>colorful fish and prawn paste

>

ငါးပိတွင် ဓာတ်ခွဲခန်းသုံး ဆိုးဆေး အနီရောင် ပါဝင်ဟု အစိုးရ ကြေညာ
မိုးမခ အထောက်တော် ၀၀၂
မေ ၁၊ ၂၀၀၉

မြန်မာပြည်သားတို့၏ ထမင်းဝိုင်းတွင် ငါးပိသည် အရေးကြီးသည့် ဟင်းလျာ ဖြစ်သည်။(ဓာတ်ပုံ-littlegreenvilla.blogspot.com)


မြန်မာပြည်တွင် ဖြန့်ဖြူးရောင်းချနေသော ငါးပိ၊ ငါးပိထောင် များတွင် အန္တရာယ်ကြီးသော အနီရောင် ဆိုးဆေး အသုံးပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

“ငါးပိရောင်းဝယ်ရေးလုပ်ငန်းများနှင့် ဈေးကွက်များရှိ ငါးပိနှင့် ငါးပိထောင်းများကို ဓာတ်ခွဲစစ်ဆေးရာ အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော အနီရောင်ဆိုးဆေး (Rhodamine B) ပါဝင်မှုကို တွေ့ရှိရသည်” ဟု ဆိုသည်။

အဆိုပါ Rhodamine B သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင် ဆိုးသော ဓာတုပစ္စည်း ဖြစ်ပြီး၊ ရောဂါပိုး ရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်ဟု ဆိုသည်။

ငါးပိများကို ဆေးဆိုးရခြင်းမှာ အညိုရောင် ငါးပိကို ပန်းရောင်အဖြစ် အမြင်လှစေလိုခြင်းကြောင့် ဖြစ်သည်ဟု သတင်းစာတွင် ရေးထားသည်။

Rhodamine B ကို စားသုံးမိပါက “အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း” စသော လတ်တလော ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ ရေရှည်တွင်လည်း ကင်ဆာရောဂါဖြစ်စေသည်ဟု သတိပေးထားသည်။

မကြာသေးမီက မြန်မာပြည် လက်ဖက်အစိုလုပ်ငန်းတွင် အန္တရာယ် ကြီးသော ဆိုးဆေး အဝါရောင် အသုံးပြုနေကြကြောင်း ကျန်းမာရေး ဌာနက ကြေညာခဲ့ရာ လက်ဖက်ဈေးကွက် ပျက်သွားခဲ့သည်။

ယခု ငါးပိ နှင့် ပတ်သက်၍ အများ ပြည်သူသို့ အသိပေး ကြေညာချက်တွင် ငါးပိလုပ်ငန်း ၂၆ ခု ၏ ထွက်ကုန်များတွင် Rhodamine B ဆိုးဆေး အသုံးပြုသည်ဟု ဆိုသည်။

လုပ်ငန်း ၆ ခု ၏ ထွက်ကုန်များအနက် အချို့တွင် Rhodamine B တွေ့ရသည်ဟု ဆိုသည်။

လုပ်ငန်း ၅ ခုကမူ အဆိုပါ အန္တရာယ်ကြီးသည့် ဆိုးဆေးကို သုံးခြင်းမရှိဟု ဖော်ပြထားသည်။

ရောဂါဖြစ်စေသည့် ဆိုးဆေး အသုံးမပြုဟူသော ငါးပိလုပ်ငန်း ၅ ခုမှာ
ထိုက်ထိုက် ငါးပိထောင်း၊
ရှင်းသန့် ငါးပိထောင်း၊
ရွှေနဂါး မြိတ်ပုစွန်ငါးပိ၊
ဇီးချိုင် လက်ထောင်းရခိုင်မျှင်ငါးပိ၊
အင်ကြင်း ပုစွန်ငါးပိထောင်း တို့ ဖြစ်သည်။

အန္တရာယ် ကြီးသော ဆိုးဆေး ပါဝင်သည့် ငါးပိစာရင်းကို ဤနေရာတွင် သွားရောက် ဖတ်ရှုနိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts