>Mar Mar Aye – 262

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၆၂)
ရွှေပြည်စိုး၊ ဟေ၀န်နန်း နောက်ဆက်တွဲ
မာမာအေး
ဖေဖော်ဝါရီ ၂၊ ၂၀၀၉
[ photo: Wasaga Dave ]

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ရှေ့တပတ်မှာတုန်းက ‘ရွှေပြည်စိုး’ နဲ့ ‘ဟေ၀န်နန်း’ အသံတူတာ ရှေ့ဆုံး စည်းဝါးဝင်တဲ့ တပိုဒ်ထဲပါလို့ ပြောနေတုန်းပါနော်၊ အဲဒီလို အသံတူနေတာဟာ အချင်းချင်း ပွားယူကြတာလား၊ တိုက်ဆိုင်တာလား၊ ဘယ်သူအရင် ရေးတာလဲတဲ့ ကိုဝင်းပေါ်မောင် မေးထားတာ ကျန်သေးလို့ ပြောရဦးမယ်။

တကယ်တော့ ဆရာကြီး နန်းတော်ရှေ့တို့ ဆရာရွှေတိုင်ညွန့်တို့ကို မတွေ့လိုက်ရပါဘူး၊ ဒီဆရာကြီးတွေနဲ့ တအိမ်ထဲ တစည်းတလုံး နေလာခဲ့တဲ့ ရောင်းရင်း ဘဝတူများ ဖြစ်တဲ့ ဆရာရွှေပြည်အေးနဲ့ ဆရာစောင်းဦးဘသန်းတို့ ပြောပြတဲ့ ရှေးဟောင်း နှောင်းဖြစ်တွေအရ ချိန်ဆ ပြောပြတာလို့ပဲ နားလည်ပေးကြပါရှင်။

အဲဒီသီချင်းတွေ အလိုက်တူကြတာဟာ တိုက်ဆိုင်တာ မဟုတ်ပါဘူး၊ သီချင်းရေး ဆရာတွေနဲ့ ဂီတသမားတွေ အတူနေ အတူစား တအိမ်တည်းသားတွေပါ ဆိုမှတော့ တဦးသီချင်း တဦးသိ၊ အသံရှာလည်း အတူရှာ၊ မကြားလို့မှ မရတာလေ။ တခါတလေကျတော့လည်း ဓာတ်ပြား သွင်းယူရမယ့် နိုင်ငံခြားသား အင်ဂျင်နီယာက ရောက်နေပြီ၊ သီချင်းသွင်းရမယ့် ဓာတ်ပြား ချပ်ရေပြည့်အောင် သီချင်းက မပြီးသေးဘူး ဆိုပါတော့၊ တယောက်နဲ့ တယောက် စာချုပ် အလုပ်လုပ်တဲ့ ကုမ္မဏီ မတူရင် ပြီးတာပဲ ဆိုတဲ့ သဘောနဲ့ တယောက်ရှာပြီးသား အလိုက်ကိုပဲ နောက်တယောက်က စာမတူအောင် ပြန်ရေးပြီး အသံသွင်းတတ်ကြတယ် တဲ့။ သူငယ်ချင်း ရင်းရင်းခြာခြာတွေ ချစ်ခင်ကြတော့ သူ့ဟာ ငါ့ဟာ ခိုးချတာ ဘာညာတွေလည်း တွက်ကပ် ပြောမနေကြတဲ့ သဘောပေါ့ရှင်၊ မရှိအတူ ရှိအတူ မနောဖြူတဲ့ ဂီတသမားတွေပါ၊ ခုမှသာ အမွေဆက်တွေက ငြင်းကြ ခုန်ကြ ဖြစ်လာတာပါရှင်။

ဒီကနေ့မှာတော့ မူပိုင်ဆိုတဲ့ ကိစ္စတွေက ဥပဒေနဲ့ ဘာနဲ့ ဖြစ်ဖို့ သင့်နေပြီမို့ တိကျဖို့တော့ အမှန်တကယ် လိုအပ်နေပါတယ်ရှင်၊ ခေတ်ဟောင်းက ခုလို တိုက်တိုက်ဆိုင်ဆိုင် အသံ တူသွားတာက ရင်းနှီးသူ ဂီတသမားချင်း ပြောစရာ မလိုလို့ ယူသုံးရတာပါ လို့ ပြောရမှာပါ။ အချင်းချင်း ပွားယူတာလို့ ပြောရင်လည်း ဖြစ်ပါတယ်။

‘ဘယ်သူက အရင်ရေးတာလဲ’ ဆိုရင်တော့ ‘နန်းတော်ရှေ့ဆရာတင်’ က အရင်ဖြစ်နိုင်တယ်လို့ ဖြေချင်ပါတယ်ရှင်။ ဆရာတင်ရဲ့ ‘ရွှေပြည်စိုး’ သီချင်းဟာ လေဘာတီမမြရင်က သူ့ရဲ့ ဇာတိရွာကလေးကို အောင်းမေ့တာမျိုး ရေးတာမဟုတ်လား။ သီချင်းထုတ်တဲ့နှစ်ကို အတိအကျမသိရတော့ အစ်မကြီး နာမည်ကျော်ခါစ ဖြစ်မှာပဲလို့ တွက်ကြည့်တာလေ၊ လေဘာတီမမြရင်ဟာ ‘၁၉၄၅’ ခုနှစ် ဧပြီလ အထိသာ နေသွားရရှာတဲ့သူပါ။ ဆရာရွှေတိုင်ညွန့် ရေးသားပြီး ခေတ်ဟောင်း အဆိုတော်ကြီး ဘိလပ်ပြန်သန်း ဆိုသွားခဲ့တဲ့ ‘ဟေဝန်နန်း’ သီချင်းကတော့ ‘၁၉၃၉’ခုနှစ် သြဂုတ်လထဲမှာ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ဓာတ်ပြားသီချင်း ဖြစ်ပါတယ်၊ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်လေးလို့ ပြောရမယ် ထင်ပါရဲ့၊ စစ်အတွင်းမှာ ‘ရွှေပြည်စိုး’ ကို အသံသွင်းဖို့ ထုတ်လုပ်ဖို့ မဖြစ်နိုင်လောက်ပါဘူး၊ စစ်ပြီးတော့လည်း အစ်မကြီး မမြရင်က မရှိတော့ဘူးရှင့်၊ ဒါကြောင့်မို့ နန်းတော်ရှေ့ကြီးက အရင် ရေးတာလို့ ဖြေချင်ခဲ့တာပါရှင်။

ပြီးတော့ မာအေးတို့တွေ လေးစားရတဲ့ ဒေါ်ဒေါ်၊ လူထုဒေါ်အမာ ရေးခဲ့တဲ့ ‘မြန်မာ့ မဟာဂီတ’ ဆိုတဲ့ စာအုပ်မှာ ဦးတည်ရေးသွားတဲ့ မန္တလေးမြို့က မဟာဂီတအဖွဲ့ဝင် ဝတ်လုံတော်ရမင်း ဦးခင်မောင်ဒွေး ပြောပြထားရစ်တဲ့ မဟာဂီတ လောကရဲ့ ဖြစ်ပျက်ခဲ့ပုံတွေထဲမှာ၊ တချို့ဟာ ကနေ့ခေတ် ဌာနဆိုင်ရာ အတည်ပြုထားချက်တွေနဲ့ ကွာဟနေကြောင်း တွေ့ရလို့ ကွဲပြားအောင် ရှင်းပေးထားစေချင်ပါတယ်တဲ့၊ အင်း – ကိုယ့်လူက တရားခံ ရှာပြန်ပြီနဲ့တူတယ်။

ဒေါ်ဒေါ်မာ့ စာအုပ်ထဲက ဦးခင်မောင်ဒွေး ဆိုတာ ရတနာပုံခေတ်ရဲ့ ကဝိတဆူ ဖြစ်တော်မူတဲ့ ယောမင်းကြီးရဲ့ သမီးက ရတဲ့ မြေးပါတဲ့ရှင်။ အရှင်နှစ်ပါး ပါတော်မူသွားတဲ့ အချိန်မှာ၊ ရင်းနှီးရာ လူကြီးသူမ နန်းတော်ထဲ နေရာရဖူးကြတဲ့သူတွေ စုဝေး ကြွရောက် နှီးနှော ပြောဆို ဝင်ထွက်လေ့ရှိတဲ့ အိမ်တော်မင်္ဂလာ၊ သဘင်ဂီတ ဆိုတီးကကြသူတို့ ခိုဝင် တီးမှုတ် ပညာဖလှယ်ရာ အိမ်ဂေဟာမှာ ကြီးပြင်းလာခဲ့ရုံမက ကိုယ်တိုင်ကလည်း ဒေဝဣန္ဒာ နန်းတွင်း စောင်းဆရာကြီးနဲ့တကွ ဆရာ့ဆရာ များစွာနဲ့ မြန်မာ့ သီချင်းကြီး သီချင်းခံများကို သင်ကြား ဆည်းပူး လေ့ကျက်တဲ့ထားသူလည်း ဖြစ်နေပါတယ်ရှင်၊ ဒါကြောင့်လည်း ဒေါ်ဒေါ်မာက မှတ်တမ်းတင်ပေးခဲ့တာပေါ့။ မာအေးတို့ ဂီတဖက်မှာကလည်း အခိုင်အမာ မှတ်တမ်းမှတ်ရာ မသေချာတော့ အဲဒီ ဦးခင်မောင်ဒွေးတို့လို လူကြီးသူမတွေနဲ့ ရှေးက ဆရာ့ဆရာများ အဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ အဆိုအမိန့် နှုတ်ထွက်သမိုင်းများအရ ပြောကြ ဆုံးဖြတ်လိုက်နာကြရပါတယ်။ ကိုဝင်းပေါ်မောင် ရေးလိုက်တဲ့ စောင်းရဲ့ မူတည်သံအယူအဆ ဆိုရာမှာလဲ နန်းတော်ကြီးထဲမှာ တီးလာခဲ့တဲ့ အသံဟာ ခုလက်ရှိ သုံးနေတဲ့ KEY D လောက်မှာ ရှိတယ်၊ အမျိုးသားရော အမျိုးသမီးပါ ဆိုလို့ကောင်းတဲ့ KEY လို့ ဦးကြီးက ပြောတာပဲ။ ခုခေတ်က နိုင်ငံတကာ တူရိယာတွေနဲ့ တွဲရမှာမို့ ‘KEY C’ ကို တည်ထားကြတော့ မတူနိုင်ဘူးပေါ့၊ ကဲပါလေ ပတ်ပျိုးသီချင်း တီးလို့ရအောင် စောင်းကြိုးတွေ တိုးဖို့ လိုတယ် မလိုဘူး သိဖို့ရာ ‘ဘုံပျံနေနန်း’ ဆိုတဲ့ ပတ်ပျိုးကြီးထဲက ခေတ်ဟောင်း အဆိုတော်ကြီး မအေးမိ ဆိုခဲ့တဲ့ တပိုဒ်လောက် နားဆင်ထားနှင့်ပါရှင်။

xxx အုံးရွှေသဉ္ဇာ၊ ယွန်းမော်ကြာယံလယ်၊ ညှိုးညှိုးငယ်ငယ်၊ သေများသေချင်ဘွယ်၊ ဘုန်းကြွယ်ကြွယ် ဘန်အဲအား၊ ပူသူများ ပူရော့မယ်လေးလေ့၊ မေ့ရက်ကယ်နေနိုင်တယ် xxx (ဘုံပျံနေနန်းမှ တပိုဒ်- မအေးမိ)


[ မူရင်း – ဘီဘီစီအသံလွှင့်ဌာန၊ မြန်မာပိုင်း ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts