>Mar Lu San – Never Say Good Bye

>

နှုတ်မဆက်နဲ့ ငိုချင်တယ်

မာလုစံ

ဖေဖော်ဝါရီ ၂၁၊ ၂၀၀၉

သူတို့ လာတော့မယ် တဲ့။

၂ဝဝ၈ ခုနှစ် ဧပြီလကတည်းက လာမယ် ကြားနေခဲ့တာ ရှစ်လလောက် ကြာပြီးကာမှ ဗြုန်းစားကြီး ရောက်ချလာကြတယ်။ မမျှော်လင့်ပဲ သူတို့ရောက်လာချိန်က ခရစ်စမတ်ပွဲတော် နဲ့ နှစ်သစ်ကူးကာလ အချိန် ဖြစ်နေတယ်လေ။ အစောဆုံးရတဲ့ပွဲနေ့က ဇန်နဝါရီလ ၄ ရက်၊ မြန်မာ့လွတ်လပ်ရေးနေ့။ ဒီတော့ မထင်မှတ်ပဲ အိမ်မှာ တလကျော်လောက် သူတို့ နေဖြစ် သွားခဲ့ကြပါတယ်။

အစကတော့ အလွန်ဆုံးနေကြ၊ နှစ်ပတ်လောက်ပဲ ထင်ထားခဲ့တာပါ။

နှစ်ပတ်ကျော်တော့ ဒေသခံအဖွဲ့သားတွေက အားနာစွာနဲ့ မေးကြပါတယ်။ ဖြစ်ပါ့မလား၊ ဘယ်လိုအကူအညီ ထပ်ပေးရမလဲပေါ့။ အိမ်မှာကျွန်မက တံခါးဖွင့် အခန်းပေးထားရုံပါ။ အယ်လ်အေအဖွဲ့သားတွေက စောင်၊ ခေါင်းအုန်း၊ မွေ့ယာ လိုအပ်တာ ထပ်ဖြည့်ပေးပါတယ်။ စားစရာဆိုလဲ ချက်ပို့သူကပို့၊ ဝယ်ပို့သူကပို့ ကူညီကြပါတယ်။

မန္တလေးဂေဇက်က နီလာစိန်က သူကိုယ်တိုင် ဆိုင်တွေခေါ်ကျွေးသလို၊ ဖိတ်ကြားသူရှိရင်လည်း လိုက်ပို့ပေးပါတယ်။ ဟိုဟို ဒီဒီ သွားကြမယ်ဆိုရင် သူတို့ကချည်း ခုနှစ်ယောက်ဆိုတော့ ဗင်ကား တစီးထဲနဲ့တောင် မရ။ ဒါပေမယ့် ကိုစိုးဝေနဲ့ ကိုမျိုးတို့က မိုင် ၂၀ ကျော် အဝေးကနေ အမြဲလာခေါ်ပြီး မငြီးမငြူ သွားလိုရာ မောင်းပို့ပေးကြပါတယ်။ လိုတာရှိရင် ကိုသူရ၊ ကိုပြေငြိမ်းကို ပြော။ မရ ရအောင် မေးမြန်းစုံစမ်း၊ လိုက်လံရှာဖွေလို့ အကူအညီ တောင်းတန်တာ တောင်း၊ သူတို့လိုချင်တာကို ရအောင် လုပ်ပေးကြပါတယ်။

ရုပ်သေးအကနဲ့ အမေရိကားရောက် မြန်မာပရိသတ်ကို ဖျော်ဖြေချင်ပါတယ်ဆိုလို့ ဦးမော်ကြီး တယ်လီဖုန်း တလုံးနဲ့လိုက်ရှာလိုက်တာ အယ်လ်အေမြို့တောင်ဘက် Irvine မြို့၊ San Diego မြို့ နဲ့ Arizona ပြည်နယ်မှ ရုပ်သေးရုပ်များ အားလုံးပေါင်း ရှစ်ရုပ် ရောက်ချလာပါတယ်။ နောက်ဆုံးမှာ Arizona ပြည်နယ်မှ ကိုအေးမြင့်ရဲ့ လှပတဲ့ မင်းသား မင်းသမီး ရုပ်သေးတစုံနဲ့ အဆင်ပြေသွားပါတယ်။

(ရုပ်သေးရုပ် သိမ်းပေးသူများအတွက် မှတ်ချက်… ရုပ်သေးရုပ်မျက်နှာမှ ဆေးများ မပွန်းပဲ့စေရန် မျက်နှာကာသော အဝတ်မဲကလေးများ ထည့်ပေးထားပါတယ်။ အရုပ်မျက်နှာကလေးများကို ကာကွယ်ကြိုး ချည်ပေးပါရန်။ ကျေးဇူးတင်ပါတယ်။)

အဝတ်အစားဒီဇိုင်း၊ ဆံပင်ပုံများနဲ့ လက်ဆွဲတန်ဆာ ရှာဖွေဖန်တီးရေးဌာနမှာတော့ လေးနိုင်အိက ဥက္ကဌလည်းသူ၊ ငယ်သားလည်း သူပါပဲ။ အဝတ်ချုပ်စက် နှစ်လုံးကို ကားပေါ်တင်ပြီး၊ ကလေးနှစ်ယောက်အတွက် ဂျပန်ခေါက်ဆွဲခြောက်ထုတ် အပြည့်နဲ့ ဆိုင်တကာလှည့် ပစ္စည်းရှာပြီး၊ ကျွန်မအိမ်မှာ ညဉ့်နက်သန်းခေါင်ကျော် အထိ အဝတ်တွေချုပ်ပေးရတာ တချက် အပြုံးမပျက်ခဲ့ပါဘူး။

လွတ်လပ်ရေးနေ့ အယ်လ်အေကပွဲအပြီး တပတ်အကြာမှာ သူတို့ တက္ကဆက် မှာ ပွဲကဘို့ ထွက်သွားကြပါတယ်။ ကျွန်မစိတ်ထဲ ဟာတာတာကလေး ဖြစ်မိသား။ ညဘက် အိပ်ယာထဲ အိပ်မပျော် တပျော် အချိန်တွေမှာ အိမ်ရှေ့တံခါးကို သော့စမ်းပြီး ချောက်ချက် ချောက်ချက် ဖွင့်တဲ့ အသံ၊ အသံအုပ်အုပ် ကလေးတွေနဲ့ အိမ်ထဲ ဝင်လာသံ၊ လှေကားပေါ်ခြေဖွဖွနင်း တက်လာသံလေးတွေ မကြားရတော့ပါဘူး။

တရေးနိုးမှာ ထမင်းစားခန်းထဲက ထမင်းအိုးဖွင့်သံ၊ ရေမျှင်မျှင်ကလေးနဲ့ လက်ဆေးသံ၊ ထိမ်းထိမ်းသိမ်းသိမ်း အသံတိုးလေးတွေနဲ့ ရယ်သံတွေ မကြားရတော့ပါဘူး။

သူငယ်ချင်းတွေက မေးပါတယ်၊ ကျွန်မစိတ်ထဲ ပေါ့ပါး၊ အမြင်ရှင်း၊ ပျော်သွားပြီလား … တဲ့။

ပွဲလမ်းသဘင် သွားလေ့သွားထ မရှိ၊ တယ်လီဖုန်းတောင် ကိစ္စကြီးငယ်ရှိမှ ဆက်တတ်ပြီး အေးအေးဆေးဆေး တယောက်ထဲ နေတတ်တဲ့ ကျွန်မအကြောင်းသိတဲ့သူတွေက ကျွန်မတော့ စိတ်ရှုပ်၊ အနေကျုံ့နေမယ် ထင်နေကြလို့ပေါ့။

အမှန်ကို ဝန်ခံရရင် ကိုယ့်ဘာသာကိုယ်လည်း အံ့သြနေမိပါတယ်။ သူငယ်ချင်းတွေ မပြောနဲ့၊ ကိုယ့်အကြောင်းကို ကိုယ့်ဘာသာတောင် ကောင်းကောင်း မသိသေးပါလား လို့။

သူတို့ရှိစဉ်က ကျွန်မစိတ်ထဲ ကျဉ်းကြပ်မှု၊ မွန်းသိပ်မှု၊ သည်းခံရမှုတွေ မဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ သူတို့ထွက်သွားပြီးတော့ စိတ်ထဲ မပေါ့မပါးတာ အမှန်ပါပဲ။ အမြင်ရှင်းသွားတာလဲ မပျော်ပါဘူး။ သူတို့တတွေ ထွက်လိုက် ဝင်လိုက်၊ လှေကားပေါ်တက်လိုက် ဆင်းလိုက် လုပ်တာလေးတွေ မြင်ယောင်နေပါတယ်။ ကလိုက် ခုန်လိုက်၊ ဆိုလိုက် ပြောလိုက်၊ နောက်လိုက် ပြောင်လိုက်သံလေးတွေ ကြားယောင်နေပါတယ်။

– အလုပ်ကအပြန် အိမ်ထဲဝင်လိုက်တိုင်း၊ အပြုံးတပွေ့ကြီးနဲ့ ပြေးလာကြိုတတ်တဲ့ ချောစုမျိုးကို သတိရနေတယ်။

– ဟင်းမချက်ပေမယ့် သူသုပ်တဲ့ ရှောက်သီးသုပ် မစားမှာစိုးလို့ အမြဲလိုက် ခွန့်ကျွေးတတ်တဲ့ မီးသီးဆိုတဲ့ သန္တာမလေးကို သတိရနေတယ်။

– စင်ပေါ်မှာသာ အသံကျယ်ကျယ်နဲ့ လူတွေတဝါးဝါးဖြစ်အောင် ပျက်လုံးထုတ်တတ်တာ၊ အိမ်မှာတော့ အသံတိုးတိုးလေးနဲ့ ညင်သာသိမ်မွေ့စွာ စကားပြောတတ်တဲ့ လူအေးလေး မောင်ကြယ်သီးနဲ့ ငပိရည်လုစားရတာကို သတိရနေတယ်။

– ခြေလေးချောင်းသား မစားတဲ့သူမို့ သူ့အတွက် တမှတ်တရ ဟင်း စီစဉ်တိုင်း အားနာပြုံးလေးနဲ့ အစား ချေးမများပါဘူး ဆိုပြီး ငပိကြော်၊ လဘက်သုပ် ရှိတာနဲ့စားလေ့ရှိတဲ့ စိန်သီးရဲ့ စကားလေးတွေကို သတိရနေတယ်။

– အစပ်ဆို နဲနဲမှ မစားနိုင်တဲ့သူကို အစပ်သိပ်ကြိုက်တာလို့ နောက်ပြောင်ပြောတာကို နောက်လို့နောက်မှန်း မသိဘဲ ငြုတ်သီးကြော်ကို ငြုတ်သီးမှုန့်၊ ငြုတ်သီးတောင့် ထပ်ချပေးတာကို အားနာနာနဲ့ ဘာမှ မပြောဘဲ ထမင်းဖြူချည်း ငုံ့စားသွားတဲ့ ပန်းသီးလေးကို သတိရနေတယ်။

– အငယ်ဆုံး၊ အသွက်ဆုံးနဲ့၊ အနောက်အပြောင်အသန်ဆုံးက ဇီးသီးလေး။ ဘယ်သူ ဘာပြောပြော လှစ်ကနဲ ပြန်ပြန် ကလိတတ်တဲ့ ဟာသဉာာဏ် ရွှင်ပုံလေးကို သတိရနေတယ်။

– ကိုဂေါ်ဇီလာကတော့ အငယ်တွေ ပြောသမျှ၊ နောက်သမျှ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ပဲ ကြည့်နေတတ်တယ်။ ဘာလိုသလဲ မေးလိုက်တိုင်း အားလုံး ပြည့်စုံပါတယ်ခင်ဗျာ ပြန်ဖြေတတ်ပါတယ်။

သူတို့ အိမ်က ထွက်သွားပြီး နှစ်ပတ်အကြာမှာ အယ်လ်အေ အဖွဲ့ အာရီဇိုးနားကို ပွဲလိုက်ကြည့်ကြပါတယ်။ ပွဲအပြီးမှာ ညတွင်းချင်း သူတို့ကို ပြန်ခေါ်လာလို့ အာရီဇိုးနားအဖွဲ့သားများ စိတ်မကောင်းဖြစ် ကျန်ခဲ့ကြတယ် ကြားရပါတယ်။

အာရီဇိုးနား အိမ်ခံများကို အယ်လ်အေအဖွဲ့မှ သူတို့ကိုယ်စား တောင်းပန်ပါတယ်။ အာရီဇိုးနား အဖွဲ့ရဲ့ နွေးထွေးတဲ့ ကြိုဆိုဧည့်ခံမှုကြောင့် ရက်အနည်းငယ် ဆက်နေချင်ပေမယ့်၊ ရှေ့ဆက်ရမဲ့ပွဲတွေအတွက် အချိန်မီ ပြင်ဆင် ချုပ်လုပ်စရာတွေရှိလို့ ညတွင်းချင်း ပြန်ကြရတာပါ။

တပွဲနဲ့တပွဲမတူ၊ တမူထူးခြားအောင် ဖျော်ဖြေချင်တဲ့ သူတို့ရဲ့ဆန္ဒ ပြည့်အောင် အယ်လ်အေ အဖွဲ့ အလုပ်များရပြန်ပါပြီ။ တနင်္လာနေ့ မနက်မိုးလင်းတာနဲ့ ကိုစိုးဝေတို့၊ ကိုမျိုးတို့ သူတို့ကိစ္စတွေအတွက် ကားဘီးတွေ လှိမ့်ပေးရ ပြန်ပါတယ်။ လေးနိုင်အိလည်း တဆိုင်ဝင် တဆိုင်ထွက် လိုအပ်တာတွေ ဝယ်ရချုပ်ရပြန်ပါတယ်။

အယ်လ်အေမှာ ရာမ သမင်လိုက်ခန်းနဲ့ ဒဿဂီရိပန်းစိုက်ခန်းတွေ ကပြီးသွားပြီမို့ ဆန်ဖရန်စစ္စကိုမှာ ခုနှစ်ပြည်ထောင် မင်းသားတွေ လေးတော်တင်ပြိုင်ခန်း ကချင်တယ်တဲ့။ လိုအပ်တဲ့ လေးတင်ခုံ၊ ဒဿဂီရိပန်းရထား၊ ဒီဇိုင်းဆွဲသူက ဆွဲ၊ ဝန်ကြီးနှစ်ပါး၊ ရဲမက်တော်များနဲ့ ခုနှစ်ပြည်ထောင် မင်းသားတွေအတွက် ဝတ်စုံ၊ ခေါင်းဆောင်း၊ စလွယ်တွေ ချုပ်လိုက်ကြတာ တနင်္လာနေ့ ည တချက်ကျော်မှ လေးနိုင်အိ အိမ်ပြန်ရတယ်။ အင်္ဂါနေ့ နေ့လည် ပြန်ရောက်လာပြီး (သူ့အိမ်က ကျွန်မအိမ်နဲ့ သိပ်မဝေးပါဘူး၊ မိုင်သုံးဆယ်လောက်ပါ။) အဝတ် ဆက်ချုပ်လိုက်တာ အချိန်မီ မပြီးမှာစိုးလို့ ကိုဝင်းညွန့်ကို အကူခေါ်၊ မိုးအလင်း မနားတမ်းချုပ်တာတောင် ဗုဒ္ဓဟူးနေ့ မနက်အထိ မပြီး။ မနက် ကားဂိတ်ဆင်းကြတော့ ချုပ်ပြီးသလောက်ပဲ အရင် ထည့်ပေးလိုက်ပြီး ကျန်တာ လာပို့မယ် မှာလိုက်ရတယ်။

ညဉ့်နှစ်ချက်ကျော်မှ အိပ်ရတဲ့ မီးသီးလေး အိပ်မှုန်စုံမွှားနဲ့ ကားဂိတ်ကို ထလိုက် ရသလို၊ တညလုံး မအိပ်ဘဲ မိုးလင်းပေါက် ကူချုပ်ခဲ့တဲ့ ကြယ်သီးကတော့ ကားပေါ်ရောက်တာနဲ့ အိပ်ပျော်သွားရှာတယ် တဲ့။

နှုတ်ဆက်ရမှာ ဝန်လေးတဲ့ ကျမ၊ သူတို့မနိုးခင် အိမ်ကထွက်ဖို့ ကြိုးစားပေမယ့် စောစောနိုးနေတဲ့ ချောစုမျိုးနဲ့ တညလုံး မအိပ်ဘဲ အဝတ်ကူချုပ်ခဲ့တဲ့ ကြယ်သီးက ဂိုဒေါင်အဝမှာ ပိတ်ပြီး တခါထပ် ကန်တော့ နှုတ်ဆက်ကြပြန်ပါတယ်။

ဆန်ဖရန်စစ္စကို ကို မလိုက်တော့ဘူး တွေးထားပေမယ့် ဖုန်း တကျီကျီဆက်ပြီး မလာဘူးလား မေးနေကြလို့ နောက်ဆုံး လိုက်ဖြစ်သွားပါတယ်။

ဆန်ဖရန်မှ ပွဲစီစဉ်သူ ကိုကိုလေးက ရှေ့ဆုံးတန်း အလယ်တည်တည့်မှာ နေရာကောင်းကောင်း ပေးခဲ့ပေမယ့် အားရပါးရ ရယ်ချင်၊ လက်ခုပ်လက်ဝါးတီး အားပေးချင်လို့ ကိုတိုး (ကိုတိုးလွင်)ကို အပူကပ်ပြီး နေရာပြောင်းပေးဖို့ တောင်းဆိုမိပါတယ်။ ဒါနဲ့ အပေါ်ထပ်ရှေ့ဆုံးတန်း အလယ်တည့်တည့်ကနေ ကြည့်ခွင့်ရခဲ့ပါတယ်။

အယ်လ်အေပွဲနဲ့ အာရီဇိုးနားပွဲတွေမှာ ကူညီလုပ်ပေးနေရလို့ ပွဲကောင်းကောင်း မကြည့်ခဲ့ရပေမယ့် ဆန်ဖရန်ပွဲကိုတော့ အစအဆုံး အားရပါးရ ကြည့်ခဲ့ရပါတယ်။

ခုနှစ်ပြည်ထောင်မင်းသားတွေ လေးတော်တင်ခန်းဟာ ရင်သပ်ရှုမော အံ့မခန်းစရာပါ။ မြန်မာ့ရိုးရာအနုပညာကို ဂုဏ်ယူကြည်နူးခဲ့ရပါတယ်။ အဝတ်အစား၊ ဇာတ်ခုံအခမ်းအနားတွေ ရှုမခန်းပါပဲ။ တိတ်ခွေ အဖွင့် အပိတ် စည်းဝါး လွဲသွားတာလေးတွေနဲ့၊ မိုက်ကရိုဖုန်း အားကုန်ကုန်သွားလို့ တချက်တချက် အသံမကြားရတာလေးကလွဲရင် ဆန်ဖရန်ပွဲဟာ ခမ်းခမ်းနားနားနဲ့ အောင်မြင်တယ်ခေါ်နိုင်ပါတယ်။ မုန့်စားတန်းမှာလဲ ရောင်းမလောက် အားလုံး ကုန်တယ်ကြားရပါတယ်။ ကြိုတင်စီစဉ်ထားသလို ငါး နာရီမှာ ပွဲမသိမ်းပဲ တနာရီ ပို က ပေးလို့ ပရိသတ်များ အတွက်လည်း အားပါးတရ ပွဲကြည့်လိုက်ရပါတယ်။

ပွဲအပြီးမှာ ဆန်ဖရန်အဖွဲ့သားများက အယ်လ်အေအဖွဲ့သားများကို ထမင်းလိုက်စားဖို့ ဖိတ်ပါတယ်။ မူလအစီအစဉ်က ပွဲပြီးတာနဲ့ နှုတ်ဆက်ပြန်ကြဘို့ပါ။ အယ်လ်အေအဖွဲ့သား တဝက်က နှုတ်ဆက်ပြန်သွားပါပြီ။ ဒါပေမယ့် ဆန်ဖရန်အဖွဲ့သားများ ကလည်း တရရ ခေါ်နေသလို မောင်ဇီးသီးက အယ်လ်အေအဖွဲ့ကားပေါ် တက်ထိုင်ပြီး အပိုင်ချည် ခေါ်ပါတော့တယ်။

ထမင်းမြန်မြန်စားပြီး မြန်မြန်ပြန်ကြဘို့ပါပဲ။

ဒါပေမယ့် …

ထမင်းစားအပြီးမှာ အယ်လ်အေအဖွဲ့၊ဆန်ဖရန်အဖွဲ့နဲ့ သီးလေးသီးအဖွဲ့ စုပြီး ဓါတ်ပုံ ရိုက်တော့ အမှန်တရားက ရင်ထဲ ရိုက်ခတ်လာပါပြီ။

ဒီတခါတော့ တကယ် ခွဲကြရပါပြီ။ နယူးယောက်နဲ့ အမေရိကန်အရှေ့ဖက်ကမ်း ဖျော်ဖြေပွဲကို လိုက်ဖို့မလွယ်တော့ပါဘူး။ အယ်လ်အေနဲ့ အမေရိကန်အနောက်ဖက်ခြမ်းကို သူတို့ပြန်လာဖို့လည်း မရေရာတော့ပါဘူး။

ကလေးတွေနဲ့ လေးနိုင်အိ စ ငိုတော့ ကျွန်မလည်း မနည်း မျက်ရည်ထိန်းရပါတယ်။

ချောစုမျိုးနဲ့ သန္တာမ ငိုတာကို မငိုပါနဲ့ သမီးတို့ရယ် ချော့နိုင်ပေမယ့် မောင်စိန်သီးက ဖက်ငိုတော့ ကျွန်မ မျက်ရည်လည်ချင်ပါပြီ။ ပန်းသီးမျက်နှာ မဲ့မဲ့အိုအိုကလေးကို မြင်တော့ မနည်း မျက်ရည် ထိန်းရပါတယ်။ ကိုဂေါ်ဇီလာကတော့ လူကြီးမို့လို့ ထိန်းနိုင်ပုံ ရပါတယ်။

ခြံဝကို အထွက်မှာ ငိုသံပါကြီးနဲ့ ဇီးသီးက လိုက်ခေါ်တော့ ကျွန်မ မျက်ရည် မထိန်းနိုင်တော့လို့ ထွက်ပြေးရပါတယ်။ အဲဒီမှာ ခြံထိပ်မှာ တည့်တိုးတွေ့တာက မောင်ကြယ်သီး။ ကျွန်မနာမည် အတင်းလိုက်ခေါ်တာ ကြားပေမယ့် သူ့အနားမကပ်တော့ပဲ အဝေးကပဲ သွားတော့မယ် မောင်ကြယ်လေး နှုတ်ဆက်ခဲ့ရပါတယ်။

အစောကြီးကတည်းက ပြောထားတယ်လေ၊ နှုတ်မဆက်နဲ့ ငိုချင်တယ် ဆိုတာ။

လူဆယ်ယောက် တိုးတာ မသိသာပေမယ့် လူတယောက် လျော့ရင် သိသာတယ်၊ ပြောလေ့ရှိကြပါတယ်။

လူ ခုနှစ်ယောက် လျော့သွားတာ တွေးကြည့်ကြပါတော့။

အိပ်ခန်းတွေထဲမှာ သူတို့ မသယ်နိုင်လို့ ချန်သွားရတဲ့ပစ္စည်းတွေ အမြင်မရှုပ်တဲ့အပြင် ကျွန်မစိတ်ထဲ အလွမ်းပြေ ကြည့်နေရသလိုပဲ။

သူတို့ကို ချစ်ကြ၊ ခင်ကြ၊ မေတ္တာထားကြသူတွေကို အဝတ်အစား၊ အသုံးအဆောင် ဝယ်မပေးပါနဲ့တော့ တားယူရပါတယ်။ အရင်ကလဲ ဂျပန်၊ တောင်ကိုးရီးယားမှာ လက်ဆောင်ပစ္စည်းရတာတွေ အများကြီး ချန်ထားခဲ့ရတယ်ကြားလို့။ တားတဲ့ကြားက၊ ပေးလာကြတဲ့ပစ္စည်းတွေ အများကြီး ကျန်ခဲ့ပါတယ်။ လေယာဉ်ပျံကလဲ ပစ္စည်းယူခွင့်တွေ လျော့ချ၊ ကန့်သတ်တော့ နောင်မှပဲ အဆင်ပြေသလို ပို့ပေးပါဆိုပြီး ချန်ထားခဲ့ရကြတာပေါ့။

ဒီစာရေးနေတုန်းပဲ ဖုန်းလာပါတယ်။

နှင်းတွေကျပြီး လေယာဉ်တွေ မဆင်းနိုင်လို့ လမ်းတဝက်လေဆိပ်မှာ သူတို့ ပိတ်မိနေကြတယ်တဲ့။ မီးသီးဖုန်းဆက်လာတာကို ဇီးသီး၊ ကြယ်သီးနဲ့ ပန်းသီးတို့ကလည်း အလုအယက် ဝင်ပြောကြတယ် တဲ့။

ကျွန်မ နားထောင်ရင်း ပြုံးနေမိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts