>SPDC vs. BLC

>

ရှေ့နေများကောင်စီကို မတရားအသင်းအဖြစ် စစ်အစိုးရ ကြေညာ
မိုးမခ အထောက်တော် ၀၀၂
မေ ၁၊ ၂၀၀၉


ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (Burma Lawyers’ Council – BLC )ကို မတရားအသင်း အဖြစ် စစ်အစိုးရက ကြေညာချက် ထုတ်လိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

“(BLC)၊ ယင်းအဖွဲ့အစည်း၏ အဖွဲ့ဝင်များ၊ ယင်းအဖွဲ့နှင့် ဆက်နွှယ်သည့် အခြား အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များ” သည် ဥပဒေ စိုးမိုးရေး၊ နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူတို့၏ အေးချမ်း သာယာရေး တို့ကို အနှောင့် အယှက် အန္တရာယ်ပြုနေသည်ဟု ကြေညာချက်က ဆိုသည်။

“မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(၂)” အရ ထိုသို့ ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး BLC က ယနေ့ ပြန်လည် တုံ့ပြန်ရာတွင် ထိုဥပဒေသည် ၁၉၀၈ ဒီဇင် ဘာ (၁၁) ရက်နေ့တွင် အတည်ပြုကျင့်သုံးခဲ့ကြောင်း၊ ထိုဥပဒေအရ တရားဝင် အစိုးရ တရပ်ကသာလျှင် အသင်းအဖွဲ့ တရပ်ရပ်ကို မတရားအသင်း အဖြစ် ကြေညာခွင့် ရှိသည်ဟု ဆိုသည်။

ထို့အပြင် ကြေညာချက် ထုတ်ခွင့်ရှိသူမှာ နိုင်ငံတော်သမ္မတသာ ဖြစ်ကြောင်း ထိုဥပဒေတွင် ပြဌာန်းထားသည်ဟု ထောက်ပြထားသည်။ “နိုင်ငံတော် သမ္မတက ထုတ်ပြန်ခြင်းလည်း မဟုတ်၊ တရားမ၀င် အာဏာသိမ်း စစ်အစိုးရက ထုတ်ပြန်သော ဤကြေငြာချက်သည် ဥပဒေကြောင်းအရ လုံးဝ တရားမ၀င်ပါ” ဟု BLC က တုံ့ပြန်သည်။

BLC နှင့် ပတ်သက်နေသူများမှာ အကြမ်းဖက်သမားများ၊ ပြစ်မှုကျူးလွန်သူများ မဟုတ်ကြကြောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများနှင့် အညီ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်အရ လှုပ်ရှားနေသူများဖြစ်ကြောင်း၊ စွပ်စွဲသူ အာဏာပိုင်များကသာ ဥပဒေကို တလွဲ အသုံးချသူများ၊ ဥပဒေ စိုးမိုးရေးကို ချိုးဖေါက်သူများ ဖြစ်ကြောင်း BLC က ပြန်လည် ဖြေရှင်းလိုက်သည်။

လွန်ခဲ့သည့် ၁၅ နှစ်မှ စတင်၍ လှုပ်ရှားနေသော BLC ကို စစ်အစိုးရက ယခုမှ မတရားအသင်း အဖြစ် ကြေညာခြင်း ဖြစ်သည်။

BLC သည် မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ကို စောင့်ကြည့်နေသော အဖွဲ့တခုဖြစ်သည်။

www.blc-burma.org သည် BLC ၏ အင်တာနက် စာမျက်နှာ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts