>Mar Mar Aye 263

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် အမှတ် (၂၆၃)

ပတ်ပျိုး၊ စောင်းကြိုး
မာမာအေး
ဖေဖော်ဝါရီ ၁၀၊ ၂၀၀၉
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ၊ ရှေ့နှစ်ပတ် ကတည်းက ဂီတဝါသနာရှင် လေ့လာသူ ကိုရီးယားရောက် တဦးက မေးထားတဲ့ ဂီတကိစ္စတွေ ပြောပေးနေခဲ့ပါတယ်ရှင်၊ သူ့ကို ပြန်ပြောခဲ့ရင် အားလုံးအဖို့ ဂီတဗဟုသုတ ရနိုင်တာမို့လည်း ဆက်ပြီးတော့ ပြောပါရစေနော်။
မြဝတီမင်းကြီး ဦးစဟာ သီချင်းကြီးတွေ အများကြီး ရေးသွားပေမယ့် ပတ်ပျိုးတွေကိုတော့ သူ့လက်ထက်မှာ မတီးခဲ့နိုင်ဘူး။ ရှေ့တော်ပြေး မောင်မောင်သိုက်တို့အထိလည်း စောင်းကြိုးက (၇)ကြိုးပဲ တပ်သေးတာကြောင့် မတီးနိုင်သေးဘူး၊ သူ့ယောက်ဖ တော်တဲ့ ဒေဝဣန္ဒာ မောင်မောင်ကြီးက စောင်းကြိုး (၁၃)ကြိုး အထိ တိုးတပ်ပြီး အကွက်ဖော်တော့မှ တီးနိုင်တာလို့ ဦးကြီး ခင်မောင်ဒွေးက ပြောသွားပါတယ်။ မြဝတီဦးစတို့ ပြင်စည်မင်းသားတို့ဟာ မတီးနိုင်ဘဲနဲ့ ဒါလောက်ကြီးကျယ်တဲ့ သီချင်းတွေကို ရေးခဲ့ပါ့မလား လို့ သူသိချင်နေလို့ပါ။
ကိုဝင်းပေါ်မောင်ရေ၊ မာအေးတို့ ဘီဘီစီ ပရိသတ်တွေ အားလုံး ဒေါ်ဒေါ်မာ့ စာအုပ်ကို ဖတ်ချင်မှ ဖတ်မိမှာ ဆိုတော့၊ မင်း ဘာကြောင့် မေးတာလဲလို့ ဖြတ်ပြီးမသိနိုင်ဘူးထင်ပါတယ်၊ ဒီတော့ ပတ်ပျိုး ကိစ္စ၊ စောင်းကြိုးကိစ္စ ခြုံငုံ ရှင်းပြရင် ဘာဆိုလိုတာလဲ သိသွားမှာပေါ့နော်။
‘စောင်း’ ဆိုတဲ့ မြန်မာ့ ကိုယ်ပိုင် တူရိယာ ပစ္စည်း အကြောင်းကို ပြောကြစို့ဆိုရင် ‘ဟယ် – အဲဒီလို၊ ဟုတ်လား’ လို့ အံ့သြသွားလိမ့်မယ် ရှင်တို့ရဲ့။ မာအေးတို့ စောင်းနဲ့ ပတ်သက်သူတွေကို စပြီး အခြေခံလေ့လာရင်၊ ဘုရားအလောင်းတော်ကြီး မင်းကုသ၊ စောင်းဆရာကြီး ဂုတ္တီလ၊ ဂန္ဓမ္မနတ်မျိုး ပဉ္စသီခ တို့ကို အရင် တွေ့ရပါလိမ့်မယ်။
xxx နိပါတ်တော်ထုတ်မီပြ၊ ဂုတ္တီလ ဆရာ၊ မြတ်ကုသလောင်း မဟာငယ်၊ ပေါင်းနှစ်ဖြာလူသား၊ ဗေလုဝ သခင် မတိမ်သည်၊ ပဉ္စသိန် မိုးနတ်တပါး xxx စာထွက်နဲ့ ထောပနာတယ်၊ တသြဘာစကား၊ မှန်မမှန် ဥာဏ်ရှေ့သွားရယ်နဲ့ နားရှိသူ့ ချဥ့်ပါ၊ ဗျာဒိတ်တော် ချွေမမြွက်သော်လည်း၊ ဧတဒက် ထားလောက်သင့်တာ မင်းဒေဝဣန္ဒာငယ်၊ ရှိန်သမ္ဘာဂုဏ်ထူးနှင့်၊ လူမှူးလုံး ဧကရိန်မှန်၊ နှင်းဘွဲ့တော်ခံ ဘဝင်္ဂတိုင် အထက်ကို ဆန်တယ်၊ ရွှေလက်သံ ကျော်လွန်းလှလေး xxxx (ဒေဝဣန္ဒာဘွဲ့တေးထပ်)
ရတနာပုံခေတ်က စောင်းဒေဝဣန္ဒာမောင်မောင်ကြီးရဲ့ လက်သံကို ချီးကျူး ရေးဖွဲ့ခဲ့တဲ့ တေးတပုဒ်ပါရှင်။ စောင်းကို နာမည်ပေးကြတာမျိုး ဒီဘက်ခေတ်ထဲမှာတော့ မကြုံသေးပါဘူး၊ မြတ်စွာဘုရား လက်ထက်တော်မှာတုန်းကတော့ ရှိခဲ့ပါတယ်၊ ‘ဗေလုဝ’ စောင်းလို့ ကြားတာနဲ့ ပဉ္စသီခ နတ်သားရဲ့ စောင်းကြီးလို့ တန်းသိကြတာဘဲ၊ ‘မဃဒေဝလင်္ကာသစ်’ ကျမ်းကို ပြုစုခဲ့တဲ့ မန်လည်ဆရာတော်ဘုရားကြီးနဲ့ အဖွင့်ကျမ်းပြုဆရာတော် အရှင်မဟောသဓ ပဏ္ဍိတတို့ ကျေးဇူးကြောင့် လေ့လာ ဖတ်မှတ်မိတာလေးတွေ ပြောကြသေးတာပေါ့။
“ဗေလုဝဟု နာမယှဉ်မှီ၊ ခေါ်သညီနှင့်၊ သုံးလီဂါဝုတ် မယုတ်၎င်း၊ ထိုနတ်စောင်း၏၊ ရှည်လျောင်းစ ဆုံး၊ စောင်းလက်ရုံးကို” အဲဒီလို စပ်ဆိုခဲ့တော့ ဗေလုဝ လို့ ခေါ်တဲ့ စောင်းရဲ့ လက်ရုံးဟာ သုံးဂါဝုတ် ရှည်တဲ့ အဓိပ္ပာယ်ပါပဲ။ စောင်းရဲ့ နာမည်အပြည့်အစုံက ‘ဗေလုဝပဏ္ဍု’ တဲ့၊ ပါဠိတော်များမှာတော့ ‘ဗေလုဝ ပဏ္ဍု ၀ီဏ’ လို့ ဖေါ်ပြသတဲ့၊ ဥသျှစ်သီးမှည့် အရောင်လို အဝါဖျော့ရောင် ဖြစ်တယ်။ စောင်းအိုးကရွှေ၊ စောင်းရဲ့လက်ရုံးက ဣန္ဒနီလာကျောက်၊ စောင်းကြိုးတွေက ငွေကြိုး၊ စောင်းကြိုးရစ်တဲ့ ခင်တံ လို့ ခေါ်တဲ့ မှင်ရိုးက သန္တာတဲ့ရှင်၊ ရွှေခေါင်းအိုးမှာ ငွေကြိုးတပ်ပြီး ဣန္ဒနီလာ၊ သန္တာကျောက်တွေနဲ့ ဆင်ယဉ်ထားတဲ့ စောင်းကြီး ဘယ်လောက် ကျက်သရေရှိပြီး လှလိုက်မလဲ၊ အိမ်မက်ထဲ တောင်းကြည့်ရဦးမယ်။
“ချီးကျူးမငြီး တကြိမ်တီးက၊ အံ့ချီးလူ့ဘော်၊ လေးလကျော်မှ၊ နာပျော်မရဲ၊ အသံစဲသား” စောင်းသံက တကြိမ်တည်း တီးတာကို လေးလကျော်မှ အသံစဲတာ တဲ့။
“နတ်ပွဲလွန်စည်၊ ထက်ဘုံတည်သည့်၊ နတ်ပြည်မိုးမြင့်၊ ဘုံခြောက်ဆင့်က၊ မာရ်မင်းစောင်းရင်း၊ ဥသျှစ်ဆင်းကို” အဲဒီလို ဆိုပြန်တော့၊ ဝသဝတ္တီနတ်ပြည်က မာရ်နတ်မင်းကြီးရဲ့ စောင်းဖြစ်တယ်ပေါ့နော်၊ ဒီမာရ်နတ်ကြီးဟာ ဗုဒ္ဓွမြတ်ရှင်ကို အလောင်းတော်ဘဝမှာ (၆)နှစ်၊ ဘုရားဖြစ်တော်မူပြီးတော့ (၁)နှစ်၊ ခုနစ်နှစ်တိုင်တိုင် နှောင့်ယှက် ချေဖျက်လို့ မရနိုင်တဲ့အတွက်၊ သူ့ ချိုင်းကြားမှာ လွယ်ထားတဲ့ ဗေလုဝ စောင်းကြီး လျှောကျ ကျန်ရစ်တာကိုတောင်မှ သတိမထားနိုင်ဘဲနဲ့ စိတ်ပျက်လက်လျှော့ ကွယ်ပသွားတယ်လို့၊ သုတ္တနိပါတ်ပါဠိတော်၊ မဟာဝင်္ဂ၊ ပဓာနသုတ်(၄၅၁) ဂါထာမှာ လာရှိပါတယ်။ ဒါနဲ့ သိကြားမင်းကြီးက ကောက်ယူပြီး၊ ပဉ္စသီခကို ပေးခဲ့ပါသတဲ့။
“ဂန္ဓွဗ်သနင်း၊ သျှောင်ငါးကွင်းနှင့်၊ နတ်မင်း ပဉ္စသီ၊ ဒေဝီရောင်ပ သူရိယ ဝစ်၊ မ မာန် ယဇ်လျက်၊ လက်ရစ်သံစုံ၊ ဥဿုံမချို့၊ ငွေညှို့ ခုနစ်ချောင်း သံစုံ ညောင်းလျက်၊ သံမောင်း သံညင်း၊ မတင်း မလျော့၊ လက်ကုန်ဆော့၍၊ ရှင်တော့်ထံမှောက်၊ ကျူးသီလျှောက်သို့” တဲ့။
ကဲ – သောတရှင်တို့ရေ။ စောင်းကြိုး ‘ခုနစ်ချောင်းနဲ့တီးခဲ့တာ ပဉ္စသီခ နတ်သားကနေ ရှေ့တော်ပြေးမောင်မောင်သိုက်အထိ’ လို့ မှတ်ထားလိုက်ကြရအောင်နော်။ ။
[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်းအစီအစဉ် ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts