>TheGeek – To Ko Zarganar – Birthday Campaign

>

ကိုဇာဂနာဖတ်ဖို့ ဟာသ

မွေးနေ့အတွက် ကင်ပိန်း
ပျော်တော်ဆက်သာဂိ
ဇန်န၀ါရီ ၂၇၊ ၂၀၁၀
မရေးတော့ဖူး နေတော့မလို့ပါပဲ ကိုဇာဂနာရယ်။ သို့သော်လည်း အချိန်ရောက်ပြန်တော့ မရေးဘဲ မနေနိုင်၊ ရေးလိုက်ရပြန်ပေါ့။ အံမယ် … ဒီနေ့ ခင်ဗျား မွေးနေ့ဗျ။ တခါဖူးကမှ ခင်ဗျားမွေးနေ့ကို ကျနော်က သတိရတဲ့သူ မဟုတ်ပါဘူးဗျာ။ အခုလည်း သတိရလို့ မဟုတ်ပါဘူး။ သူများတွေက ခင်ဗျားမွေးနေ့ ခင်ဗျားမွေးနေ့ဆိုပြီး ဟိုပြေး ဒီပြေး လုပ်နေကြလို့ ကျနော်လည်း ၀င် ယောင်လိုက်တာပါ။
တခါတလေကျတော့လည်း အသက်ကြီးလာတာကို ပွဲလုပ်ရင် ကောင်းမလား၊ ခင်ဗျား ထောင်သက်က ၃၅ နှစ် က တနှစ်ကုန်ပြန်ပြီဆိုပြီးတော့ပဲ ပွဲလုပ်ရင် ကောင်းမလား စဉ်းစားနေမိသေးတယ်။ အော် ဘာပဲဖြစ်ဖြစ် သတိရရင်ပြီးတာပါပဲဗျာ။
ကျနော်ကတော့ သူများတွေထက် ထူးအောင်လို့ ခင်ဗျားမွေးနေ့ကို ကင်ပိန်းတခုလုပ်ပြီးတော့ ကျင်းပဖို့ ပြင်ဆင်ခဲ့ကြတယ်ဗျ … ။ ဟို ကင်ပိန်း၊ ဒီကင်ပိန်းတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ကျင်းပကြတော့ ဘာတဲ့ Arrest Yourself ဆိုလား – ကိုယ့်ကိုယ်ကို အချုပ်ချပြီး မွေးနေ့ပွဲ ကျင်းပကြဆိုပြီး ကြွေးကြော်ပြီးသကာလ ပန်းခြံတို့ ရင်ပြင်တို့မှာ လေးဖက်ကာထားတဲ့ သံတိုင်တွေထဲ ၀င်ပြကြ၊ နေအိမ်မှာ အိမ်ပြင်မထွက်ဘဲ အကျယ်ချုပ်ကျနေတဲ့ပုံစံ အင်စတော်လေးရှင်းတွေ၊ ပါဖောမင့်စ်တွေ လုပ်ကြတယ် မဟုတ်လား။ ဆိုတော့ကာ ခင်ဗျားမွေးနေ့ကိုလည်း ကင်ပိန်းပုံမြောက်သွားအောင် ကိုဇာဂနာ့ကို ဂုဏ်ပြုတဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ ချစ်ခင်သူတွေအားလုးံ “ကတုံးတွေ တုံးလိုက်ကြ” လို့ ကင်ပိန်းလုပ်မယ်ပေါ့ဗျာ။ မကောင်းလား။
ဇာဂနာကင်ပိန်း – ကတုံးကင်ပိန်းဆိုပြီး လုပ်မယ်လို့ ကျနော်တို့ရဲ့ နိုင်ငံတကာ ကင်ပိန်းအင် ကင်ပိန်း ကော်မီတီကြီးက ဆုံးဖြတ်ပြီး လုပ်မယ်လို့ လျို့ဝှက်ညီလာခံကြီးကို အမေဇုံသစ်တောကြီးထဲက နိုင်ဂါရာရေတံခွန်အောက် ဂရင်းကင်နွန်ဂျောက်ကြီးထဲမှာ ကျင်းပခဲ့တာကို နအဖ စစ်အစိုးရဆီ ပေါက်ကြားသွားတဲ့အကြောင်း ခင်ဗျားကို ဂေါဇစ်လေးတော့ တုတ်လိုက်ဦးမှပါပဲလေ။
စစ်အစိုးရက ဇာဂနာကင်ပိန်းနဲ့ လူတွေအားလုံး ကတုံးတွေ လိုက်တုံးကုန်ကြမှာကို အရမ်စိုးရိမ်သွားပြီးတော့ မြန်မာပြည်မှာ ကတုံးနဲ့လူတွေတွေ့ရင် တွေ့ရာသင်းချိုင်း ဓားမဆိုင်းဘဲ အရေးယူရမယ်လို့ အခု စစ်ကောင်စီ ပထမပတ် လျို့ဝှက်အစည်းအဝေးမှာ ဆုံးဖြတ်ကြတယ်လို့ ဆိုတယ်။ ပြဿနာက သူတို့ ၀န်ကြီးချုပ် သိန်းစိန်က ထိပ်ကြီးကပြောင်နေတော့ ကတုံးတုံးပြီး ထားသလို ဖြစ်နေတာကိုး။ အဲဒါကို နိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းက သူ့အမောက်ကလေး သပ်သပ်ပြီး ဗိုလ်သန်းရွှေကို ထောက်ပြလိုက်တော့ အခုဆို ၀န်ကြီးချုပ်သိန်းစိန်ခင်ဗျာ အခုကင်ပိန်းကာလမှာ ဘယ်နိုင်ငံတကာခရီးစဉ်မှာ မထွက်ရဘူးလို့ အတားခံလိုက်ရတယ်တဲ့ဗျ။ သနားစရာ။
ကျနော်တို့ရဲ့ ခင်ဗျားအတွက် ၄၉ နှစ်မြောက်မွေးနေ့ ကတုံးကင်ပိန်းကြီးကို နိုင်ငံတကာက မြန်မာမျိုးချစ်ခေါင်းဆောင်ကြီးများကိုလည်း လှမ်းပြီး အကြောင်းကြားထားပါသေးသဗျာ။ ကိုဇာဂနာ့ကို ချစ်ခင်ရင်၊ ဂုဏ်ယူရင် အခုဒီကာလမှာ ကတုံးတုံးပြလိုက်ကြပါလို့ပေါ့လေ။ အိုဘားမားကတော့ စာပြန်တယ်လို့ ဆိုတယ်။ သူက ဆံပင်ကို အစကတည်းက အရှည်မထားဘဲ ကတုံးကေ အကပ်ညှပ်တာမို့လို့ သူ့ကို ဇာဂနာကင်ပိန်းအတွက် စာရင်းတို့ထားပါက ငြင်းမည်မဟုတ်ပါ တဲ့။ ၂၀၀၇ သံဃာအရေးတော်ပုံမှာ သံဃာ့သပိတ်ကို အစွမ်းကုန်ပံ့ပိုးထောက်ခံခဲ့သူ ဖြစ်တဲ့အတွက် မြန်မာရဟန်းတော်တွေကလည်း ကန့်ကွက်မှာ မဟုတ်ဘူးလို့ ကင်ပိန်းကော်မီတီက ခန့်မှန်းကြတယ်။ အဲဒါကို ကြားတဲ့ နအဖ တပ်မတော်စစ်အစိုးရကြီးက တော်တော်ကို အကြံရ ကြပ်သွားတယ်လို့ ပြောကြတာပဲဗျာ။ မဟုတ်မှတော့ လွဲပေတော့ပဲ။
မြန်မာပြည်နဲ့ ကမ္ဘာတ၀ှမ်းလုံးမှာ ကတုံးကင်ပိန်းသာ လုပ်လာကြရင် ၂၀၁၀ ရွေးကောက်ပွဲကို အကြီးအကျယ်ကျင်းပလိုတဲ့ စစ်အစိုးရမင်းများဟာ ဒီကတုံးကိစ္စကို လိုက်လံဖြေရှင်းရ၊ ကိုယ့်စစ်တပ်အသိုင်းအ၀ိုင်းမှာ နဂိုကတုံး၊ သို့မဟုတ် မူလကတည်းက ဆံပင်မရှိသူ စသည့် အမျိုးအစားတွေကို ခွဲခြား စစ်ဆေးရမယ့် အလုပ်တွေလည်း ပိုလာတော့မှာကိုး။ ရပ်ကွက်ထဲမှာလည်း ကတုံးစစ်ဆင်ရေးနှင့် ကြံခိုင်ဖွံဖြိုးရေးဆိုပြီး အသင်းဖွဲ့ပြီးတော့ တအိမ်တက်ဆင်း လိုက်စစ်ဆေးရမယ့် အလုပ်တွေကလည်း ရှုပ်လာတော့မှာပဲဆိုတာကို ကြိုမြင်တယ်လို့ စုံစမ်း သိရှိရတယ်။
ကတုံးတုံးပြီး ပြည်ပက ၀င်လာမယ့် နိုင်ငံခြားဧည့်သည်တွေကို စိစစ်ရတော့မယ်။ ဆံပင်တုဆိုင်တွေကို တိုးချဲ့ဖွင့်လှစ်ပြီးတော့ ကတုံးဆန့်ကျင်ရေးနှစ်အဖြစ် သတ်မှတ်ပြီး အမိန့်ကြေညာစာအမှတ် တစ် မြင်းဇောင်း နှစ်ထောင့်တဆယ်နဲ့ ကတုံးဖြစ်နေသူများ ဆံပင်တု မစွတ်မနေရ ဆိုတဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်ဖို့လည်း ပြင်ဆင်နေကြတယ် ဆိုတယ်။
အဲတာကြောင့် ပြောတာပေါ့ ကိုဇာဂနာရယ့် … မွေးနေ့ဆိုတာကို ကျနော်တို့ ကင်ပိန်းအင် ကင်ပိန်း ကော်မီတီကြီးက ဘယ်လိုမျိုး နိုင်ငံရေးအမြတ်ထုတ်လို့ရတယ်ဆိုတာ ဘယ်ဂလောက် အမျော်အမြင်ကြီးလိုက်သလဲ ဆိုတာ … တွေ့တယ် မဟုတ်လားဗျာ။ ဒါတောင် ကျနော်တို့က လေသံကလေး ပစ်ရုံ ရှိသေးတာ။ ဟိုမှာ တပ်မတော်စစ်အစိုးရမင်းများမှာ သွေးရူးသွေးတမ်းတွေ ဖြစ်လို့ တဲ့ … သနားစရာ။
ဟဲဟဲ ဒီကြားထဲ ဆွမ်းခံရင်း ငှက်သင့်တယ် ဆိုမလား၊ ကတုံးတလုံးနဲ့ ပစ်လိုက်တာ ငှက် ၂ ကောင်မှန်တယ် ပြောမလား မသိ။ ဟိုဗျာ … တက္ကသိုလ်ရိပ်သာလမ်းက သူ့ညီမအိမ် မိုးယိုလို့၊ မိုးပက်လို့ ပြင်ဆင်ချင်တာကို မပြင်ရဘူး။ မဆင်ရဘူးလို့ အဝေးက လှမ်းပြီး ပိတ်ဆို့ တားဆီးနေတဲ့ အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား၊ ဆန်ဒီယေးဂိုးမှာနေတဲ့ ဘာတဲ့ … “မုဒိတာဦး” ဆိုတဲ့ ပုဂ္ဂိုလ်ကြီးခင်ဗျာလည်း ကတုံးကင်ပိန်းသတင်းကြားလို့ သွက်ခြာပါဒလိုက်သွားသေးသတဲ့လေ။ သူကလည်း ဗိုလ်သိန်းစိန်လို ထိပ်ပြောင်ကြီးဆိုတော့ သည်ပုံစံနဲ့ သူ့ညီမအိမ်က သွပ်တွေ အုတ်တွေ သွားခွာရင် ဇာဂနာကင်ပိန်းကို ထောက်ခံပြီး တဖက်လှည့်နဲ့ သူတပါးပြည်တွင်းရေး ၀င်ရှုပ်တဲ့ အကောင်လို့ အထင်မှားမှာ စိုးလို့တဲ့ဗျာ။ ဆံပင်ပေါက်ဆေးတွေ ၀ယ်လိမ်း၊ ၀ယ်သောက်လုပ်နေတယ် ဆိုပဲဗျို့။
ဟဲ ဟဲ …
ကျနော်တို့ရဲ့ ကတုံးကင်ပိန်းကြီးဟာ အခုလို ထိရောက်အောင်မြင်တော့မှာကို သိတဲ့ တပ်မတော်စစ်အစိုးရမင်းကြီးတွေက သည်ကင်ပိန်းကြီးကို မဖြစ်အောင် တားဆီးဖို့ကတော့ တလမ်းတည်းပဲ ရှိတော့တယ်ဆိုတာကို ရိပ်မိနေပြီတဲ့ ကိုဇာဂနာရေ။ ကတုံးကင်ပိန်း ပျက်စီးသွားစေဖို့ဆိုရင် ကတုံးကင်ပိန်းရဲ့ လက်သည်တရားခံ ကာယကံရှင်စစ်စစ်ဖြစ်တဲ့ ကိုဇာဂနာကြီးကို စောစောစီးစီး မြန်မြန်လွှတ်ပေးလိုက်မှသာ ဖြစ်မယ်ဆိုတာကို သူတို့ သိနေကြပြီလို့ ဆိုပါတယ်။
သို့သော်လည်း ခေါင်းမာတဲ့ စစ်အစိုးရဟာ ကတုံးကင်ပိန်းကို ငြိမ်းချမ်းစွာ ရင်ကြားစေ့ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြမယ့်အစား ထုံးစံအတိုင်း ငါ တကောကော ကောပြီး ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမယ်လို့လည်း တဖက်က ဟန်ပြင်နေရင်တော့ ကျနော်တို့ကလည်း ကတုံးကင်ပိန်းကြီးကို အရှိန်အဟုန်မြှင့်ဖို့သာ ရှိတော့တာပေါ့ဗျာ။
ခုချိန်မှာ ကတုးံကင်ပိန်းကို တန်ပြန်ဖို့ သူတို့ဖက်ကလည်း ကောလဟလကင်ပိန်းနည်းတွေ ပြန်သုံးလာတာကို တွေ့ရတာတော့ ၀မ်းနည်းမိတာပေါ့လေ။ ဥပမာအားဖြင့် အောက်တိုဘာမှာ ရွေးကောက်ပွဲလုပ်မယ်တို့၊ နိုဝင်ဘာမှာ ဒေါ်စု လွှတ်ပေးမယ်လို့ လျောက်ပြောနေတော့တာပေါ့လေ။ သူတို့ထင်တာက ဇန်န၀ါရီလမှာ တုံးထားတဲ့ ကတုံးဟာ အောက်တိုဘာ၊ နိုဝင်ဘာဆိုရင် ဆံပင်အညွန့်တလူလူ ပြန်ပေါက် ပြန်ထွက်နေပြီလို့ တွက်ထားလေသလားပဲ။
ဘာပဲဖြစ်ဖြစ်ပါ ကိုဇာဂနာ … ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်လေ့မရှိသလို၊ တုံးပြီးသား ကတုံးဆိုတာလည်း ပြန်ပေါက်လေ့မရှိဘူးဆိုတာ သူတို့ မသိချင်ယောင်ဆောင်နေတာပါ။ သူတို့တတွေ ကိုဇာဂနာရဲ့ အကျဉ်းထောင်ထဲကို လာပြီးတော့ အကို့ကို ကတုံးမတုံးတော့ဘဲ ဆံပင်ရှည်ပြန်ထားဖို့ နားလာချရင် သတိသာ ထားပေတော့ပေါ့နော်။
ကဲ တော်သေးပြီဗျာ။ အရေးတော်ပုံ အောင်ပါစေ။
သပိတ် သပိတ် မှောက် မှောက် … အဲလေ  … ကတုံး ကတုံး တုံး တုံး ပေါ့ …
ကျန်းမာပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts