>Aung Din – Unspoken Words – Poem

>

မပြောဖြစ်ခဲ့တဲ့ စကားများ

အောင်ဒင်
ဇန်နဝါရီ ၉၊ ၂၀၁၀
မိန်းကလေး ရဲ့
အဲဒီ… ကောင်းကင်ကြီးထဲမှာလေ
မကျဖြစ်ခဲ့တဲ့ နှင်းတွေရှိတယ်
သိမ်ငယ်နက်ရှိုင်း၊ အလွမ်းရိုင်းတို့
ပိတ်ဆို့ကာဆီး၊ ဒီခရီးမှာ
နှင်းမှန်ပါ လျက်၊ အကြွေခက်ခဲ့။ 
မိန်းကလေး ရဲ့
အဲဒီ… တိမ်တိုက်တွေ ထဲမှာလေ
မရွာဖြစ်ခဲ့တဲ့ မိုးတွေရှိတယ်
တိုးဝင်နှောင်ဖွဲ့၊ လွမ်းခဲ့သမျှ
အိပ်ပျက်ညတွေ
ကြေမွ မျှော်ကိုး၊ တိတ်တခိုးမို့
မိုး မှန်သော်လည်း၊ မရွာရဲခဲ့။ 
မိန်းကလေး ရဲ့
အဲဒီ… ဥယျဉ်ကြီးထဲမှာလေ
မပွင့်ဖြစ်ခဲ့တဲ့ ပန်းတွေရှိတယ်
အဆင်းမဲ့၊ အလှမဲ့၊ အနံ့မဲ၊ အရောင်မဲ့
သခင့် ရဲ့ဆံဖျား၊ ခစားပိုင်ခွင့်မရှိ
ပန်း အသိနဲ့
ပန်းမှန်သော်လည်း၊ မပွင့်ရဲ့ခဲ့။ 
မိန်းကလေး ရဲ့
ဒီလူ့ရဲ့ ရင်ထဲမှာလည်းလေ
မကျဖြစ်ခဲ့တဲ့ နှင်းတွေရှိတယ်
မရွာဖြစ်ခဲ့တဲ့ မိုးတွေရှိတယ်
မပွင့်ဖြစ်ခဲ့တဲ့ ပန်းတွေရှိတယ်
ပြီးတော့…
မပြောဖြစ်ခဲ့တဲ့ စကားတွေရှိတယ်
မင်း သိစေချင်စမ်းပါရဲ့ ကွယ် …   ။         ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts