>Tint Lwin – Using Lable in GMail

>

ဂျီမေးလ် မှာ ဖိုလ်ဒါတွေခွဲရအောင်

တင့်လွင်

ဖေဖော်ဝါရီ ၁၉၊ ၂၀၀၉

နေ့စဉ် မေးလ်စောင်ရေ ဆယ်ဂဏန်းထက်မနည်း ၀င်လာတဲ့ အနေအထားမျိုးမှာ ၀င်လာတဲ့ မေးလ်တွေကို သူ့ဖိုလ်ဒါနဲ့သူ မခွဲထားနိုင်ဘူး ဆိုရင်တပတ်လောက်ကြာတဲ့ အခါ မေးစောင်ရေ အနည်းဆုံး ၅၀ကျော်ရှိနေမှာ ဖြစ်ပြီး အဆိုပါ မေးလ်များအနက်က တစောင်စောင်ကို ရှာဖွေချင်တယ်ဆိုရင် မြန်မြန်ဆန်ဆန် ရှာဖွေဖို့ ခက်ခဲပါလိမ့်မယ်။

အဲဒီအတွက် ဖိုလ်ဒါ (Folder) တွေခွဲထားပြီး တနေ့ချင်းဝင်လာတဲ့ စာတွေကို သက်ဆိုင်ရာ ဖိုလ်ဒါတွေထဲ ပြောင်းပြီး သိမ်းဆည်းထား လိုက်မယ်ဆိုရင် ရှာဖွေချင်တဲ့အခါ သက်ဆိုင်တဲ့ အကြောင်းအရာ ဖိုလ်ဒါကို လွယ်လွယ်ကူကူနဲ့ ရှာဖွေ ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။

ဂျီမေးလ်မှာ ဖိုလ်ဒါကို label လို့ အမည်မှည့် ခေါ်ထား ပါတယ်။ ဂျီမေးလ် ကို Standard View နဲ့ ကြည့်ရှုစဉ်မှာ လက်ဝဲဘက် ထောင်လိုက် ရှိနေတဲ့ ချက်တင် ဘောက်စ်ရဲ့ အောက်မှာ label ဆိုတာကို တွေ့ပါလိမ့်မယ်။ အဆိုပါ label ခေါင်းစဉ်ရဲ့ အောက်မှာ edit label ဆိုတဲ့ ဟိုင်ပါလင့် ပါရှိပါတယ်။ label အသစ်လုပ်ဆောင်ချင်တယ် ဆိုရင် အဆိုပါ edit label ကိုကလစ်လုပ်ပြီး edit label မီနူး ပေါ်ထွက်လာပါလိမ့်မယ်။

Edit label မီနူး ပေါ်လာပြီဆိုရင် မိမိတည်ဆောက်လိုတဲ့ label အမည်သစ်ကို အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာ ဖြင့်အမည်ပေးနိုင်ပါတယ်။ မြန်မာဘာသာ လို့ဆိုရာမှာ ဇော်ဂျီဖောင့် ဖြင့်ရိုက်သွင်း နိုင်ပါတယ်။

ဥပမာအားဖြင့် `နေ့စဉ် သတင်းများ´၊ `မိုးမခ နေ့စဉ် သတင်းစာများ´ `မိသားစုထံမှစာများ´ စသဖြင့် နှစ်သက်ရာ label အမည်ကို ပေးပြီး create ဆိုတဲ့ စာလုံးကို နှိပ်လိုက်ရင် label (ဖိုလ်ဒါ ) တည်ဆောက်ပြီးသားဖြစ်သွားပါပြီ။ အဲဒီနောက် ၀င်ပြီးသား သက်ဆိုင်ရာ မေးလ်များကို ရွေး (select check) လုပ်ပြီး စာများရဲ့ အပေါ်ဆုံး မှာတန်စီနေတဲ့ မီနူး ဘား (menu bar)ထဲမှ move to ကို မောက်စ်ဖြင့် ထောက်ပြီး မိမိပို့လိုတဲ့ label အမည်ကို ရွေးပေးလိုက်တာနဲ့ အဆိုပါမေးလ် အားလုံး ညွှန်းတဲ့ label ထဲရောက် ရှိသွားမှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ မေးလ်တွေကို အုပ်စုခွဲပြီးသား၊ ဖိုလ်ဒါခွဲပြီးသား ဖြစ်သွားပါပြီ။ နောက်တခု အားသာချက်လည်း ရှိပါသေးတယ်။ POP Post Office Protocol လို့ခေါ်ဆိုတဲ့ အော့ဖ်လိုင်း မေးစနစ်သုံးစွဲသူများ ဆိုရင် အဆိုပါ POP ဆော့ဖ်ဝဲများထဲမှ တခုဖြစ်တဲ့ ယူဒိုရာ Eudora သုံးစွဲသူများ အတွက် ဆိုရင် ဂျီမေးလ် မှာတည်ဆောက်လိုက်တဲ့ label အတိုင်း ယူဒိုရာ မှာပြန်ပေါ်လာတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မိုက်ကရိုဆော့ဖ် အောက်လွတ်ခ် (Microsoft Outlook) မှာ အဲဒီလို မပေါ်ပဲ ယူဒိုရာမှာသာ ပေါ်တဲ့အချက်ကိုလည်း သတိပြုမိပါတယ်။

ဂျီမေးလ် အွန်လိုင်း ၀က်ဘ်မေးလ် ထဲမှာ တည်ဆောက်တဲ့ Label အတိုင်း အစီအစဉ်တကျ မြန်မာဘာသာနဲ့ ယူဒိုရာမှာ ပြန်ပေါ်ထွက်လာတာဟာလည်း အလွန်အဆင်ပြေတဲ့ အချက်တခု ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts