ကဗျာ

မင်းကိုနိုင် – ကမ္ဘာမကြေကို သံပြိုင်ဆိုရင်း ပုခုံးတွေ တင်းတင်းဖက်ထားကြ

မင်းကိုနိုင် – ကမ္ဘာမကြေကို သံပြိုင်ဆိုရင်း ပုခုံးတွေ တင်းတင်းဖက်ထားကြ
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇွန် ၁၆၊ ၂၀၁၅

ကမ္ဘာမကြေကို

သံပြိုင်ဆိုရင်း

ပုခုံးတွေ တင်းတင်းဖက်ထားကြ

မျက်ရည်ကြားမှာ

ပြိုကျလာတဲ့

အရှုံးနဲ့ အမှိုက်တွေပုံ

လက်တုန်တုန်နဲ့ကောက်

နှစ်သိမ့်အပြုံးတွေ ၀င်းတောက်လို့

.

လမ်းပေါ် လေ့ကျင့်ဖို့

ကားရှင်းချိန်ကို

အိပ်ပျက်ခံ ဘောလုံးပိုက်

စောင့်လိုက်ရတဲ့ကလေးတွေ

.

အရှုံးထဲမှာ လူကိုမမည်း

ဘောလုံးကိုပဲ ကန်ခဲ့ကြ

ရလဒ်သာ အရေးနိမ့်တာ

စိတ်ဓာတ်တော့ အရေးမနိမ့်ခဲ့ကြဘူး

.

ဒီကစားသမားနဲ့ ဒီပရိသတ်

မြင့်မြတ်စိတ်ဓာတ်ဟာ

ဆုဖလားတွေထက် အဖိုးတန်တယ်

.

ကမ္ဘာမကြေကို

သံပြိုင်ဆိုရင်း

ပုခုံးတွေ တင်းတင်းဖက်ထားကြ

တနေ့တော့

ဒီခေါင်းတွေ မော့ရဦးမှာပေါ့။…..။

.

– မင်းကိုနိုင်

 

( ၁၅-၆-၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts