>Mar Mar Aye – 270

>

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇ဝ)
ရွှေပြည်အေးရဲ့ ရွှေမန်းမေ
မာမာအေး
မတ် ၂၉၊ ၂၀၀၉
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ အရင်တပါတ်က ရွှေမန်းမေ တဝက်တပျက်မို့ ဆက်ကြ ဦးစို့နော်။

(ပျော်ပွဲတွေ ရွှင်ပွဲတွေ ဝင်နွှဲပြီး ကြဲမယ်လေ၊ ဘုရားတွေ မနားမနေ၊ မေသွားရင် အပျင်းကိုဖြေ)x၂ ထူးလှတဲ့ မန်းမြို့အချေ၊ မြူးကြွဘွယ့် ဆန်းလိုတွေ ဘာဘာညာညာစုံနေ၊ သာယာသာယာပုံတွေ၊ မြောစမှတ်တောင်တွင်ပါသလေ၊ အတောမသတ်အောင် ရွှင်ကာနေ (ရွှေမန်းမေ)၃x နန်းထိုက်တဲ့ (ရွှေမန်းမေ)၂x ရွှေမန်း – ရွှေမန်းမေ xxxx [ ရွှေမန်းမေ – ဒုပိုဒ် ]

ချစ်ဆွေတို့ အခုကြားလိုက်ရတာ ရွှေမန်းမေ ဒုတိယပိုဒ်ပေါ့။ အရင်တပါတ်က ကြားရတဲ့ အပိုဒ်နဲ့ နားအရသာမှာ ကွာတယ်လို့ မထင်ဘူးလားဟင်။ အဲဒီလိုထင်တဲ့ သူကို နားစွမ်းရည်ကောင်း လို့ ခေါ်ရမှာ။ ဒီနေ့သီချင်းက ဟိုး အနှစ် (၅ဝ) ကျော်က ဆရာရွှေပြည်အေး ကိုယ်တိုင် ခေါင်းဆောင် တီးခတ် စီစဉ် အသံသွင်းခဲ့တဲ့ မူရင်းအသံ ဖြစ်နေလို့ပါပဲ။

တကယ်ဆို မာအေးရောက်နေတဲ့ အရပ်မှာ ကိုယ်ပြောမယ့် အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ ညွှန်းပြစရာ နောက်ခံသီချင်းရဖို့ သိပ်ခက်တာပါ။ ဒါပေမယ့် ချစ်ဆွေတို့ကလဲ ကံကောင်း၊ မာအေးကလဲ စေတနာမှန်တော့ ပြောနေရင်း ဆိုနေရင်းနဲ့ လိုတဲ့ သီချင်းက လက်တွင်း ရောက်လာ ဖြစ်ဖြစ်နေလို့ ဝမ်းသာရသေးတော့တယ်။ အခုသီချင်းလေးကိုပဲ ကြည့်တော့။ မနေ့တနေ့ကတင် LA က အောင်မင်္ဂလာကျောင်း နိဗ္ဗာန်ဈေးပွဲမှာ သွားကူရင်းနဲ့ မောင်ငယ် ကိုလေးဆီမှာ တွေ့လို့ ပြန်ရလာခဲ့တာလေ။ မာအေးရဲ့ ဆယ့်သုံးလေးနှစ်က ကလေးသံလေးပေါ့။

‘ရွှေမန်းမေ’ကို မြန်မာ့ မီးရထားသမိုင်းဝင် သီချင်း လို့လဲ ပြောရလိမ့်ဦးမယ်။ ရန်ကုန်နဲ့ မန္တလေး မီးရထား တိုက်ရိုက် ပြေးဆွဲတဲ့ ခရီးစဉ် စတင်တဲ့အခါက ရွှေမန်းမေ နာမည်နဲ့ ရထားတစင်း ပါခဲ့တာကိုးရှင့်။ အဲဒီ ရွှေမန်းမေရထားကို အကြောင်းပြုပြီး ဇာတ်လမ်းဆင်လို့ ပဏာမသီချင်းကလဲ ရွှေမန်းမေ ဖြစ်လာတာပါ၊

ဆရာရွှေပြည်အေးဟာ ‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’ တုန်းက ဖိုးပါကြီးအိုင်တင်ကို ပြေးမြင်အောင် ဖန်တီးခဲ့သလိုပဲ၊ ရွှေမန်းမေကို ကြားရင်လဲ မီးရထားနဲ့ ခရီးသွားခဲ့ရတာတွေကို သတိရစေမှာပါ။ ဘာတွေ ဖန်တီးသလဲဆိုတော့ ရထားကြီးက ဂျုံးဂျုံးဂျက်ဂျက်လို့ ဟိုး အဟောင်းခေတ်က ရထားတွေလို အသံ ပြင်းပြင်း မထွက်တော့ဘူး၊ ဒီဇယ်စက်ခေါင်း ခေါင်းတွဲနဲ့ ခုတ်မောင်းတော့ ‘ဆိုက်ဒရမ်’က ရှပ်ရှပ်ရှပ်ရှပ် အသံမျိုးနဲ့ ဆင်ပြင်ပြီးတော့ တီးခတ်စေခဲ့ပါတယ်၊ ‘ကလဲရီနက်’ ခေါ်တဲ့ တူရိယာနဲ့ ဒီဇယ်ဥသြဆွဲသံမျိုးကိုလဲ မှုတ်စေခဲ့ပါတယ်။ တကယ် ကလဲရီနက်မှုတ်တဲ့သူက ဆရာလိုချင်တဲ့ အသံမျိုး ထွက်အောင် မမှုတ်နိုင်တာနဲ့ မာအေးတို့တတွေ ချစ်စနိုးနဲ့ ဘိုးဘိုးလို့ခေါ်တဲ့ တယောဦးဒီဘိုးကို အမှုတ်ခိုင်းခဲ့ပါတယ်ရှင်။ အဲဒီ ဦးဒီဘိုးဟာ ဂီတစာဆို ကိုရဲအောင် နာမည်နဲ့ သီချင်းတွေ ရေးခဲ့သူဖြစ်ပါတယ်။ အဲဒီ တယောဦးဒီဘိုးဟာ ဆရာရွှေပြည်အေးနဲ့ တောက်လျှောက် ပါလာတဲ့ တပည့်ကြီး ဖြစ်လေတော့ ဆရာရေးတဲ့ ပုံစံ၊ အယူအဆချင်း တူပါတယ်ရှင့်။ တချို့ဆိုရင် ဆရာအေး ရေးတာလို့တောင် ထင်မှားလောက်ပါတယ်။ အင်း – – နောက်တော့မှ ပြောဦးမယ်လေ သူ့အကြောင်း။ ဆရာအေး ကိစ္စတွေကအများသားမို့ပါနော။

မာအေးတို့ မြန်မာနိုင်ငံမှာ တခါက ‘ရွှေမန်းမေ’ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေဖူးတဲ့ မဂ္ဂဇင်းတစောင်လဲ ရှိပါတယ်။ အယ်ဒီတာချုပ် တာဝန် ယူခဲ့တာက ဦးလေး စိန်ခင်မောင်ရီပါ။ ရွှေမန်းမေ ဆိုတော့ မာအေးသီချင်းကို ဦးလေးက အမှတ်ရပြီး ဆောင်းပါး ရေးခိုင်းတာနဲ့ ခုပြောပြနေတာမျိုး ရေးပေးခဲ့ပါတယ်။ စာအုပ်ဆိုတော့ အသံ ဘယ်ကြားမလဲနော်။ စာအုပ်ကလဲ ခဏလေးနဲ့ ရပ်သွားတော့ သတိထားမိမယ်တောင် မထင်ပါဘူးလေ။

အရင်တပါတ်က ဆရာအေးဟာ ငယ်တုန်းက အဆိုကောင်းတဲ့ အကြောင်း ကြားဖူးတယ် လိုအပ်ရင်မှ ဆိုတော့တာလို့ ပြောမိတယ်မို့လား။ ရွှေမန်းမေ မူရင်းသီချင်းရဲ့ တာထွက်မှာ ဆရာနဲ့ စန္ဒရားဦးအောင်သန်းတို့ ဆိုပေးတယ်ရှင့်။ ဟိုနေ့က သီချင်းက ပြန်ဆိုတဲ့ သီချင်းမူမို့လို့ မအေးတယောက်ထဲပဲ ဆိုလိုက်တာပါ။ ဆရာရေးတဲ့ ‘ချစ်သောမောင်မောင်’ ရုပ်ရှင်ပဏာမကို မာအေးဆိုတော့လဲ တေးသံရှင် ရဲဘော်ခင်မောင်လှနဲ့ အတူ ချစ်သောမောင်မောင် သံစဉ်တွေကို နောက်ခံလိုက်ပြီးတော့ ဆိုပေးခဲ့ပါတယ်။ ဆရာတို့အသံနဲ့ ဘိုးဘိုးကြီးမှုတ်ထားတဲ့ ဒီဇယ်ရထားဥသြသံလေး နာခံကြည့်စမ်းပါရှင်။

(ရွှေမန်းမေ)၃x နန်းထိုက်တဲ့ (ရွှေမန်းမေ)၂x ရွှေမန်း – ရွှေမန်း မေ xxx
[ ရွှေမန်းမေ – အတော ]

ရွှေမန်းမေမှာ ရထားသမိုင်းဝင်လို့ ပြောသလိုပဲ။ နောက်တပုဒ်ကျတော့ မီးရထား ဂီတအဖွဲ့အတွက် အဆိုတော် ကြည်ကြည်ဝင်း ဆိုဖို့ ရေးခိုင်းတာနဲ့ ရေးပေးခဲ့တာ ‘သူဇာခင်နဲ့ ဘူတာစဉ်’ နာမည်နဲ့ ရှိပါသေးတယ်ရှင်။ ဒီသီချင်းမှာတော့ တောကျေးလက် ဘူတာရုံမှာ ရထားစောင့်နေတဲ့ မိန်းကလေး အကြောင်းက စပြီး ဖွဲ့လိုက်တာ ကျေးတောသားလေး ရထားပေါ်က မြင်သွားရတဲ့ မြင်ကွင်းအထိ ပါသွားပါတယ်။ ရတဲ့အချိန်လေးမှာ နားဆင်ကြည့်ပါဦး၊ မာအေး ပြန်ဆိုထားတာပါရှင်။

xxx ဘူတာစဉ်ဝင်ရန် ကျန်နေပါသေး ဝေးသွားရန် အမြန်ရထား ဟန်ပြင် x ဟော ဥသြမှုတ်ပေါ့ထင်၊ တော့ကို ပြစရာစုံလင်၊ အလှသဘာဝ နှောလို့ပင် တောတောင်နဲ့ လျှိုမြှောင်တခွင် ၊ အများစိုက်ပျိုးထားတဲ့အပြင်၊ တို့လယ်ယာ ဝါဝါလွင် အို – နှစ်သီးစားလဲ စိုက်ကြ၊ ခရီးသွားဆဲ အခိုက်တွင်၊ မီးရထားအလိုက်မှာမြင် xxx
[ သူဇာခင်နဲ့ ဘူတာစဉ် ]


( မူရင်း – ဘီဘီစီ၊ မြန်မာဌာန )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts