ရသဆောင်းပါးစုံ ဝေဖန်ရေးရာ

မင်းကောင်းချစ် – ကြိုးပြတ်ပုတီးနဲ့ အစည်းပြေထင်းများ

မတ်လ ၂၀၊ ၂၀၁၄

 

ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပုံအလယ်မှာ ဂုဏ်ယူစရာနာမည်ကောင်းတွေနဲ့ ကျော်ကြားမှုတွေ အမြောက်အများရှိသလို ဂုဏ်မယူထိုက်တဲ့ နာမည်ဆိုးတွေနဲ့ နာမည်ပျက်မှုတွေလဲ အများအပြားရှိတယ်။ ကမ္ဘာမှာ ပြည်တွင်းစစ်မီး အရှည်ကြာဆုံးတောက်လောင်ခဲ့၊ တောက်လောင်ဆဲ နိုင်ငံဆိုတာကတော့ အင်မတန်ရှက်စရာကောင်းတဲ့နာမည်ဆိုးကြီးဖြစ်တယ်။

 

၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးထဲက ဒီနေ့အချိန်ထိ နှစ်ပေါင်း ၆၆ နှစ်တိုင်တိုင် ပြည်တွင်းစစ်မီး တငြီးငြီးလောင်ကျွမ်းခဲ့ရတဲ့ အခြေခံ အကြောင်းအရင်းဟာ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးကို ရစ်ဖောက်ဖွဲ့သီထားတဲ့၊ ပြည်ထောင်စုစိတ်ဓာတ် သံယောဇဉ်ကြိုးမျှင်လေး အပိုင်းပိုင်းပြတ်တောက်သွားခဲ့လို့ဖြစ်တယ်။ ပုလဲလုံးလေးတွေကို စုစည်းသီကုံးပေးထားတဲ့ကြိုးမျှင်ကလေး ပြတ်တောက်သွားခဲ့ရင်၊ ပုလဲ လုံးလေးတွေ တစ်စစီပြန့်ကျဲလွင့်ပါးသွားကြသလို၊ တို့နိုင်ငံမှာလဲ ရှိရှိသမျှ တိုင်းရင်းသားလူမျိုးငယ်စုတွေအားလုံးနီးပါး လက်နက်ဆွဲကိုင်ပုန် ကန်ခြားနားတဲ့အဆင့်ရောက်ပြီး စည်းလုံးညီညွှတ်မှု ပြိုကွဲသွားခဲ့ရတာ မဟုတ်လား။

 

ဘာကြောင့်အဲ့ဒီလိုဖြစ်ခဲ့ရသလဲဆိုတာ သေသေချာချာစေ့ငုလိုက်ရင် ဗိုလ်ကျစိုးမိုးလိုစိတ်၊ တရားမျှတခြင်းကို မျက်ကွယ်ပြုတဲ့စိတ်၊ နိုင်ငံ ရေးကို နိုင်ရေးနည်းနဲ့မဖြေရှင်းခြင်ဘဲ လက်နက်နဲ့ စစ်ရေးနည်းနဲ့ အကြမ်းဖက်အဖြေရှာလိုစိတ်တွေကြောင့်ဆိုတာ ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ပြည်ထောင်စုစိတ်ဓါတ်ဟာ ကျွန်တော်တို့အားလုံးရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်း အမြစ်တွယ်မှု မရှိခဲ့လို့ပါဘဲ။

 

ကျွန်တော်တို့ ပင်ပန်းဆင်းရဲကြီးစွာဖြတ်သန်းခဲ့ရတဲ့ စစ်အာဏာရှင်ခေတ်တလျှောက်လုံးမှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး၊ တိုင်းရင်း သားစည်းလုံးညီညွှတ်ရေး စတာတွေဟာ ဆိုင်းဘုတ်တွေပေါ်မှာ ဖုန်တက်နေတာကလွဲလို့ အုပ်စိုးသူတွေသာမက၊ ပြည်ထောင်စုဖွား တိုင်း ရင်းသားလုံးဟာ လက်တွေ့ ကျင့်သုံးမှု မပြုခဲ့ကြပါဘူး။ ပိုဆိုးတာက ပြည်တွင်းစစ်မီးလှုံပြီး၊ အာဏာပလ္လင်ဖင်မြဲလိုသူတွေနဲ့ တိုင်း ပြည်မငြိမ်း ချမ်းမှ စီးပွားဖြစ်သူ၊ လုပ်စားလိုသူတွေရဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေအပေါ် ရာစုနှစ်ဝက်ကျော် အနိုင်ထက်ပြုကျင့်မှုတွေ ဟာ၊ ပြည်ထောင်စုစိတ်ဓာတ်ကို အပိုင်းပိုင်းဖြတ်တောက်ခဲ့တာမို့ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုနဲ့ အာဃတတရားတွေကို ကြီးထွားစေ ခဲ့တယ် မဟုတ်လား။

 

အဲ့ဒီတော့ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာဘာလဲ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကျမှ တိုင်းရင်သားဝတ်စုံတွေဝတ်ပြီး၊ ဓါတ်ပုံတွေတွဲရိုက်၊ သတင်းစာထဲထည့်ပြီး အယောင်ပြလုပ်လို့ရစကောင်းသလား။ ဟိုသ၀ဏ်လွှာဖတ်ပြ၊ ဒီသ၀ဏ်လွှာဖတ်ပြလိုက်ယုံနဲ့ ပြီးမြောက်နိုင်သလား။စာရေးသူနားလည်မိတဲ့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ ပကတိစိတ်ပါ။ အပြောထက်၊ လက်တွေ့ကျင့် သုံးရမဲ့စိတ်ဓာတ်ပါ။ နိုင်ငံတခုလုံးအရေးတွက်ဆိုရင်၊ လူမျိုးတမျိုးစီရဲ့ အကျိုးစီးပွား၊ ဘာသာတစ်ခုရဲ့ အကျိုးစီးပွားတွေအထက်မှာ ပြည် ထောင်စုတခုလုံးအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေးတဲ့စိတ်ဓါတ်၊ မိသားစုစိတ်ဓာတ်ပါဘဲ။

 

ရှမ်း၊ ချင်း၊ ကရင်၊ ကချင်၊ မွန်၊ ကယား၊ ရခိုင်၊ မြန်မာ ဘယ်လူမျိုးမဆို ကိုယ့်လူမျိုးကိုယ် ကာကွယ်စောင့်ရှောက်ချင်ကြတာချည်းဘဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ထိမ်းသိမ်းချင်သလို၊ ခရစ်ယာန်ဘာသာဝင်၊ အစ္စလမ်ဘာ သာဝင်တွေကလည်း သူတို့ဘာသာ သူတို့ ကာကွယ်စောင့်ရှောက်ထိမ်းသိမ်းချင်ကြမှာ ဧကန်မုချပါဘဲ။ လူမျိုးတိုင်း လူမျိုးတိုင်းမှာ လွတ် လပ်စွာယုံကြည်ပိုင်ခွင့်ရှိသလို၊ တခြားလူမျိုး၊ တခြားဘာသာတွေကို မထိခိုက်စေဘဲ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ငြိမ်းချမ်းစွာ ထိမ်းသိမ်း စောင့်ရှောက်ပိုင်ခွင့်ရှိပါတယ်။ ကိုယ့်လူမျိုး ကိုယ်ဘာသာကိုသာ ကာကွယ်စောင့်ရှောက်ဖို့ ရှေ့တန်းတင်ပြီး၊ တခြားလူမျိုး တခြားဘာသာ တွေအပေါ် အခွင့်အရေးတွေပိတ်ပင်၊ ရန်လုပ်နေမယ်ဆိုရင်တော့ ပြည်ထောင်စုစိတ်ဓာတ်ပျောက်ဆုံးနေပြီလို့ ပြောရမှာဖြစ်ပါတယ်။ လူ သားဆန်တဲ့စိတ်ဓါတ်မဟုတ်ဘဲ အကြမ်းဖက်မှု လူမျိုးတုန်းသတ်ဖြတ်မှုတွေဆီ ဦးတည်သွားနိုင်တဲ့ အလွန်အန္တရာယ်ကြီးတဲ့ စိတ်ဓါတ်မျိုးပါ။

 

နေ့စဉ်ရက်ဆက် တကျက်ကျက်နဲ့ရန်ဖြစ်နေတဲ့မိသားစုတစ်စုဟာ အိမ်ထောင်ရေးမသာယာမှုတွေနဲ့အတူ စီးပွားလာဘ်လာဘတွေ ဆုတ် ယုတ်တတ်သလို၊ ပြည်တွင်းစစ်မီးလောင်မြိုက်နေတဲ့နိုင်ငံတစ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုမှတည်ဆောက်လို့မရနိုင်တာ သမိုင်း သာဓကတွေက အထင်အရှားသက်သေပြခဲ့ပါပြီ။ အဲ့ဒီပြည်တွင်းစစ်မီးကို ငြိမ်းသတ်နိုင်တဲ့တခုတည်းသောဖြေဆေးကတော့ ပြည်ထောင်စု စိတ်ဓါတ်ပါဘဲ။

 

အိမ်ထောင်စုတစု ချမ်းမြေ့သာယာဖို့ တိုင်းပြည်တပြည် ငြိမ်ချမ်းတည်ငြိမ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ မိသားစုစိတ်ဓာတ် (၀ါ) ပြည်ထောင်စုစိတ်ဓာတ် ရဲ့အတွင်းသားထဲမှာ မိသားစုဝင်အချင်းချင်း၊ နိုင်ငံသားအချင်းချင်း အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ဖေးမမှု၊ အပြန်အလှန်သစ္စာစောင့်သိမှု၊ အပြန်အလှန်ချစ်ခင်မှု၊ အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်ခွင့်လွှတ်မှု၊ အ ပြန် အလှန်စောင့်ရှောက်မှု စတဲ့ ကောင်းမြတ်တဲ့ လောကပါလတရားပေါင်း မြောက်များစွာ ကိန်းအောင်းပျော်ဝင်နေပါတယ်။

 

အဲ့ဒီပြည်ထောင်စုစိတ်ဓာတ်စစ်စစ်သာ တို့နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ နှလုံးသားထဲမှာ ကိန်းဝပ်လာခဲ့ရင် ငြိမ်းချမ်းရေးဟာ အလှမ်း မဝေးပါဘူး။ အသက်ပေါင်းများစွာချွေယူခဲ့တဲ့၊ ဘ၀ပေါင်းများစွာဖျက်ဆီးခဲ့၊ ဖျက်ဆီးနေဆဲ ပြည်တွင်းစစ်မီးလျှံကြီးကို အပြီးတိုင်ငြိမ်းသတ်လို့ ရပါတယ်။

 

၁၉၆၂ ခုနှစ်ကထဲက နိုင်ငံတော်အာဏာကို ဓါးမြတိုက်လုယူခဲ့တဲ့၊ ဗိုလ်ချုပ်ကြီးနေ၀င်းကစလို့ ၁၉၈၈ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အားလုံးဟာ သွေးခွဲရေးအတတ်ပညာကို တဖက်ကမ်းခပ် တတ်မြောက်ကြတယ်။ တို့ပြည်သူတွေရဲ့အားနည်းချက်၊ ပျော့ကွက်တွေကို အ ချက်တွေ့တိုင်း၊ အကွက်တွေ့တိုင်း ပိုင်ပိုင်နိုင်နိုင် အသုံးချလေ့ရှိတယ်။ ဖက်ဒရယ်တစ္ဆေနဲ့ ခြောက်တယ်၊ ဆိုရှယ်လစ်မက်လုံးနဲ့ မြှောက်တယ်၊ ချောက်ကမ္ဘားကြီးထဲကျဖို့ လက်တလုံးအလိုနဲ့ ပေါက်တယ်၊ အခုနောက်ဆုံး အမျိုး၊ ဘာသာသာသနာနဲ့ ကိုင်ပေါက်ပြီး၊ ဂယ်ပေါက်ကစောင့် နေပြီ။ ဂျင်း ကြက်သွန်ဖြူ ဆီသတ်ပြီးနေပြီ။ ယာလည်းညက်၊ ကြက်လည်းမောတော့မှ ဖမ်းချက်စားတော့မှာ။ တို့ ပြည်သူတွေ မညီမညွှတ်နဲ့ အချင်းချင်းရန်စောင်တိုက်ခိုက်နေကြရင်၊ အစည်းပြေတဲ့ထင်းများလို၊ တစ်ချောင်းခြင်းစီယူပြီး အချိုးခံကြရလိမ့်မယ်။ စစ်အာဏာရှင်ခေတ် တလျှောက်လုံးလည်း ဒီနည်းလမ်းတွေနဲ့ အကြိမ်ကြိမ်ခံခဲ့ရပြီးပြီ။ အခါခါသေဘူးတာတောင် ပျဉ်ဘိုးနားမလည်ရင်၊ တို့လူမျိုး ညံ့ရာကျလိမ့် မယ်။

 

၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ကဗ္ဗည်းထိုးခဲ့တဲ့ ပင်လုံစိတ်ဓါတ်၊ပြည်ထောင်စုစိတ်ဓါတ်နဲ့ တို့နိုင်ငံဟာ တိုင်းတစ်ပါးလက်က လွတ်မြောက်ခဲ့ပြီး၊ လွတ်လပ်ရေးမကိုဋ်ကြီးကို အတူတူဆွတ်ခူးနိုင်ခဲ့သလို၊ အခုချိန်ခါဟာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဒီမိုကရေစီမကိုဋ်ကြီးကိုရယူဆွတ်ခူးနိုင်ဖို့ ၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက်ပြင်ဆင်နိုင်ဖို့  စစ်ညွှံထဲကရုန်းထွက်နိုင်ဖို့ လူမျိုးစုံ၊ ဘာသာစုံ ညီညီ ညာညာ လက်တွဲရုန်းကန်ကြရမဲ့အချိန်ဖြစ်ကြောင်း အခါမနှောင်းခင် ခေါင်းလောင်းထိုးလို့ နှိုးဆော်လိုက်ပါတယ်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts