ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ

လှကျော်ဇော – ရဲဘော်ထွန်းသို့

၁၉၈၅ ခုနှစ် ပန်ဆန်းမှာကျင်းပခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တတိယကွန်ဂရက်အတွင်း
ဝဲ မှ ယာ– ရဲဘော်ဦးတင် (ဗိုလ်ကျော်ဇော)၊ ရဲဘော်စံသူ၊ ရဲဘော်ထွန်း (ဗိုလ်ကြင်မောင်)
လှကျော်ဇော – ရဲဘော်ထွန်းသို
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

ဒီနေ့ဒီအချိန်ကစလို့ ပါတီရဲ့ခေါင်းဆောင်မှုကို အခုထိုင်နေတဲ့ ရဲဘော်တို့ရဲ့ပုခုံးပေါ် လွှဲပြောင်းပေးလိုက်ပြီ။ ပါတီအလံကို မလဲအောင် ဆက်လက်ထိန်းသိမ်းကြပါ။
• • •

၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့ ပန်ဆန်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ဟာ ခွဲထွက်လူမျိုးစုတပ်ဖွဲ့တဖွဲ့ရဲ့ အာဏာသိမ်းခြင်း ခံလိုက်ရပါတယ်။ အဲဒီနေ့မှာပဲ ပါတီဗဟိုရုံးမှာနေထိုင်ကြတဲ့ ဗဟိုခေါင်းဆောင်များနဲ့ ကျန်အဆင့်အသီး သီးက ရဲဘော်များ၊ မိသားစုဝင်များ အားလုံးနီးပါး တဖက်ကမ်းကို ထွက်လာခဲ့ကြရပါတယ်။ ကျန် ဗဟိုဌာနအသီးသီးက ရဲဘော်များ၊ အရှေ့မြောက်စစ်ဒေသ ဌာနအသီးသီးက ရဲဘော်များ၊ ပန်ဆန်းအနီးတဝိုက်က ရဲဘော်များ စတဲ့ ပါတီဗဟိုကို ယုံကြည်ပြီး ပါတီနဲ့ တော်လှန်ရေးအလံကို ဆက်လက်စွဲကိုင်လိုတဲ့ ရဲဘော်အသီးသီးကလည်း ပါတီဗဟိုရှိရာ တဖက်ကမ်း ကိုကူးပြီး ပါတီဗဟိုနောက် လိုက်လာခဲ့ကြပါတယ်။

တဖက်နိုင်ငံက နယ်စပ်မြို့လေးတမြို့မှာ စုစည်းမိသမျှ ပါတီဗဟိုကော်မတီဝင်များ အစည်းအဝေးထိုင်ကြပြီး ရှေ့လုပ်ငန်းစဉ် တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီနောက်တော့ ပါတီအလံကို ဆက်လက်လွှင့်ထူနိုင်ဖို့ အခြေခံဒေသ အဟောင်းများ အပါအဝင် ပြည်တွင်းကို ဖောက်ဝင်ဖို့၊ ပါတီနဲ့တော်လှန်ရေး အခက်အခဲအကျပ်အတည်းဆိုက်နေချိန်မှာ ပါတီဝင်များ ရှေ့ထွက်ကြဖို့၊ ပါတီဗဟိုက ရဲဘော်ထုအကြား လှုံ့ဆော်လိုက်ပါတယ်။ ပါတီဗဟိုနောက် လိုက်ပါလာကြတဲ့သူများထဲက အားလုံးနီးပါး ပြည်တွင်းဆင်းရန် စာရင်းပေးကြပါတယ်။

ဒါပေမဲ့ လုပ်ငန်းတာဝန်ရဲ့ ကြီးလေးမှုနဲ့ အခြားလိုအပ်ချက်အရ တချို့ကို ချန်တားဖို့ စီစဉ်ရပါတယ်။ ဒါကြောင့် လူပေါင်း (၄၀) ကျော် (ပါတီဝင်တွေရော ပါတီဝင်မဖြစ်သေးသူတွေရော) ရှေ့တန်းထွက်မယ့် တပ်ဖွဲ့အဖြစ် ထွက်လာပါတယ်။ အဲဒီလူ စုကို ရဲဘော်ထွန်းက ဦးစီးပြီး ပထမတော့ သံလွင်မြစ်အနောက်ဘက်ကမ်းက မန်ဟိုင်းဆိုတဲ့မြို့ကလေးကနေ ပြည်တွင်းဆင်း ဖို့ လုပ်ကြပါတယ်။ အဲဒီလမ်းအဆင်မပြေတော့ (၁၀၁) စစ်ဒေသက ကန်ပိုင်တီဆိုတဲ့အရပ်ကို ဇွန်လ ကုန်လောက်မှာ ရွှေ့ပြောင်းလာခဲ့ရပါတယ်။

အဲဒီမှာ ပါတီရဲ့ ဒီလက်ကျန်ရဲဘော်တွေအနက် ပါတီဝင်တွေကို စနစ်တကျစုစည်းပြီး ရဲဘော်ထွန်းနဲ့ ရဲဘော်ခင်ညို ဦးဆောင် ကာ လျှို့ဝှက်မဲပေးစနစ်နဲ့ ကော်မတီဝင်အပြည့် ၅ ယောက်နဲ့ အရံ ၄ ယောက်ကိုရွေးကောက်တင်မြှောက်ပြီး အမှတ် ၉ ကော်မတီလို့ ပထမဆုံးဖွဲ့စည်းပေးလိုက်ပါတယ်။ အဲဒီနောက် ပါတီကော်မတီတွင်း တာဝန်ခွဲဝေမှုအဖြစ် တပ်မှူး၊ နိုင်ငံရေးမှူး တို့ကို မိမိတို့ဘာသာ ကော်မတီရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးမှ ရွေးချယ်တင်မြှောက်ကာ စစ်ဦးစီးလုပ်ငန်းဌာန၊ ထောက်ပံ့ရေးလုပ်ငန်းဌာနနဲ့ လူထုစည်းရုံးရေးလုပ်ငန်းဌာနတို့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီတပ်ဖွဲ့ “အမှတ် ၉ တပ်ဖွဲ့” လို့ အမည် ပေးလိုက်ပါတယ်။ ဌာနအလိုက် ကလာပ်စည်းကော်မတီများလည်း စနစ်တကျ ဖွဲ့စည်းခဲ့ပါတယ်။ ယာယီအားဖြင့် ကန်ပိုင် တီမှာ နေထိုင်စားသောက်ရေးကိုပြင်ဆင်ရင်း ပန်ဝါမှလာမယ့် ၈ – ၄ လုံး အရေးတော်ပုံက ထွက်ပေါ်လာတဲ့ ပါတီရဲ့ မြေ အောက်ရဲဘော်တွေနဲ့ စုစည်းထားတဲ့ ဒီပီအေတပ်ဖွဲ့ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့ ကန်ပိုင်တီရောက်လာတဲ့အခါ ညီနောင်တပ်ဖွဲ့အဖြစ် “အမှတ် ၈၊ ဒီမိုကရေစီ ပြည်ချစ်တပ်မတော်” လို့ အမည်ပေးလိုက်ပြီး ကျွန်မတို့ကိုဖွဲ့စည်းပေးထားတဲ့ အမှတ် ၉ တပ်ဖွဲ့ကိုတော့ “အမှတ် ၉၊ ပြည်သူ့တပ်မတော်” အဖြစ် တရားဝင် ပြန်လည်အမည်သစ်ပေးလိုက်ပါတယ်။ ညီ နောင်တပ်ဖွဲ့ ၂ ခုပေါင်းလိုက်တဲ့အခါ စုစုပေါင်းအင်အား (၁၀ဝ) ကျော်သွားပါတယ်။ ဒီအင်အားစုတွေကို ရဲဘော်ထွန်းက တပတ် (၂) ကြိမ် နိုင်ငံရေး ဟောပြောပို့ချပါတယ်။ ကြားရက်တွေမှာ ကျွန်မတို့က လုပ်ငန်းဌာနအလိုက် ပြန်လည်ဆွေး နွေးကြပြီး မရှင်းလင်းတာတွေ ထပ်မေးချင်တဲ့မေးခွန်းတွေကို နောက်တရက်မှာ ရဲဘော်ထွန်းက ထပ်ရှင်းပေးပါတယ်။ ဆောင်းပါးအစမှာဖော်ပြထားတဲ့စကားစုဟာ အဲဒီနိုင်ငံရေးဟောပြောချက်တခုအတွင်း ရဲဘော်ထွန်းပြောခဲ့တဲ့ စကားရပ်တခုပါ။

အဲဒီသင်တန်းတွေမှာ ရဲဘော်ထွန်းက – ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုများအတွင်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍ အကြောင်း ဟောပြောပို့ချပေးနေတာပါ။ ပါတီတွင်း အတက်အကျ အခြေအနေတွေကို မာ့က်စ်ဝါဒ အခြေခံပေါ်ကနေ နိုင်ငံတကာအခြေအနေများနဲ့ပါ ဆက်စပ်ပြီး ပြောပြပါတယ်။ ဟောပြောပို့ချနေတာနဲ့မတူဘဲ သာမန်စကားဝိုင်းလေးတခုမှာ စကားပြောနေသလို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးလေး သူကပြောနေပေမယ့် သင်တန်းတက်နေရင်း မှတ်တမ်းရေးနေ ကြတဲ့ ကျွန်မတို့တတွေအတွက်ကတော့ အလွန်အဖိုးတန်လှတဲ့ နိုင်ငံရေးအမြင်တွေ အားမာန်သစ်တွေ ဝင်လာခဲ့ရပါတယ်။

အဲဒီတုန်းက ရဲဘော်ထွန်းပြောခဲ့တဲ့ မိမိတို့ရဲ့ ရှေ့လုပ်ငန်းနဲ့ပတ်သက်ပြီး ဆုပ်ကိုင်ရမယ့် သဘောထားတရပ်ကတော့ “ရဲဘော်တို့ ကိုယ်ရောက်တဲ့အရပ်မှာ ကိုယ့်ဟာကိုယ် အခြေခံဒေသ တည်ဆောက်ပါ။ ကိုယ်ရပ်နေတဲ့ကိုယ်ခြေထောက် (၂) ချောင်းအောက်က မြေကြီးဟာ ကိုယ့်အခြေခံဒေသလို့ မှတ်ယူပါ။ အဲဒီက စပါ။ ခင်ဗျားတို့ လူ (၁၀) ယောက်စုနိုင်ရင် တပ် စိတ်မှူးလုပ်၊ လူ (၁၀ဝ) စုနိုင်ရင် တပ်ခွဲမှူးလုပ်ပေါ့ဗျာ။ လူထုကို စည်းရုံးရာမှာ ဘာသာရေးကိုဆန့်ကျင်တာတွေ မလုပ်မိစေ နဲ့” လို့ပြောပြီး သူ့ပြောက်ကျားဒေသအတွေ့အကြုံတွေ နယ်စိမ်းတိုးစဉ် ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေကိုလည်း အသေး စိတ် ပြောပြခဲ့ပါတယ်။

ကျွန်မတို့တတွေဟာ ပန်ဆန်းမှာ ဌာနအသီးသီးမှာ တာဝန်အမျိုးမျိုးကို အဆင့်ဆင့်နဲ့ နှစ်ဆယ်နဲ့ချီပြီး ထမ်းဆောင်ခဲ့ကြ ရပေမယ့် နိုင်ငံရေးသင်တန်းတွေ စနစ်တကျ မတက်ခဲ့ရပါဘူး။ နေ့စဉ်လုပ်ငန်းတွေထဲ နစ်မြှုပ်နေကြရပြီးတချို့ရဲဘော်များဆိုရင် လိုတဲ့နေရာတွေမှာသွား၊ လိုသလို တာဝန်ပေးခိုင်းတာခံရလွန်းလို့ “ပရုပ်ဆီကေဒါ” ဆိုတဲ့အသုံးအနှုန်းတောင် ပေါ်ခဲ့ဖူးပါတယ်။ ကိုယ့်အချင်းချင်းလည်း သိပ်မတွေ့ဖြစ်ကြပါဘူး။ ပါတီရဲ့ အခါကြီးရက်ကြီး အခမ်းအနားများမှာသာ ဆုံမိကြ ပြီး ပါတီခေါင်းဆောင်များရဲ့ ဟောပြောချက်များသာ နားထောင်ကြ၊ ကြွေးကြော်သံများ လိုက်ဆိုကြနဲ့ ပေါ့ပေါ့ပါးပါး၊ ပျော် ပျော်ရွှင်ရွှင်ကြီး လူငယ်ဘာဝ မသိသားဆိုးဝါးစွာ နေလာခဲ့ကြတာပါ။ ကန်ပိုင်တီ ရောက်လာစမှာလည်း ငယ်သူငယ်ချင်းတွေ ပြန်ဆုံတွေ့ရသလို ပြောမဆုံးပေါင် တောသုံးတောင်တွေဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ရဲဘော်ထွန်းက အခုလို ပါတီရဲ့ခေါင်း ဆောင်မှုကို ရဲဘော်တို့ကို လွှဲပေးလိုက်ပြီလို့ ပြောလိုက်တဲ့အခါအားလုံးတုန်လှုပ်သွားကြပြီး ရင်ထဲလည်း ကတုန်ကယင်နဲ့ လေးလံသွားကြပါတယ်။ တခါတည်း ငြိမ်ကျသွားပါတော့တယ်။ ဒီတော့မှပဲ ကျွန်မတို့ ကိုယ့်အခြေအနေ ကိုယ်သဘော ပေါက်ပြီး လေးနက်တည်ကြည်သွားပါတော့တယ်။

၁၉၈၉ ခုနှစ်ဟာ ကျွန်မတို့ပါတီအတွက် ကံဆိုးမိုးမှောင်ကျတဲ့နှစ်ပါ။ ဒိုမီနို ဖဲချပ်ပြသလို အခြေခံဒေသတွေတခုပြီးတခု ခွဲထွက်ကုန်ကြပါတယ်။ တပူပေါ်နှစ်ပူဆင့်ဖြစ်ရပ်ကတော့ ကျွန်မတို့ပါတီရဲ့ အမာခံ မြေအောက်အဖွဲ့အစည်းကြီးဖြစ်တဲ့ ၄၈၂၈ ပါတီကော်မတီ ဖော်ထုတ်ချေမှုန်းခြင်းခံလိုက်ရတာပါပဲ။ ဒီအခြေအနေအရပ်ရပ်ကို အတွင်းကျကျသိနေတဲ့ ရဲဘော် ထွန်းတယောက် ဘယ်လောက်များ သောကတွေရောက်နေမယ် မသိပါဘူး။ အဲဒီတုန်းက ကျွန်မတို့တတွေ မသိတတ်ခဲ့ကြ ပါဘူး။

အဲဒီကာလ ရဲဘော်ထွန်းဟာ အသက် (၇၀) ပတ်ဝန်းကျင်ပါ။ အသက်အရွယ်နဲ့မလိုက်အောင် ပြေးလွှားလှုပ်ရှားနေတာ တွေ့ရပြီး ကျွန်မတို့ တတွေကို ဘေးရန်ကင်းဝေးစွာနဲ့ ပြည်တွင်းဝင်သွားနိုင်ရေးအတွက် အစွမ်းကုန်óကးစားလုပ်ဆောင်နေတာကိုလည်း ရိပ်မိသိရှိနေရပါတယ်။ ဒီကြားထဲ ကျွန်မတို့ကို ယာယီခိုလှုံခွင့်ပေးထားတဲ့ ၁၀၁ စစ်ဒေသကလည်း တလှုပ် လှုပ်ပါ။ အစိုးရနဲ့စေ့စပ်ပြီး ကျွန်မတို့ကို အချိန်မရွေး ထိုးအပ်နိုင်တဲ့အန္တရာယ်ကလည်း ရှိနေတာမို့ရဲဘော်ထွန်းအဖို့ အလွန် တာဝန်ကြီးနေပါတယ်။ ရဲဘော်ထွန်းစကားနဲ့ပြောရရင် “ကျုပ်တို့ မရှိမဲ့ ရှိမဲ့ ကျန်နေတဲ့အင်အားလေး အပျောက်အပျက် မခံ နိုင်ဘူးဗျာ”တဲ့။

အမှတ် (၈) တပ်ဖွဲ့ လာပူးပေါင်းမှုက ကျွန်မတို့တတွေကို အားသစ်လောင်းပေးလိုက်သလို ရှိပါတယ်။ အထူးသဖြင့် ၈-၄လုံး (၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပပြီး ဒေသအသီးသီးက ရောက်လာတဲ့ ရဲဘော်များရဲ့သူတို့ဒေသအလိုက် မြို့ရွာအလိုက် အဖြစ်အပျက်အတွေ့အကြုံ ပြန်လည်ပြောပြချက်တွေက ကျွန်မတို့တတွေ ရင်နဲ့မမျှအောင် ခံစားနားထောင် ကြရပါတယ်။ မြောက်ဥက္ကလာပက အဖြစ်အပျက်နဲ့ စစ်ကိုင်းမြို့က အဖြစ်အပျက်တွေကြားရတဲ့အခါမှာတော့ ရင်ထဲအောင့် တက်လာကြပြီး ဒီသွေးမြေကျသွားရတဲ့ ပြည်သူတွေရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို မိမိတို့တတွေ ဆက်လက်ထမ်း ဆောင်ပါ့မယ်ဆိုတဲ့ သန္နိဋ္ဌာန်တွေ တညီတညွတ်တည်း ချလိုက်ကြပါတော့တယ်။

ဒီစိတ်ဓာတ်အခြေခံပေါ်မှာ အနှစ် (၅၀) ပြည့် ပါတီမွေးနေ့ (၁၉၈၉ သြဂုတ်လ ၁၅ ရက်) အခမ်းအနားကို ကျွန်မတို့ ကျင်းပကြပါတယ်။ အခမ်းအနားကို “ပြည်သူ့တပ်မတော် စစ်ချီသီချင်း” နဲ့ ဖွင့်ခဲ့ပါတယ်။ ဗမာပြည် ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်အတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်အပေါင်းကို အလေးပြုပြီးနောက် ရဲဘော်ထွန်းက “ဗမာပြည်ကွန်မြူနစ်ပါ တီသမိုင်း” ကို ဟောပြောပို့ချပါတယ်။ နောက် တပ်စိတ်မှူးများက တပ်စိတ်အလိုက် သန္နိဌာန်ပြုချက်များကို ဖတ်ကြားအပြီး မှာတော့ “နိုင်ငံတကာသီချင်း” နဲ့ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။

အဲဒီနေ့ကိုတော့ ကျွန်မတသက် မေ့နိုင်မယ်မထင်တော့ပါဘူး။ ပါတီမွေးနေ့ကို ကိုယ့်မွေးရပ်မြေမှာ နောက်ဆုံးကျင်းပနိုင်ခဲ့တာဖြစ်ပြီး ပါတီကြီး အခုလို ကတိမ်းကပါးဖြစ်ချိန်မှာ (ရဲဘော်ထွန်းစကားနဲ့ပြောရရင် နစ်မြှုပ်ခါနီး သင်္ဘောကြီးပေါ်က ကြွက် တွေဆင်းပြေးနေသလို တချို့လူတွေ ဆင်းပြေးနေကြတဲ့အချိန်မှာ) ကျွန်မတို့တတွေ ဒီပါတီအလံကို မြဲမြဲဆုပ်ကိုင်ပြီး ဆက် လက်ချီတက်ကြမယ်။ ဘာကိုပဲ စွန့်လွှတ်ရ- စွန့်လွှတ်ရဆိုတဲ့ ပိုင်းဖြတ်ချက်တွေကို ချမှတ်ကြပြီး ဒီလိုအချိန်မျိုးမှာ ပါတီ တာဝန်တွေ လွှဲပြောင်းထမ်းဆောင်ရမှုကလည်း မိမိတို့ရဲ့တသက်တာအတွင်း ဂုဏ်အယူရဆုံးလုပ်ရပ်အဖြစ် သတ်မှတ်မိပါ တော့တယ်။

ဒီတော်လှန်ရေးအပေါ်၊ ပါတီအပေါ် ခိုင်မာစေတဲ့ စိတ်ဓာတ်တွေကို သွင်းပေးခဲ့သူကတော့ ရဲဘော်ထွန်းပါပဲ။ ကုသိုလ်ကံ အကြောင်းမလှစွာပဲ ကျွန်မတို့တတွေ ပြည်တွင်းဆင်းရေးစီမံကိန်း ပျက်ခဲ့ပါတယ်။ ဒါပေမဲ့ ကန်ပိုင်တီမှာ ရဲဘော်ထွန်းချမှတ် ပေးခဲ့တဲ့ စိတ်ဓာတ်နဲ့လုပ်ဟန်ကို ကျွန်မတို့တတွေ မယိမ်းမယိုင် အခုအထိ ဆက်လက်ကိုင်စွဲထားကြပါတယ်။

တော်လှန်ရေးမျိုးဆက်ဆိုတာ မိမိ အရင်မျိုးဆက်ထက်လည်း သာအောင်óကးစားရတယ်။ နောင်မျိုးဆက်ကိုလည်း မိမိတို့ ထက်သာအောင် ကူညီတည်ဆောက်ပေးရမယ်- တဲ့၊ ဆိုရိုးစကားရှိပါတယ်။ရဲဘော်ထွန်းဟာ ဒီတာဝန်ကို အကျေပွန်ဆုံး ပထမမျိုးဆက်ဟောင်းထဲက ခေါင်းဆောင်တဦးပါ။ ရဲဘော်ထွန်းဟာ မိမိကိုယ်ကို တံတားခင်းပြီး နောက်မျိုးဆက်ကို တည် ဆောက်ပေးခဲ့ပါတယ်။

ပါတီနဲ့ တော်လှန်ရေး အခက်အခဲဆုံးကာလမှာ ကျွန်မတို့တတွေကို ပါတီအလံ လဲမသွားအောင်၊ ပါတီအလံကို ကြံ့ကြံ့ခိုင်ခိုင် ဆုပ်ကိုင်ပြီး ကျွန်မတို့မျိုးဆက်တွေကို ရဲရဲဝံ့ဝံ့ စိတ်ချယုံကြည်စွာ လွှဲအပ်သွားခဲ့ပါပြီ။ ရဲဘော်ထွန်းရဲ့ဒီစိတ်ဓာတ် ထာဝစဉ် အဓွန့်ရှည်ပါစေ။ကျွန်မတို့မျိုးဆက်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အလံတော်ကို ဗမာပြည်တဝန်း မြင့်မြင့်မားမား လွှင့်
ထူနိုင်ရေးအတွက် မျိုးဆက်တဆက်ပြီးတဆက် နောက်ဆုံးအောင်ပွဲရတဲ့အထိ ချီတက်သွားဖို့ ခိုင်မာစွာ သန္နိဌာန်ချလုံးပန်းတိုက်ခိုက်နေပါတယ်။ရဲဘော်ထွန်းရဲ့စိတ်ဓာတ်ကိုလေ့လာပြီး ရဲဘော်ထွန်းတို့မျိုးဆက်ရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ကျွန်မတို့မျိုးဆက် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ဆက်လက်ထမ်းဆောင်သွားပါ့မယ်။ ရဲဘော်ထွန်းမှာကြားခဲ့တဲ့အတိုင်း
ပါတီအလံကို ငွားငွားစွင့်စွင့် လွှင့်ထူနိုင်ပြီး မျိုးဆက် တဆက်ပြီးတဆက် အောင်မြင်စွာ လက်ဆင့်ကမ်းသွား နိုင်ရေးကိုလည်း óကးစားအားထုတ်သွားပါ့မယ်လို့ အခုလိုရဲဘော်ထွန်း ကွယ်လွန်ခြင်း တလပြည့်နေ့မှာ ထပ်မံ ကတိပြုလိုက်ပါတယ်။

အသက် (၉၀) ကျော်တဲ့အထိ မနေမနား တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်လာခဲ့ရတဲ့ ရဲဘော်ထွန်းငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ရဲဘော်ထွန်းအပါအဝင် ဒီမိုကရေစီတော်လှန်ရေးအဆက်ဆက် တိုက်ပွဲဝင်အာဇာနည် အထောင်အသောင်းရဲ့ တော်လှန်ရေးစိတ်ဓာတ် ထာဝစဉ်ဥဒါန်း တွင်ရစ်ပါစေသတည်း။

လှကျော်ဇော
၃-၂-၂၀၁၅
ရဲဘော်ထွန်း ကွယ်လွန်ခြင်း (၁) လပြည့်နေ့ အမှတ်တရ၊

မှတ်ချက်။
အရေးတော်ပုံဂျာနယ်။ အတွဲ(၂) အမှတ် (၃)။
၂၀၁၅- ဇူလိုင် (၇) ရက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts