>Aung Way, Maung Lun Ni & Thit Kaung Eain – Tribute to Kyi Aung

>

ကျားဖမ်းသူ ရွှေဘိုမြင်း ဦးညွတ်ခြင်း

အောင်ဝေး၊ မောင်လွမ်းဏီ၊ သစ်ကောင်းအိမ်

မတ် ၂၈၊ ၂၀၀၉

ကျားဖမ်းသူသို့ တမ်းချင်း

အောင်ဝေး

ကိုလွမ်းဏီရေ…

ငို စမ်း ဒီနွေ

အို…လွမ်းပြီလေ။

အမေက မွေး

ပေးတဲ့ နာမည်

ကြည်လင်။

ပြည်သူကကျွေး

ပေးတဲ့ နာမည်

ကြည်အောင်။

အနာဂတ်ကို လှုပ်နှိုးး

ချစ်သူကို ကျောပိုး

(မျှစ်မချိုးခင်)

ကျားဆိုးပေါတဲ့ 

တောင်ရိုးမှာ

ဆရာဟာ

ဓားကို ထမ်းလို့ 

ကျားဆိုး အရင်ဖမ်းခဲ့ပြီ။ ။

ရဲဘော်တပည့် - အောင်ဝေး

(မတ် ၂၈ ၊ ၂၀၀၉)

ရွှေဘိုမြင်းကို ကျုပ်တို့ပိုင်တယ်

မောင်လွမ်းဏီ

“ဇော်ဂျီက ဂေါ်ကီ ဆိုရင်

တင်မိုးက ဗင်ဂိုးတဲ့လား … ဟား ဟား ဟား

ကြည်လင်ဆိုတာ လီနင်ကွ

င၀က်ရ” …။

ပါးမှာကပ်တဲ့ စကားပြောခွက်တွေ

နားမှာရပ်ထားတဲ့ သတ္တုပြားတွေ

ဒီရေစီးသလို မြည်မြည်လာ

အောက်မေ့ဖွယ်အခမ်းအနားတွေ ကျယ်ကျယ်လာ

ဝမ်းနည်းမှတ်တမ်းတွေ ထူထူလာ

အမှတ်တရပစ္စည်းတွေ များများလာ

ရုပ်သံလှိုင်းမှာ အရုပ်တွေက သစ်သစ်လာ

ကဗျာတံတိုင်းတွေ ပြိုပြိုလာ

အိပ်မက်တွေက ခြောက်ခြောက်လာ

ယုံကြည်တာတွေက ယုံယုံလာ

ငန်းရိုင်းတွေက ပျံပျံသွား

ပျံတာတွေပဲ တွေ့တွေ့ နေရတော့မှာလား။

အမေက

ဘဂျမ်းကို

သွားနှင့်တော့ တင်မိုးရေ … တဲ့။

အမေ့ခေါင်းကို

ရအောင်တောင်းတာ

ကြည်လင်ဆိုတဲ့ ကြည်အောင်ကွ။

ဦးလေးလှနဲ့ အမေလမ်း

ဘဂျမ်းတို့လမ်း၊ လူထုလမ်း

စောလွင်လည်းလိုက်၊ စွမ်းရည်လိုက်

ပေါ်ဦးသက်လိုက်၊ ၀င်းဖေလိုက်

သိန်းနိုင်လည်းလိုက်၊ ဖိုးသံလိုက်

ဝင်းတင်လည်းလိုက်၊ စုစုလိုက်

အညာလည်းလိုက်၊ အကြေလိုက်

တောင်ပေါ်လည်းလိုက်၊ မြေပြန့်လိုက်

တိုက်ပွဲခေါ်လိုက်၊ မျိုးဆက်လိုက်။

ငါ လိုက်ခဲ့ပြီ ဘဂျမ်းရေ …

ဦးလေးနဲ့လည်း တွေ့တာပေါ့

အမေနဲ့လည်း တွေ့ပြီပေါ့။

ငါ ထားခဲ့ပြီ ဘဂျမ်းရာ

ကဗျာ၊ အမြွှာ၊ အညာ၊ တမာ

နံ့သာသေတ္တာ၊ လမင်းတရာ။

မင်း မှတ်မိလား

ညွန့်ကြူးရေးတာ

ကဗျာဆရာ သေသောခါ

မသာပို့သူ …

‘ဆရာကို ’

ရွှေဘိုမြင်း ကို

အင်းဝ ပြန်ပို့ပေးပါနော်။ ။

(၂၈၊ ၃၊ ၀၉)

ဦးကြည်အောင်ကို ဦးညွှတ်ခြင်း

သစ်ကောင်းအိမ်

သစ္စာရှာဖို့ ငါ မြင်းစီးမယ်…

အမိ ကဗျာနိုင်ငံတော်မှာ

ကဗျာတ၀က် လွှင့်ထူ

ပူဇော် လိုက်ပါရဲ့

ကဗျာသုဂတိကို လားသူငဲ့ …

သစ္စာရှာဖို့ သူ … မြင်းစီးထွက်သွားပေါ့။ ။

(၂၈. မတ်လ. ၂၀၀၉)

သရုပ်ဖော်ဂုဏ်ပြု – ပန်းချီမင်းကျော်ခိုင်