>Sai Kham Lait by Zarny Win

>

မြေပြန့်ရောက် တောင်ပေါ်သား စိုင်းခမ်းလိတ်
ဇာနည်ဝင်း
မေ ၁၊ ၂၀၀၉

photo: Lin Naing Oo

“မင်းစိတ်ကို မင်းထိန်းပါဦး၊ ဆောင်ပါဦး၊ ရှောင်ပါဦး၊ ဂုဏ်တော်ပုတီး စိတ်လိုက်ပါဦး” တဲ့။ ဒါက စိုင်းခမ်းလိတ် ရေးတဲ့ စိတ်ညှို့ရှင် ဆိုတဲ့ သီချင်းထဲက ဖြစ်ပါတယ်။ ဟိုတုန်းက သူ နဲ့ ဆရာဝန်ပေါက်စ မနွဲ့နွဲ့တင် တို့ လက်ထပ်မယ့် အရေးကို “အဖော်တွေကလည်း တားတယ်၊ အမျိုးများ အဆွေများ ဖျက်တယ်၊ အားလုံးက လုံးဝ သဘောမတူ” လို့ ဆိုတယ်။

ဒေါက်တာနွဲ့နွဲ့တင်က ဗမာ အမျိုးသမီးဖြစ်လို့ သဘောမတူကြတာလို့ ကြားဖူးတယ်။ သဘောမတူလည်း ရှေ့ဆက်တိုးတာပဲ။ ဒီလိုနဲ့ လူမျိုးမတူပေမယ့် ချစ်တာတခုတည်း သိတယ် ဆိုပြီး လက်တွဲလိုက်ကြတဲ့ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော စုံတွဲတွေထဲမှာ သူတို့လည်း အပါအ၀င် ဖြစ်သွားတာပေါ့။ မန္တလေးဆေးတက္ကသိုလ် ကျောင်းဆင်းခါစမှာပဲ ဒေါက်တာစိုင်းခမ်းလိတ် နဲ့ ဒေါက်တာနွဲ့နွဲ့တင် နဲ့ လက်ထပ်ကြတယ်။

ဆရာစိုင်းခမ်းလိတ်ဟာ ဝင်ငွေမရှိတဲ့ ဆေးကျောင်းသား ဘ၀မှာ ကတည်းက ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ယုံကြည်ချက် ပြင်းပြင်းနဲ့ ရေးဖွဲ့တာလို့ ကြားဖူးတယ်။ သူ့ဘ၀မှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်း ရေးခဲ့ဟန် တူပါရဲ့။

သူရေးခဲ့ သီချင်းတွေထဲမှာ ပထမဦးဆုံး လူတွေ ပါးစပ်ဖျား ရောက်ခဲ့တာကတော့ “မန္တလေးရောက် ရှမ်းတစ်ယောက်” သီချင်း ဖြစ်မယ်။ ဒီသီချင်းကို ရယ်စရာ ပြုံးစရာ သီချင်းတစ်ပုဒ်လို့ သဘောထားကြသူတွေ အများကြီးလို့ ဆိုတယ်။

လူမျိုးရေးအကဲဆတ်မှု၊ မင်းဆိုးမင်းညစ် သက်တမ်းရှည်မှုတွေအောက်မှာ နေရတဲ့ စိုင်းခမ်းလိတ်က သူ့သီချင်းတွေ အကြောင်းကို အများကြီး မပြောဘူး။ စာနယ်ဇင်းတွေမှာ သူ့အသံ မတွေ့ရသလောက်ပါပဲ။

ဒီညနေ အင်တာနက်ကနေ နားထောင်ရတဲ့ ဧရာဝတီ သတင်းဌာန သောကြာစကားဝိုင်းမှာ မန္တလေးရောက် စိုင်းခမ်းလိတ်ရဲ့ အစောပိုင်းကာလအကြောင်း နည်းနည်း ပါတယ်။ သူက ရိုးရာ ရှမ်းဘောင်းဘီပဲ ၀တ်တယ် တဲ့။ မန္တလေးမှာ သူက ထင်းထင်းကြီး ဖြစ်နေမှာပေါ့။

ဒါကြောင့်လည်း “မန္တလေးရောက် ရှမ်းတစ်ယောက်” သီချင်းမှာ မြင်းလှည်းသမားတွေက သူ့ကိုမြင်ရင် ဘုရားကြီး(မဟာမုနိဘုရား) သွားမှာလားလို့ မေးကြတယ်၊ လက်ဘက်ရည်သောက်ရင် သကြားချိုချိုနဲ့ ကြိုက်သလား မေးခံရတယ်၊ သူက ရှမ်းဘောင်းဘီနဲ့မို့ ရှမ်းအိုးစည်ဝိုင်းသံ နောင်ဗိန်နောင် ကို ပါးစပ်ဆိုင်းတီးပြီး နောက်ပြောင်ကြတယ် တဲ့။ အဲဒီ သီချင်းထဲမှာပဲ သူက “မန်းပျိုဖြူတယောက်ကို ရှမ်းချစ်လည်း ဗမာထက်မလျော့”တာကို အမှန်တကယ် သက်သေပြနိုင်ခဲ့တယ်လို့ ဆိုတယ်။ ဒီသီချင်းက သူ့အကြောင်း သူရေးထားတဲ့ သီချင်း။

သူက ဘာသာပေါင်းစုံနဲ့ သီချင်းတွေရေးတော့ ရှမ်းအများစုက သဘောကျတယ်၊ သို့ပေမဲ့ ရှမ်းတိုင်းရင်းသား တချို့ကတော့ မကြိုက်ဘူးလို့ ဆိုတယ်၊ ဧရာဝတီ သောကြာစကားဝိုင်းမှာ ရှမ်းဂီတသမားတယောက်က အဲသလို ပြောပြတယ်။ ရှမ်းထဲမှာရော ဗမာထဲမှာပါ တွေ့ရတတ်တဲ့ လူမျိုးကြီးဝါဒသမားတွေနဲ့ ပတ်သက်ပြီး ဆရာစိုင်းခမ်းလိတ် သီချင်းထဲ ထည့်ရေးခဲ့မယ် ထင်တယ်။ “နေ့သစ်” ဆိုတဲ့ သီချင်းထဲမှာတော့ “လမ်းဟောင်း ဆက်မသွားဖို့၊ အမှားဟောင်း ဆက်မမှားဖို့ ပြင်ဆင်ဖို့ လိုတဲ့ အခွင့်ကောင်းပါပဲ၊ ရန်ညှိုးတွေ ဖြေဖျောက်စို့” လို့ ရေးထားတယ်။

ဒီနေ့ အသက် လေးဆယ် ငါးဆယ် ၀န်းကျင်တွေက သူ့ရဲ့ ပရိသတ် အတော်များတယ်။ သူ့သီချင်းတွေ ညည်းရင်းနဲ့ ကြီးပြင်းလာသူတွေလို့ ဆိုနိုင်တယ်။ သူရေးတဲ့ မြန်မာသီချင်းချည်းပဲ ငါးရာကျော် ခြောက်ရာဆိုတော့ အကြောင်းအရာ စုံတယ်။ ဘာသာရေး၊ နိုင်ငံရေး၊ ဒဿန၊ လူမှုဘ၀၊ ဆယ်ကျော်သက်အကြိုက်၊ ရိုးရာ အကုန်ပါတယ်။

“ပခြုပ်ဆိုင်ပြတင်းက ခန်းဆီးစ မ လို့ ကြည့်လိုက်ရင်” အစချီ “သခင့်ဆီ အပြေးပြန်လာမည်” သီချင်းကို လူငယ်တွေက အမြတ်တနိုး ဆိုညည်းကြတော့ လူကြီးတွေက ရှင်းပြတယ်၊ ပခြုပ်ဆိုင် ဆိုတာ ပြည့်တန်ဆာအိမ်၊ ဆောင်ကြာမြိုင်ကို ပြောတာဟဲ့ တဲ့။ ဒါနဲ့ပဲ လူငယ်တွေ ဝေါဟာရ တိုးကြတယ်။

အညာကို ပြန်ချင်တယ် သီချင်းမှာ “လူကုံထံ ပျော်ပါး စားသောက်တဲ့ Restaurant တွေမှာ၊ ဘီယာဝင်ကာ စုတ်ရင်းနဲ့ နောက်တော့ ပခြုပ်ဆိုင်ပေါ့၊ မူးရင်းနဲ့ လဲရင်းနဲ့ ကိုယ်လေ ဘယ်မှာ ဘယ်အခါ စည်းမဖောက်ပါ” ဆိုပြီး ပခြုပ်ဆိုင် စကားလုံးကို ထပ်တွေ့ရတယ်။

“လူ့ဘဝကြီးရဲ့ အရသာ ခါးသည်းလှတော့ အရက်ဖြူ တစ်ခွက် နဲ့ရောပြီး ဇွတ်မြိုချရ
နတ်ပြည်နဲ့ ငရဲကြား တစ်ယောက်သော ပြည့်တန်ဆာမှာ ဥပေက္ခာလောကသား” ဆိုတဲ့ အစောပိုင်း သီချင်းတပုဒ်မှာ ပြည့်တန်ဆာ ဆိုတဲ့ စကားလုံးကို တွေ့ရမယ်။ တခြား ခေတ်ပေါ် သီချင်းရေးဆရာတွေရဲ့ လက်ရာတွေမှာ မတွေ့ရတဲ့ စကားလုံး။

၁၉၈၈ နောက်ပိုင်း ရေးတဲ့ စိတ်ဓာတ်ကျတယ် ဆိုတဲ့ သီချင်းထဲက “အကြင်နာတွေလား မာယာတွေလား ဆောင်ကြာမြိုင်ရဲ့ အထွက်လမ်းမှာ နွမ်းနယ်” ဆိုတဲ့ စာသားကိုလည်း သတိထားမိတယ်။

ဒီစကားလုံး၊ ဒီစာသားတွေနဲ့ ပတ်သက်ပြီး ဆရာစိုင်းခမ်းလိတ်ကို ဝေဖန်တာ ရှိခဲ့ဟန် မတူဘူး။ သီချင်း ကဗျာ ရေးသူတယောက်က အလွှာပေါင်းစုံ အကြောင်းအရာပေါင်းစုံကို ရေးဖွဲ့သီကုံးလိုက်တာပဲလို့ ယူဆကြမယ် ထင်တယ်။

သူ့ပရိသတ် တချို့က “ဟိုဘက်ကမ်းက တယောက်ငိုနေ၊ ဒီဘက်ကမ်းက တယောက်ရဲ့ မျက်ရည်၊ သံလွင် မြစ်ထဲကျကာလေ စီးဆင်းပါစေ” ဆိုတဲ့ သီချင်းမျိုးကိုလည်း နိုင်ငံရေးဆန်ဆန် ကြည့်တယ်။ ဆရာက ဘယ်လိုရင်ခုန်သံနဲ့ ရေးလိုက်တာလဲဆိုတာ ထုံးစံအတိုင်း ထုတ်မပြောသေးဘူးလို့ ထင်ရတယ်။

ပြီးခဲ့တဲ့ အပတ်က သူ့အသက် ၆၀ ပြည့် မွေးနေ့ပွဲကို သူ့အိမ်ရှိရာ မန္တလေးမှာ လုပ်တယ်၊ မွေးနေ့ပွဲမှာ ပရိသတ်ကို လေးစားတဲ့၊ အလေးအနက်ထားတဲ့သဘော ပြောသွားတယ်လို့ ဆိုတယ်။

မြန်မာပြည်က စာရေးဆရာတွေကတော့ စာပေဟောပြောပွဲတွေ၊ အင်တာဗျူးတွေမှာ စကားတွေ အများကြီး အကြိမ်ကြိမ် ပြောလို့မကုန် ဖြစ်နေတယ်။ သီချင်းရေး ကဗျာရေးတဲ့ စိုင်းခမ်းလိတ်ကတော့ ဟောပြောပွဲလည်း မလုပ်၊ အင်တာဗျူးလည်း သိပ်မလုပ်တော့ သူ့မှာ မြိုသိပ်ထားတာတွေ အများကြီး ရှိမှာပဲလို့ တွေးမိတယ်။ ပြောစရာတွေကို သီချင်းထဲ ကဗျာထဲ အကုန် ထည့်ရေးလို့ မရဘူးလေ။

သူ့ပရိသတ်ကလည်း ဂန္ထ၀င်မြောက် စာဆိုကြီး ဖြစ်တဲ့ သူ့ဆီက သိချင်တာတွေ အများကြီး ရှိနေတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts