>2009 draft record – 1

>

မေတ္တာစကား ပါးပါးလေး ပြောမယ်
၂ဝဝ၉ မှတ်တမ်းကြမ်း (၁)
အရှင်ဉာဏိက
မတ် ၂၄၊ ၂၀၀၉


မြန်မာ့ဝေါဟာရမှာ အသစ်တိုးလားတဲ့ စကားတလုံးကို သတိထားမိနေတာ ကြာပြီ။ ဒါပေမယ့် နေရာတော်တော်များမှာ သုံးနေကြတာ ကြားကြားနေရတော့ ဘယ်နေရာမှာ ဘာကြောင့် သုံးတယ်ဆိုတာကို တိတိကျကျ မသိနိုင်ခဲ့ဘူး။ ဥပမာဆိုပါတော့။ လူတယောက်က လူတယောက်အပေါ် လူလည်ကျတယ်။ အဲ ဒီထက်ပိုပြီး နည်းနည်းလေး လမ်းဘေးဆန်တဲ့ စကားနဲ့ ပြောရရင် ဖျံကျတယ်ဆိုပေါတော့။ ဒါကို သူငယ်ချင်းတယောက်က ချီးမွမ်းလိုလို့လား၊ ခြေ ကြောက်လိုလို့လား မသိဘူး။ “ဟ – မင်းကတော့ ပိုင်တယ်ကွာ” လို့ ပြောတယ်။ ဒါကို လူလည်ကျသူက “ဒီလောက်က ပါးပါးလေးပါ”လို့ ပြန်ပြောတယ်။ အခြားတနေရာမှာတော့ ကလေးမတဦး နွေအခါ ကျောင်းပိတ်လို့ ရိပ်သာတခုမှာ သီလရှင်ဝတ်ရာက ပြန်လာတယ်။ ဒါကို အိမ်အလည်လာတဲ့ သူ့အတန်းဖော်သူငယ်ချင်းမတယောက်ရဲ့ အမေက “ဟယ် သမီးလေးက သိပ်လိမ္မာတာပဲ” လို့ချီးကျူးစကားဆိုတယ်။ ဒါကိုအတူပါလာတဲ့ သူ့သူငယ်ချင်းမက “မာမီကလည်း ဒါ ပါးပါးလေးရှိသေးတယ်။ သမီးသူငယ်ချင်းက ကျောင်းမှာဆိုလည်း စာသိပ်တော်တာ။ နောက်ပြီး ဘာဘာ ညာညာ” စသဖြင့် တကယ် ချီးမွမ်းသင့်တဲ့ အရာတွေရော၊ မချီးမွမ်းသင့်တဲ့အရာတွေရော တသီတတန်းကြီး ပြောသွားတယ်။

ဒီ ၂နေရာမှာသုံးတဲ့ “ပါးပါးလေး” ဆိုတဲ့စကား ၂ ခုဟာ အဓိပ္ပာယ် နည်းနည်းလေး ကွာနေတယ် လို့ နားလည်မိတယ်။ အားလုံး ခြုံငုံကြည့်တဲ့အခါမှာတော့ ပါးပါးလေး ဆိုတာကို ဒါ မဖြစ်စလောက်လေး ရှိသေးတယ်၊ အကင်းပဲ ရှိသေးတယ်၊ နမူနာလောက် ရှိသေးတယ်၊ ဒီထက်မက အများကြီးရှိသေးတယ်လို့ အဓိပ္ပာယ်ထွက်တဲ့ နေရာများမှာ သုံးတယ်လို့ နားလည်မိပါတယ်။ (ကိုယ့်နားလည်မှုက မပြည့်စုံသေးဘူး၊ လိုနေသေးတယ် ဆိုရင်တော့ ခွင့်လွတ်ဦး၊ ထပ်ဖြည့်ဦး)။ ဒီတင်မက ဒီပါးပါးလေး ဆိုတဲ့ စကားကို ညီတော်နောင်တော် နာမည်ကျော် ဓမ္မကထိကများရဲ့ နှုတ်ဖျား၊ စာရေးသူများ ရဲ့ လက်ဖျားမှာ (ကလောင်ဖျား မဟုတ်တော့ပါ၊ ကွန်ပျူတာနှင့် စာရေးသမို့) တွေ့တွေ့နေရတော့ သူတို့ကြားမှာ ကိုယ်ပါ ဝင် “ပါး” ကြည့်ချင်စိတ် ပေါက်လာတယ်။

အဲဒီနားလည်မှုနဲ့ ပေါက်လာမှု(ရူးတဲ့နေရာမှာသုံးတဲ့ ပေါက်မဟုတ်ပါ)ကို အခြေခံပြီး ဒီဆောင်းပါးခေါင်းစဉ်ကို “မေတ္တာ စကား ပါးပါးလေးပြောမယ်” လို့ ပေးထားပါတယ်။ နောက်ပြီး မေတ္တာဆိုတဲ့ အလွန် တန်ဖိုးထား လေးစားသင့်တဲ့ စကားတခွန်းကို ခပ်ပေါပေါ့နေရာများမှာ သုံးတတ်ကြတဲ့ ပါးပါးလေးဆိုတဲ့ စကားနဲ့ တွဲစပ်သုံးလိုက်တဲ့ အခြားရည် ရွယ်ချက်တခုကိုလဲ ဒီစာကို ဖတ်ပြီးတဲ့အခါ စာဖတ်သူတွေကိုယ်တိုင် သဘောပေါက်လိမ့်မယ်လို့ ယူဆမိပါတယ်။

မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင် – တဲ့။ ကြားဘူးတဲ့ စကားတစ်ခွန်း။ သီချင်းစာသားလား၊ ရုပ်ရှင်နာမည်လား။ ဝတ္ထု ခေါင်းစဉ်လားတော့ မသိ။ နောက်ပြီး ကိုယ်မင်းကို မေတ္တာရှိနေတာ ကြာပြီ -တဲ့။ ဟုတ်ကဲ့၊ ရှင်းပါတယ်။ ဤမေတ္တာ၊ အနှီ မေတ္တာများကတော့ (ဆရာတော်ကြီးများ လေသံကို ခဏယူသုံးရရင်) အညှီမေတ္တာများသာ၊ မေတ္တာယောင် ဆောင်ထားသော ရာဂများသာ ဖြစ်ဖို့များပါလိမ့်မယ်။ ပေးဆပ်လိုမှုထက် ရယူပိုင်ဆိုင်လိုမှုက များမယ်ထင်ပါတယ်။ ဒီအဆိုကို မေတ္တာကြီးသူ တကယ့်မေတ္တာရှင်ဟု ကိုယ့်ကိုယ်ကိုယ် ယူဆထားသူကြီးများက ကန့်ကွက်ကောင်း ကန့်ကွက် ချင်မှာပါ။ ကန့်ကွက်လိုသူတွေအတွက် အထူးပြောရန် မရှိပါ။ သဘောအတိုင်းသာပါလေ။ ပါးပါးလေးပြောမယ့် ဤနေရာ၌ ဤမေတ္တာမျိုးကို ရေးခြစ်မည် မဟုတ်ပါ။ (ရေးခြစ်၌ ရရစ်ဖြင့် ခြစ်ထားပါသည်၊ ယပင့်ဖြင့် ချစ် ခြင်း မဟုတ်ပါ၊ တခြား ချစ်တတ်သူများနှင့် မရောထွေးစေပါနှင့်)။

မိဘမေတ္တာ စမ်းရေပမာ။ မောင်ချစ် နှမချစ် ငါးရာ့နှစ်ဆယ့်ရှစ်သွယ် မေတ္တာ – တဲ့။ ကျမ်းဂန်များအဆိုအရ ဤမေတ္တာ မျိုးသည်လည်း ငြိတွယ်မှုသဘောတရား(လောဘ)ကား စင်စစ်မကင်းသေးပါတဲ့။ သို့သော် ဤမေတ္တာမျိုးကား အထက်က အညှီမေတ္တာနှင့် နှိုင်းစာသော် ပေးဆပ်လိုမှုဘက် အနည်းငယ် ပိုနွယ်လေသောကြောင့် ရာဂအမှုန် ပိုကင်းရကား အကြည်မေတ္တာဟု ဆိုကောင်းဆိုနိုင်ပါ၏။ ဤပါးပါးလေးအစီအစဉ်၌ ဤအကြောင်းကိုလည်း ဆွေးနွေးမည် မဟုတ်ပါချေ။

ဟိုအကြောင်းလည်း မရေးခြစ်၊ ဒီအကြောင်းလည်း မဆွေးနွေး။ သို့ဖြစ်လျက် ဘာကြောင့် အချိန်ကုန်ခံကာ မဆွေးနွေးမည့် အကြောင်းအရာတွေကို ထည့်ရေးနေသေးလဲဟု စောဒက တက်ချင်ကောင်း တက်လိုပါလိမ့်မယ်။ စောဒက ဝင်ခဲ့မယ်ဆိုလျှင်လဲ ရေးသားမှု အောင်မြင်တာဖြစ်လို့ ဝမ်းသာရမှာပါ။ ဘာကြောင့်လဲဆိုရင် အဲဒီလို မေးချင်စိတ် ပေါက်လာအောင် တမင် ရေးနေတာကြောင့်ပါပဲ။

အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ့ စသဖြင့် လော်စပီကာကနေ သီချင်းအဖြစ် မကြာမကြာ ကြားရတတ်တယ်။ စုပေါင်းဝတ်ရွတ်ဆိုသံအဖြစ်လည်း ကြိမ်ဖန်များစွာ ကြားရတတ်တယ်။

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ့ စသဖြင့် ဘုရားကုန်းတော်ပေါ်မှာ ကြားရလေ့ရှိတယ်၊ ဘုရားတန်ဆောင်းများမှာလည်း အကြိမ်ပေါင်းများစွာ ကြားဘူးတယ်။

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ့  တရားပွဲများမှာ ကြားခဲ့ရပေါင်းလည်း မနည်းတော့။

တဝေ ဝေ။ တဝေ ဝေ။ (ကြေးစည်သံကို စာလုံးဖြင့် ရေးပြခြင်းဖြစ်၏)။ ၄င်း တဝေ ဝေသံ၊ အဲ-ကြေးစည်သံနှင့်အတူ သဗ္ဗေ သတ္တာ၊ သဗ္ဗေ ပါဏာ့ စသဖြင့် နံနက်မိုးသောက်ချိန်များ၊ အိပ်ရာဝင်ချိန်များ၌ ဘုရားများ၊ ကျောင်းများ၊ အိမ်များဆီက မေတ္တာပို့သသံများကို နေရာအနှံ့ကနေ ကြားရတတ်လေ့ရှိတယ်။

တို့ပြည်တို့ရွာသည် မေတ္တာတရားတွေ ထွန်းကားလှသော နိုင်ငံကြီးပေတကား။ အလွန်ဂုဏ်ယူဖွယ်ကောင်းစွ တကား။ ဤသို့ ဆိုနိုင်တန်ကောင်းအံ့လော။ ထိုထိုဤဤ အလီလီသော မေတ္တာပို့ရွတ်သံတို့ကို ထောက်ဆ၍ ဆိုပါမူကား လုံးဝလုံးဝ ဆိုနိုင်တန်ကောင်းပါတယ်။ သို့သော် ဤလို ကျန်းမာပါစေ၊ ချမ်းသာပါစေဟု အသံကျယ်ကျယ်လေး ရွတ်ဆိုရုံမျှ၊ နားထောင်ကောင်းရုံမျှလောက်ဖြင့်သာ ရပ်တန့်နေချေသော်မူ မေတ္တာဆိုသော စကား၏ အဓိပ္ပာယ်သည် ပြည့်ဝမည် မဟုတ်သလို၊ မေတ္တာ၏တန်ဖိုးသည်လည်း ကြီးလှမည် မဟုတ်ချေတကားဟု – ကိုယ်အကြိမ်များစွာ စဉ်းစားဘူးပါတယ်။ ဤသည်ကား ဤမှာကိုယ်ပြောမည့် “ပါးပါးလေး”မေတ္တာ ဖြစ်ချေ၏။

မနက်ဖြန်မှ ဤစာကိုဆက်ရေးမည်ဟု ဆုံးဖြတ်ကာ ကွန်ပြူတာမှ ခွာလိုက်ပါ၏။ ။

မေတ္တာဖြင့်
အရှင်ဥာဏိက


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts