>May Nyane – Thee Lay Thee in Mary Land

>

သီးလေးသီးနဲ့ မေရီလင်းပြည်

မေငြိမ်း

ဖေဖော်ဝါရီ ၁၆၊ ၂၀၀၉

သီးလေးသီးအဖွဲ့ အမေရိကန်ပြည်ထောင်စုတခွင် လှည့်ပြီးဖျော်ဖြေဖို့ ထိုင်းနိုင်ငံကနေ ထွက်သွားပြီလို့ သတင်းကြားချိန်မှာ ကျမကလည်း ထိုင်းနိုင်ငံဇင်းမယ်မြို့မှာပဲ ရှိနေတာပါ။ သီးလေးသီးနဲ့ ကျမ ၂၀၀၇ခုနှစ် ဇန်န၀ါရီလမှာ စတွေ့ခဲ့ကြတာ ဇင်းမယ်မှာပဲပေါ့။


သူတို့တွေ စက်တင်ဘာတော်လှန်ရေးအပြီး ပြည်ပနိုင်ငံတွေမှာ သူတို့အနုပညာကို ဖြန့်ဝေမယ်ရယ်လို့ ထွက်လာတာ။ ပထမဆုံးပွဲက စင်္ကာပူ။ ပြီးတော့ မလေးရှား။ ပြီးတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့။ ကျမတို့ရဲ့ ဇင်းမယ်မှာက စတုတ္ထပွဲ ပေါ့။


အဲဒီတုန်းကလည်း ကျမမှာ ပြေးပြေးလွှားလွှားနဲ့ ပွဲစီစဉ်ရတာ။ သီးလေးသီးပွဲကို ဇင်းမယ်ရောက် မြန်မာတွေ ကြည့်ရစေချင်ဇောနဲ့။ အဲဒီတုန်းက ဇင်းမယ်မှာ ဇန်န၀ါရီလ ၂၆ ရက် ညနေ ၅ နာရီကနေ ၈ နာရီအထိ။ ဇင်းမယ်တက္ကသိုလ်ထဲက ဗိသုကာခန်းမမှာ။ ကိုယ့်တိုင်းပြည်ကနေ ခွဲခွာပြီး တပါးတိုင်းပြည်မှာ ရပ်တည်နေကြရတဲ့ မြန်မာတွေ သီးလေးသီးရဲ့ ဖျော်ဖြေမှုနဲ့ တ၀ါးဝါး ရယ်ခဲ့ကြ ပျော်ခဲ့ကြရပါတယ်။


အခု ကျမ Maryland ရောက်နေတဲ့အချိန်။ သူတို့ အမေရိကန်ပြည် အနောက်ခြမ်းတခွင် အယ်လ်အေ မှာ က တာ။ ဆန်ဖရန်စစ္စကို မှာ က တာ။ အာရီဇိုးနား မှာ က တာ။ Texas မှာ က တာတွေ သတင်းကြားနေရ။ သူတို့ရဲ့ ပြက်လုံးတွေထဲ လူတွေ ပျော်ရွှင်၊ အားရှိ၊ ထွက်ပေါက်တွေ ရကြ။ နောက်တော့ နယူးယောက်မှာ ကမယ်တဲ့။ ဆိုတော့ အရှေ့ဘက်ခြမ်းဆီ ရောက်လာပြီပေါ့။ နယူးယောက်ပြီးရင် မေရီလန်း တဲ့။

ကျမကလည်း ခုတော့ မေရီလန်းသူ ဖြစ်နေပြီဆိုတော့ သီးလေးသီး အငြိမ့်ပွဲခင်းဖို့ ကိစ္စလည်း ၀ိုင်းရ ၀န်းရ တော့တာပေါ့။ လက်မှတ်ကလေး ကိုယ်နိုင်သလောက် ကူရောင်း။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပွဲ က ဖို့ သူတို့က မေရီလန်းကို ၁၀ ရက်နေ့ ကတည်းက ရောက်လာပြီ။ မေရီလန်း ရပ်ကွက်သူ ရပ်ကွက်သား မြန်မာတွေက ၀ိုင်းကြိုကြ။ သူတို့ကလည်း ပျော်လို့ ရွှင်လို့ တက်ကြွလို့။ အမေရိကန်ပြည်ထောင်စုမှာ သူတို့ရောက်ခဲ့သမျှ.. က ခဲ့သမျှ မြို့တွေက မြန်မာမိသားစုတွေက ကြိုဆို အားပေးကြလို့ စိတ်ချမ်းသာ ကျေနပ်တယ်လို့လည်း ပြန်ပြောပြကြပါတယ်။


တိုက်တိုက်ဆိုင်ဆိုင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာကလည်း ၀ါရှင်တန်ဒီစီ က ကနေဒီစင်တာရဲ့ ထိပ်တန်းကဇာတ်ရုံ တခု ဖြစ်တဲ့ ကြီးကျယ်ခန်းနားလှတဲ့ အော်ပရာဟောက်စ် မှာ “Falun Dafa” ဗုဒ္ဒဘာသာ ယဉ်ကျေးမှု ကဇာတ်အဖွဲ့ကြီးရဲ့ “Divine” အနုပညာဖျော်ဖြေပွဲ ရှိနေတာ။ မေရီလန်းက သီးလေးသီးပွဲ စီစဉ်သူတွေက အဲဒီ ကြုံတောင့်ကြုံခဲကပွဲကြီးကို ကိုယ့်မြန်မာရဲ့ ယဉ်ကျေးမှု ကဇာတ်အဖွဲ့လို့ ဆိုနိုင်တဲ့ သီးလေးသီးအဖွဲ့ကို ကြည့်ရစေချင်တယ်။


ဒါနဲ့ ကြည့်ဖြစ်အောင် စီစဉ်ပေးကြတာမို့ အဲဒီ ကဇာတ်ရုံမှာကြည့်ရင် အနောက်တိုင်းဝတ်စုံအပြည့်နဲ့ သပ်သပ်ရပ်ရပ် ၀တ်စားခဲ့မှ ရုံထဲပေးဝင်တဲ့ “Opera House” လို နေရာမျိုးမှာ ဖျော်ဖြေတဲ့ ကပွဲကြီုးကို သူတို့ ကြည့်ခွင့်ရခဲ့ပါတယ်။ ကပွဲအပြီးမှာလည်း အဲဒီကပွဲဖျော်ဖြေသူ အနုပညာရှင်တွေ၊ စီစဉ်သူတွေနဲ့ သီးလေးသီးတို့ သဘင် အနုပညာရှင် အချင်းချင်းအနေနဲ့ တွေ့ဆုံ နှုတ်ဆက်ခွင့် ရခဲ့ကြပါတယ်။


အဲဒီ ကပွဲကြည့်ပြီး ပြန်လာတဲ့ သီးလေးသီးအဖွဲ့သားတွေကို ဘယ်လို ခံစားရလဲ လို့ ကျမမေးကြည့်တော့ …


သူတို့က အားကျတယ်၊ အဲဒီအဖွဲ့ကြီးမှာ ပါဝင်တဲ့ အဖွဲ့သား ၁၀၀ ကျော်ရှိပြီး ဆက်တင်တွေ ဖျော်ဖြေရေးပစ္စည်းတွေ ဖျော်ဖြေတဲ့စနစ်တွေက ခေတ်မီတာ၊ ကြီးကျယ်ခမ်းနားတာတွေကို သဘောကျတယ်။ သူတို့လည်း အဲလို အခမ်းအနား အပြင်အဆင်မျိုးတွေနဲ့ တင်ဆက်ချင်တယ်လို့ … တညီတညွတ်တည်း ပြောပြကြပါတယ်။


နောက် အဲဒီ “Divine” ဖျော်ဖြေမှုမှာ မြန်မာနိုင်ငံနဲ့ ဆင်တူတာက နိုင်ငံရေးဆန်ဆန် ခံစားချက် ပြကွက်တွေပဲလို့လည်း ပြောကြပါတယ်။ ပြီးတော့ လူအများကြီး ပါဝင်ပြီး ပစ္စည်းကောင်းတွေ သုံးထားသလောက် ကပွဲအတွက် အနုပညာကြေးလည်း အများကြီး ရ ကြလေတော့ အဲဒီ အဖွဲ့ကြီးအနေနဲ့ သူတို့ရဲ့ အနုပညာကိုလည်း ပိုပြီး တန်ဖိုးရှိအောင် ဂုဏ်တက်အောင် လုပ်နိုင်ကြတယ် … လို့လည်း သီးလေးသီးက မှတ်ချက်ချကြပါတယ်။


နောက်တခု သီးလေးသီး အဖွဲ့ရဲ့ နိုင်ငံတကာဖျော်ဖြေမှုနဲ့ Divine ဖျော်ဖြေမှုမှာ ဆင်တူတာ တခုက ဖျော်ဖြေပွဲတွေက ရတဲ့ ၀င်ငွေထဲကနေ ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက် လိုအပ်တဲ့နေရာတွေမှာ အချိုးကျ ပြန်လှူကြတာပါပဲ။

သီးလေးသီးကတော့ ပြက်လုံးတွေ စဉ်းစားရင်း.. အသစ် ပြကွက်တွေ ကြံစည်ရင်းနဲ့ပဲ မေရီလန်း မင်္ဂလာရာမ၀ိဟာရ ဘုန်းကြီးကျောင်းမှာလုပ်တဲ့ မေရီလန်းမိသားစုရဲ့ ထမနဲအလှူမှာတောင် ထမနဲ ၀င်ထိုးကြသေးတာ။ သူတို့လေးတွေ ရောက်တဲ့အရပ်မှာ ပျော်ပျော်ပါးပါးနဲ့။ ဘယ်လို ကမယ်၊ ဘယ်လို ပြက်မယ်၊ ပရိသတ် ကျေနပ်အောင် ဘယ်လို ဖျော်ဖြေမယ် ဆိုတာတွေ စီစဉ်ကြ၊ စဉ်းစားကြ။ မတတ်သာလို့ ခွဲချန်ထားခဲ့ရတဲ့ မိသားစုအသီးသီးကို လွမ်းတဲ့ အလွမ်းတွေကို စိတ်နှလုံးထဲမှာပဲ ထုပ်ပိုးလို့။ သူတို့ကိုယ် သူတို့ တာဝန်ပေးထားတဲ့ သဘင်အနုပညာအပေါ် တာဝန်ကျေဖို့။ သူတို့ ရှေ့ဆက် ပွဲတွေ အများကြီး က ဦးမှာတဲ့။ ဥရောပတခွင်လည်း သွား ဖျော်ဖြေကြဖို့ စိတ်ကူးတွေ ရှိပါတယ်တဲ့။ မြန်မာပြည်က သူတို့ထပ်တူ ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်တွေကို ကမ္ဘာအနှံ့က ထင်ထင်ရှားရှားသိစေဖို့ သူတို့မှာ တင်ပြ ပြောပြ ပေးရမယ့်တာဝန် ရှိတယ်တဲ့။


သူတို့ရဲ့ နောက်ထပ် တာဝန်တခုက သူတို့ အင်မတန် ချစ်ခင်လေးစားတဲ့ သူတို့ကို မြေတောင် မြှောက်ပေးခဲ့တဲ့ ဆရာကိုဇာဂနာကို ကျေးဇူးဆပ်ဖို့ လောလောဆယ်မှာ ကိုဇာဂနာ မလုပ်နိုင်သေးတဲ့ အလုပ်ကို ကူလုပ်တဲ့အနေနဲ့ သူတို့ အငြိမ့် ဆက်ကနေမှာပါတဲ့။ ဒါဟာ ကိုဇာဂနာ မျှော်လင့်တဲ့အတိုင်း ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်နေတာလည်း ဖြစ်ပါတယ်လို့လည်းပဲ သူတို့က တညီတညွတ်တည်း ပြောကြပါတယ်။


လာမယ့် ဖေဖော်ဝါရီ ၂၁ ရက် (စနေနေ့) မှာဆိုရင် အလှစုံစွာ မြပုဏ္ဏမာ ဇာဂနာရဲ့ ရင်သွေး ဆေးရောင်စုံ သီးလေးသီး အငြိမ့်သဘင်ကြီးဟာ “Maryland” ပြည်နယ်မှာရှိတဲ့ “Rockville Civic Center Park” ထဲက “F.Scott Fitzgerald Theatre” မှာ ကိုယ့်နိုင်ငံရဲ့ အဝေးကြီးမှာ ရောက်နေကြရတဲ့ မြန်မာပြည်သားပရိသတ်များကို နေ့လယ် ၁ နာရီ ကနေ ညနေ ၅ နာရီ အထိ တိုင်အောင် အားပါးတရ ဖျော်ဖြေဖို့အတွက် အားထုတ် ပြင်ဆင်နေကြပါပြီ။ သီးလေးသီးအငြိမ့်ကို လာရောက်အားပေးမယ့် ပရိသတ်တွေအနေနဲ့လည်း အငြိမ့်လည်းကြည့်ရ.. ကိုယ့်တိုင်းပြည်အတွက် တနိုင်တပိုင် လှူကြမယ့် အလှူထဲလည်း ထည့်ဝင်ပြီးသား ဖြစ်ရတာမို့ ကျေနပ်ပီတိဖြစ်စရာပဲ မဟုတ်ပါလားနော်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts