>Internet Speed & Japanese Ship

>

ရန်ကုန်မြို့တွင် အင်တာနက်ဆက်သွယ်မှုများနှေးကွေး

ရေအဆုံး ကုန်းတ၀က် စကားနဲ့အညီ သောင်တင်နေသော ဂျပန်သင်္ဘော နအဖ ဆယ်ယူနိုင်ခဲ့

ဝင်းမြတ်

မတ် ၂၄၊ ၂၀၀၉

ရန်ကုန်မြို့တွင် အင်တာနက်ဆက်သွယ်မှုများနှေးကွေး

ပင်လယ်ရေအောက်မှ ဆက်သွယ်ထားသည့် နိုင်ငံတကာ အင်တာနက် ဖိုင်ဘာအော်ပ်တစ် ကေဘယ်လ် ပြုပြင်နေသောကြောင့် ရန်ကုန်မြို့တွင် အင်တာနက် ဆက်သွယ်မှု များအလွန် နှေးကွေးနေသည်။

အင်တာနက် ဘရောက်ဇာ (Browser) စတင် ဖွင့်လိုက်သည်နှင့် ပင်လယ်ရေအောက် ဖိုင်ဘာအော်ပ်တစ်ကေဘယ်လ် SEA-ME-WE3 အား မတ် ၂၅ ရက်အထိ ပြုပြင်မည်ဖြစ်သောကြောင့် ၄င်းအချိန်များအတွင်း ကုန်းပေါ်မှ ဖိုင်ဘာလင့် ဖြင့် ၀န်ဆောင်မှု ပေးထားမည်ြ ဖစ်ကြောင်းနှင့် အင်တာနက် ဆက်သွယ်မှုမှာ ပုံမှန်ထက် နှေးကွေးမည်ဖြစ်ကြောင်း အသိပေးစာမျက်နှာ စတင်တွေ့ရှိရသည်။

တစ်ချို့ အချိန်များတွင် အင်တာနက် စာမျက်နှာများ ဆက်လက် ဖွင့်မရဘဲ မြန်မာတယ်လီပို့မှ အသိပေး စာမျက်နှာသာ ပေါ်လာသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ မငြိမ်သက်သည့် အခါများ၊ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် လာရောက်သည့် အခါများတွင် အင်တာနက် ဆက်သွယ်မှုကို နှေးကွေးအောင် ပြုလုပ်ထားလေ့ရှိပြီး ရေအောက် ကေဘယ်ကြိုး ပေါက်ခြင်း၊ ပုံမှန်ထိန်းသိမ်းပြုပြင်မှု ပြုလုပ်ခြင်း ဟူသည့် အကြောင်းပြချက်များ ပြလေ့ ရှိသောကြောင့် ယခု တကြိမ်အင်တာနက် နှေးကွေးမှုကိုလည်း အခြားသော နိုင်ငံရေး အခြေအနေများနှင့် ဆက်စပ် မှန်းဆမှုများ ရှိနေကြောင်း ကြားသိရသည်။

အင်တာနက် ဆက်သွယ်မှု အခက်အခဲများကြောင့် အင်တာနက် အသုံးပြုသူများ ယခင်ကထက် လျော့နည်းသွားသည်ဟု ဗိုလ်တထောင်မြို့နယ်မှ အင်တာနက်ကဖေး ပိုင်ရှင်တစ်ဦးက ပြောသည်။ အင်တာနက် လိုင်းနှေးခြင်း၊ ရက်အတန်ကြာ ဖြတ်တောက်ထားခြင်းကြောင့် အင်တာနက်ဆိုင်များ အနေဖြင့် ၀င်ငွေ လျော့ကျသော်လည်း နအဖအစိုးရ၏ အင်တာနက်လိုင်းဖြန့်ဝေသည့် မြန်မာတယ်လီပို့တ်နှင့် ဆက်သွယ်ရေးအား ပေးဆောင်ရသည့် လစဉ်ကြေးကိုမူ မည်သည့် အခါမျှ လျော့ပေါ့ပေးခြင်း မရှိဟုလည်း ပြောဆိုကြသည်။

ရေအဆုံး ကုန်းတ၀က် စကားနဲ့အညီ သောင်တင်နေသော ဂျပန်သင်္ဘော နအဖ ဆယ်ယူနိုင်ခဲ့

နာဂစ်မုန်တိုင်းအတွင်း ဟိုင်းကြီးကျွန်းတောင်ဘက်ရှိ သမီးလှကျွန်းအနီးတွင် သောင်တင် ကျန်ရစ်ခဲ့သော ဂျပန်ကုမ္ပဏီပိုင် သင်္ဘောကြီးတစ်စီးအား မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ဆယ်ယူပိုင်ဆိုင် သွားပြီးဖြစ်သည်။

ဂျပန်အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် မြန်မာ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းတို့ ဖက်စပ်လုပ်ကိုင်နေသည့် M.V COSMIC LEADER အမည်ရှိ သင်္ဘောကြီးသည် ပုသိမ် ဆိပ်ကမ်းတွင် သစ်လုံးများ တင်ဆောင်နေစဉ် ၂၀၀၈ ခုနှစ် မေ ၂ ရက်တွင် မုန်တိုင်းရှောင်ရန် ပင်လယ်ပြင်သို့ ထွက်ခွာသွားရာမှ ပုသိမ်မြစ်ဝ အထွက် သမီးလှကျွန်းအနီးရှိ ကျောက်တန်းပေါ်သို့ တင်နေခဲ့ခြင်း ဖြစ်သည်။ ၄င်းအချိန်တွင် သင်္ဘောပေါ်တွင် မြန်မာ သင်္ဘောသား ၁၇ ဦး ပါရှိခဲ့သည်။

၎င်းသင်္ဘောကြီးအား ၂၀၀၈ ခုနှစ် အောက်တိုဘာလက ပိုင်ရှင်ကုမ္ပဏီမှ တရားဝင် စွန့်ခွာထားခဲ့သောကြောင့် မတ် ၁၅ ရက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင် တွန်းသင်္ဘောများဖြင့် သောင်တင်နေသော ကျောက်တန်းပေါ်မှ ဆွဲချပြီး ရန်ကုန်ဆိပ်ကမ်းသို့ ယူဆောင်လာခဲ့သည်။ ၄င်းသင်္ဘောကြီး၏ အလျားမှာ ၁၂၄ မီတာရှိပြီး ကုန်တန်ချိန် ၈၉၀၀ ကျော် တင်ဆောင်နိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts