိုင် များမှာ နှီးဒေါင်းလန်းပေါ်တွင် ထမင်း ဟင်းခွက်နှင့်တည်ခင်း ရောင်းချကြခြင်းဖြစ်သည်။ ကျနော်တွေ့ခဲ့သည့် တအန်း ပ လောင်မိသားစု၏ထမင်းဝိုင်းမှာ နှီးဒေါင်းလန်းပေါ်၌ မည့်သည့်ခွက်မှမရှိပါ။ ထမင်းရော ဟင်းပါထည့်၍ မိသားစုအတူတကွ စားခြင်းဖြစ်သည်။ ရှေးဗမာများလည်း ဤသို့စားသည်ဟုဆိုပါသည်။ ထိုကြောင့် လက်ရည်တပြင်တည်းဟု ဆိုခြင်းဖြစ်သည်။

“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက်ပို၍ ချစ်ကြစေချင်ပါသည်”

ပြီးပါပြီ။
photo credit Mungdungla Wawhkyung


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts