Poems အောင်ဝေး

အောင်ဝေး – မ စ္စ စ္စ ပီ မှ ဧ ရာ ၀ တီ သို့ ၊ ပြီးေ တာ့ … ငှ က် သို့

( က မၻ ာ ့ က ဗ် ာ ေ န ့ သို ့ )
WORLD POETRY DAY 2014 MARCH 21

မတ္လ ၂၀၊ ၂၀၁၄

 

  

– အို… မစၥစၥပီငဲ့

ကျန်းမာပါစ။

– ငါလွမ်းပါရဲ့ 

သင့်ရဲ့ လှိုင်းသံနဲ့ 

အားမာန်ပြည့်တေးတွေ။

– နှင်းယွန်းဟေမန်အကနဲ့ 

ဖွဖွကလေး

ခြေသံပေးပြီး

နွေဦး ၀င်လာတယ်။

– ဟောဒီ

အိမ်လွမ်းစိတ်ကြီးထဲကိုပေါ့ ။

– ဟောဒီ

အဝေးရောက်စကြ၀ဠာထဲကိုပေါ့ ။

– ကြောင်ခြေထောက်နဲ့ 

သမုဒ္ဒရာကို

ခြေဖျားထောက်ပြီး

နောက်ဆုံးအိပ်မက်တွေ

နွေဦးသယ်လာတယ်။

– အို… မစ္စစ္စပီငဲ့

ဆောင်းခိုငှက်တွေလည်း

သူတို့ ရွက်ထားရတဲ့

ကောင်းကင်ကြီး

ခါချပစ်လိုက်ကြပြီ။

– အလို… ရုတ်တရက်

ကနေဒါငန်းရိုင်းတစ်ကောင်

ငါ့ ကို တောင်ပံတပ်ပေးလိုက်ပါရဲ့ ။

– အလို… ငါပျံသန်းခဲ့ပါရဲ့ 

ငါ့ ရဲ့ အိပ်တန်းရှိရာဆီ။

– အကယ်၍

ငါ့ မှာအိပ်တန်းရှိသေးတယ်ဆိုရင်ပေါ့ လေ။

– မစ္စစ္စပီရယ်

ငါ့ အိပ်တန်းက

ခမ်းနားခဲ့ပါရဲ့ 

ခုတော့လည်း လွမ်းစရာပါကွဲ့ ။

– “မြစ်တကာတို့ ရဲ့ မြစ်ဖြစ်တဲ့

မစ္စစ္စပီမြစ်ကြီး” တဲ့

နီရူဒါ ဖွဲ့ ခဲ့ပါရဲ့ ။

– အို… မစ္စစ္စပီရဲ့ 

ငါတို့ ရဲ့ ဧရာဝတီကိုလည်း

ငါတို့ ဖွဲ့ ခဲ့ကြတာပေါ့ ။

– “ရာဇ၀င်များရဲ့ သတို့ သမီး” တဲ့

ငှက်ကတောင်

သီချင်းသီတယ် မစ္စစ္စပီ။

– ဧရာဝတီဟာ

ငါ့ အိပ်တန်းပါ မစ္စစ္စပီ။

– ပရေရီမြက်ခင်းထဲ

ဝံပုလွေတစ်ကောင်

ပြေးလွှဲ။

– အင်းဒိစ်တောင်တန်းပေါ်

လင်းယုန်နီ

ပျံဝဲ။

– ငါတို့ အတွက်တော့

လွတ်လပ်မှုဟာ

သေရာပါအမာရွတ်ပဲ မစ္စစ္စပီ။

– ရက်အင်ဒီးယန်းမလေးရဲ့ 

ရှက်ကိုးရှက်ကန်း

မျက်ဝန်း

ချစ်ရည်တွေရွှန်းစို။

– ငါတို့ လည်း

ငါတို့ အိပ်ရာမှာ

ခွန်းချိုချင်တာပေါ့  မစ္စစ္စပီရယ်။

– ခုတော့

လစ်ဘာတီရုပ်တုခြေရင်းမှာ

ငိုချင်းချု

အိမ်မပြန်နိုင်တဲ့ညတွေမှာ

ငါငိုရတယ် မစ္စစ္စပီ။

– အို… မြစ်တကာတို့ ရဲ့ မြစ်ကြီးငဲ့

စစ်တစ်ခါဖြစ်ရင်

အနှစ်သုံးဆယ်ကြာသတဲ့။

– ခု ငါတို့ ဆင်နွှဲနေတဲ့စစ်က

အနှစ်ငါးဆယ်ကျော်ပြီ။

-ငါတို့ ရဲ့ 

ဧရာဝတီရေဆန်

တရားတဲ့ခုခံစစ်

အနှစ်ငါးဆယ်ကျော်လေ။

– ၁ ၉ ၆ ၂ မှ

၂ ၀ ၁ ၎

စစ်အာဏာရှင်ဆန့် ကျင်ရေး

ငါတို့ ရဲ့ တေးတွေ

နွေးပူနေဆဲပါ မစ္စစ္စပီ။

– ဒီတေးတွေထဲ

အစိမ်းရောင်ငှက်တစ်ကောင်ရဲ့ 

တေးဟာလည်း

အခြားတေးတွေလိုပါပဲ

နွေးနေဆဲလေ။

– ဒီငှက်က

အတ္တမဲ့အလင်းကိုရှာတယ်။

– “ ငါ ဟာ အ တ္တ မဲ့

အ လ င်း တ စ် ခု ဖြ စ် ချ င် တ ယ် “

ဒီငှက်

အိပ်မက်စွန့် တာ စောလွန်းရဲ့ ။

– ဒီမနက်

မစ်ရှီဂန်မိုးရေထဲ

ငါရင်ခုန်ခဲ့

ဒီငှက် တေးသီသံပေကပဲ။

– ဒီနေ့ အဖို့ မှာ

ငါ့ လှေကိုကြိုးဖြေပြီး

ရေနဲ့ ချည်ထားလိုက်ပြီ။

– ရောက်လိုရာရောက်စေတော့

ငါ့ ရဲ့ စိတ်တွေရေ

ငါကအိပ်တန်းဆီမပြန်နိုင်တော့

အိပ်တန်းက

ငါ့ ဆီပျံသန်းလာကောင်းပါရဲ့ ။

– မစ္စစ္စပီရယ်

အဝေးမှာ

လောကကမ်းပါး ဘ၀ကြားမှာ

စာမသင်နိုင်တဲ့ကလေးငယ်တွေ

ဆာလောင်နေကြတယ်။

– သူတို့ အဖေ အမေတွေဟာ

လယ်အသိမ်းခံ ယာအသိမ်းခံ

ဆင်းရဲခြင်းထံမှာ

ရာသက်ပန်ကျွန်ခံနေရတဲ့သူတွေပေါ့ ။

– သူတို့ ဟာ

မြေကျွန် ယာကျွန်

စစ်ကျွန်တွေပါ။

– သူတို့ ဟာ

မင်းဆိုးမင်းညစ်

အာဏာရှင်လက်သစ်တွေရဲ့ 

ခေတ်ကျွန်တွေလည်းဖြစ်တယ်လေ။

– ဖက်ဆစ်သံဖနောင့်အောက်က

တောက်ခေါက်သံတွေ။

– နာဇီအမှောင်အောက်က

လမ်းပျောက်တဲ့ညတွေ။

– ဘ၀တွေ ဘ၀တွေ

ရှင်လျက်နဲ့ သေ

တစ်တောလုံးကြွေ။

– သူတို့ ဟာ

(စစ်ပဒေသရာဇ်လည်းဟုတ်

စစ်ရေးဗျူရိုကရက်လည်းဟုတ်

စစ်တပ်အရင်းရှင်လည်းဟုတ်

စစ်သားတစ်ပိုင်း ခရိုနီတစ်ပိုင်း

နာဂစ်မုန်တိုင်းထက်ဆိုးတဲ့)

ဖက်ဆစ်မုန်တိုင်းထဲ

အရိုင်းရိုင်းလဲပြို။

– သူတို့ ဟာ

မြေမဲ့ ယာမဲ့ ပညာမဲ့တွေပါ။

– သူတို့ ဟာ

စားရမဲ့ေ သာက်ရမဲ့ လက်မဲ့တွေပါ။

– သူတို့ ဟာ

အနှစ်ငါးဆယ်ကျော်

ဂုပ်သွေးစုပ်ခံရ

အဖိနှိပ်ခံရ

ဒဏ်ရာအနာတရတွေနဲ့ ။

– မိုင်ယာမီကမ်းခြေကနေ

နားစွင့်ကြည့် လိုက်စမ်း

ကြားလား မစ္စစ္စပီ

သူတို့ ရဲ့ ငိုကြွေးသံ။

– ဆန်ဖရန်စစ္စကို

ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်ကနေ

ကျော်ကြည့်လိုက်စမ်း

မြင်လား မစ္စစ္စပီ

သူတို့ နှလုံးသားမီးလောင်မြေ။

– ငှက်တစ်ကောင်အတွက်ကတော့

တေးအဆိုခက်လှပေါ့ 

မစ္စစ္စပီရယ်။

– ငါတို့ ချစ်တဲ့ငှက်

ငါတို့ ကို ထားရစ်ခဲ့။

– ဧရာဝတီရယ်

ဘယ်ရာဇ၀င်မှာဖြစ်ဖြစ်

သင်ဟာ ငါတို့ ရဲ့ သတို့ သမီး။

– ငှက်တစ်ကောင်ရဲ့ 

တောင်ပံခတ်သံ

ဒီနေ့ ထိညံနေဆဲပါ။

– “ ဧ ရာ ၀ တီ

ရာ ဇ ၀ င် များ ရဲ့ သ တို့ သ မီး

ဧ ရာ ၀ တီ “

– မစ္စစ္စပီရယ်

ခုတော့

ငါတို့ ရဲ့ မြစ်ချောင်းတွေ

ရောင်းစားခံနေရတယ်။

– ငါတို့ ရဲ့ တောတောင်တွေ

ခုတ်ယူဖြိုလှဲခံနေရတယ်။

– ငါတို့ ရဲ့ အနာဂတ်တွေ

သင်းသတ်ခံနေရတယ်။

– ငါတို့ ရဲ့ ကလေးငယ်တွေ

လူကုန်ကူးခံနေရတယ်။

– ငါတို့ ရဲ့ နှမငယ်တွေ

မုဒိမ်းကျင့်ခံနေရတယ်။

– ငါတို့ ရဲ့ ညီအစ်ကိုတွေ

ထောင်သွင်းအကျဉ်းချခံနေရတယ်။

– ငါတို့ ရဲ့ တိုင်းရင်းသားနောင်မယ်တွေ

လိမ်ညာခံနေရတယ်။

– မစ္စစ္စပီရယ်

ငါတို့ ရဲ့ ဘိုးဘွားအမွေတွေ

စော်ကားခံနေရတယ်။

– ငါတို့ ရဲ့ အနုပညာကွန်ရက်တွေ

ချုပ်နှောင်ဖျက်ဆီးခံနေရတယ်။

– ငါတို့ ရဲ့ လမ်းမတွေ

ပိတ်ဆို့ တားဆီးခံနေရတယ်။

– ငါတို့ ရဲ့ အိပ်မက်တွေ

သားဖျက်ချခံနေရတယ်။

– ဒါပေမဲ့ မစ္စစ္စပီရယ်

ငါတို့ ရဲ့ 

မယိုင်လဲနိုင်တဲ့စိတ်ဓာတ်ကိုတော့

ဒင်းတို့ မချိုးနှိမ်နိုင်ပါဘူး။

– အို… မစ္စစ္စပီရဲ့ 

ရုရှားကလည်း

ကရိုင်းမီးယားကိုသိမ်းခဲ့ပြီ။

– လက်ပံတောင်းတောင်မှာ

လယ်တီသိမ်လည်း အရွှေ့ ခံခဲ့ရပြီ။

– လွှတ်တော်ထဲမှာ

တို့ ချစ်စရာ

ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပဲ

ကျန်တော့တယ်။

– ရဲဘော်တို့ 

နယ်လ်ဆင်မင်ဒဲလားလည်း

ကွယ်လွန်ခဲ့ပြီ။

– မင်ဒဲလားဈာပနမှာ

ဘားရက်အိုမားမားက

ရာအူးလ်ကက်စထရိုကို

လက်ဆွဲနှုတ်ဆက်ခဲ့ပြီ။

– ရဲဘော်တို့ 

ငါတို့ ရဲ့ ဒဂုန်တာရာလည်း

ကွယ်လွန်ခဲ့ပြီ။

– ဆရာ့ ဈာပနမှာ

မုန်းသူမရှိ

ချစ်သူသာရှိ

ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ခဲ့ပြီ။

– ရွာလိုရွာလော့ မိုးနတ်သား

ငါ့ စိတ်က

အိပ်တန်းကိုပြန်နေရဲ့ 

ငါ့ အတောင်ပံတွေ

ဒဏ်ရာနဲ့ တောက်ပခဲ့ပြီ။

– တစ်တိုင်းတစ်ပြည်လုံး

ချုံးပွဲချငိုကြွေး

ငါကြားနေရတဲ့တေးဟာ

သွေးနဲ့ မျက်ရည်။

– ငါ့ တစ်ကိုယ်လုံး

စုံးစုံးစိုနစ်

ဒီမြစ်ထဲ

ခေတ်ပြိုင်သူရဲကောင်းတွေရဲ့ 

သွေးနဲ့ မျက်ရည်။

– ယုံစမ်းတော့ မစ္စစ္စပီရယ်

ဧရာဝတီဆိုတာ

အဲဒီသွေးမျက်ရည်တွေရဲ့ မြစ်။

– အဲဒီသွေးမျက်ရည်တွေ

စီးဆင်းလှိုင်းထန်

တော်လှန်တဲ့မြစ်။

– အဲဒီသွေးမျက်ရည်မြစ်ကြီး

ငါချစ်ခဲ့

ကဗျာဆရာတွေချစ်ခဲ့။

– သမိုင်းခေတ်အဆက်ဆက်

စစ်အာဏာရှင်အဆက်ဆက်

လူထုတိုက်ပွဲအဆက်ဆက်

(တချို့ )လက်နက်ကိုင်တော်လှန်ရေးလုပ်သလိုပေါ့ 

ငါတို့ က

ကဗျာကိုင်တော်လှန်ရေး။

– ငါတို့ ကဗျာတပ်မတော်ရဲ့ 

တိုက်ပွဲခေါ်သံ

ကြားလား ကြားလား

အရိုင်းခေါ်သံ။

– ငှက်တစ်ကောင်

လေဆန်လမ်း

ခတ်စမ်း တောင်ပံ

ဖြတ်သန်းတဲ့အသံ။

– တောင်ကုန်းပေါ်က

ဒုန်းစိုင်းဆင်းလာ

မြင်းခွာသံ။

– ထရမ်းပက်တစ်ထောင်

ပြိုင်တူအောင်မှုတ်လိုက်ကြ။

– တယောကြိုးတွေနဲ့ 

လူဆိုးဗိုလ်ကြီးရွှေရွှေကို ချည်လိုက်ကြ။

– အနီးကပ်ဆုံးရန်သူကို

ရှာပြီးတိုက်ကြ။

– သွေးစို့ နေတဲ့

နှင်းဆီတောကြီး

မီးရှို့တဲ့အသံ။

– လူကြီးလူကောင်းတွေ

ခွေးအို့ နေတုန်း

အရိုင်းအစိုင်းတို့ 

လေးညှို့ တဲ့အသံ။

– ဒီအသံတွေအားလုံး

ခေတ်ကိုဖုံးထား

နောက်ဆုံးမှာ

နှလုံးသားထဲကကြယ်နီ

ဧရာဝတီပေါ်မှာနီလိမ့်။

– လေးကိုင်းကိုကွေးတင်၍

လေးညှို့ ကိုငင်ပြီးပြီ

မြားဦးမှာမရပ်ချင်ပါနဲ့ အရှင်။

– “ကဗျာတပ်မတော်အတွက်အမိန့် ” ဆိုပြီးတော့လည်း

ဖိန့်  ရအောင်

ငါက ဗိုလ်ချုပ်ကြီးငုယင်ဂီယက်လည်းမဟုတ်

ငါက စစ်သူကြီးဟန်နီဘောလည်းမဟုတ်

ငါက မာရှယ်တီးတိုး- မာရှယ်ချူတေးတို့ လည်းမဟုတ်

ငါက ဂျင်နရယ်အောင်ဆန်းလည်းမဟုတ်။

– ငါ့ ကိုယ်ထဲမှာက

မဟတ္တမဂန္ဒီနဲ့ 

ချေဂွေဗားရားရဲ့ 

သွေးတွေလှည့်ပတ်။

– ငါက

ငှက်ဆိုရင်

ကောင်းကင်နှစ်ထပ်နဲ့ ပေါ့ ။

– ခုတော့ အဲဒီငှက်ဟာ

မစ်ရှီဂန်မဲဇာမှာ

အသည်းဟက်တက်ကွဲပေါ့ ။

– အဝေးရောက်ဆိုတာ

ဘေးရောက်တာပဲပေါ့ ။

– အို… မစ္စစ္စပီရဲ့ 

ဧရာဝတီဆိုတာ

ငါတို့ ပဲ

ကဗျာဆရာတွေပဲ။

– ဧရာဝတီရဲ့ 

အသည်းနှလုံးဆိုတာ

ငါတို့ ပြည်သူ။

– ဧရာဝတီဖွဲ့ 

ငှက်တစ်ကောင်ရဲ့ တေးဟာ

အဲဒီငှက်အတွက်

ဧရာဝတီရဲ့ သွေးစီးသံ။

– ငှက်တစ်ကောင်ကစ

ငှက်တစ်ရာ တစ်ထောင် တစ်သောင်း

သွေးချောင်းစီးသံ

တေးသီလေ။

– သီတဲ့တေးလည်း

ညီညာစေ။

– တို့ တေးညီတဲ့အခါ

ဧရာဝတီဟာ

နိုးကြားလာမယ်။

– ပြည်သူရဲ့ သွေး

နီစွေးလာမယ်။

– လူထုရဲ့ လမ်း

ခမ်းနားလာမယ်။

– မိတ်ဆွေ- ရန်သူ

မတူခြားနား ကွဲပြားလာမယ်။

– ရန်- ငါ စည်းခြား

ပြတ်သားလာမယ်။

– (ရန်- ငါ မပြတ်လို့ 

သံဃာအသတ်ခံရတာပြန်သတိရ)

– စစ်ကျွန်ခေတ်မှာ

လူနှစ်စားပဲရှိတယ်။

– ကျွန်စော်နံတဲ့သူနဲ့ 

ကျွန်တော်လှန်တဲ့သူ။

– ငါတို့ ဟာ

စပါးတားကပ်စ်တွေပဲ။

– အို… မြစ်တကာတို့ ရဲ့ မြစ်ကြီးငဲ့

ငါတို့ အားလုံး

စပါးတားကပ်စ်တွေဖြစ်တယ်။

– ယုတ်စွအဆုံး

ငြိမ်းရာဘုံမှာ

တေးဆိုလှုံနေတဲ့ငှက်တစ်ကောင်ဟာလည်း

စပါးတားကပ်စ်ပါပဲ။

– အို… သတို့ သမီး

ဧရာဝတီငဲ့

ကျန်းမာပါစ။

– အိမ်တန်းရောက်အောင်

မပြန်နိုင်သေးပေမဲ့

ငါ့ စိတ်တွေ ပျံသန်း လာခဲ့ပြီ။

– အို… ဧရာဝတီ

ရာဇ၀င်များရဲ့ သတို့ သမီး

ဧရာဝတီ…။        ။

ေ အ ာ င္ ေ ၀ း

မတ် ၁၉၊ ၂၀၁၄။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts