ဖိုးထက်

Phoe Htet – Essay

ကျွန်တော် ငြမ်းဆင်သမား
ဖိုးထက်
ဇူလိုင် ၁၃၊ ၂၀၁၃


ကျွန်တော့်ကို ရုံးက Scaffolding Erector သင်တန်းသွားတက်ရမယ်လို့ ခေါ်ပြောတော့ လူက တွန့်ချင်သွားသည်။ “ငါ့ကိုများ ရာရာ စစ။ ငြမ်းဆင်စားမယ့်ကောင်များ မှတ်နေလား မသိဘူး” လို့ တွေးမိလိုက်သေးတယ်။ သူက ဆက်ပြီး အဲဒါ အောင်မှ Scaffolding Supervisor ဆက်တက်ရမယ်လို့ ဆိုလာပြန်တယ်။ အမှန်တကယ်သာဆို ကျွန်တော် ငြင်းလိုက်ချင်သည်။ သို့သော် ရှေ့မှာက ဘာသင်တန်း၊ ဘာထရိန်နင်၊ ဘာညာဆိုရင် ကျွန်တော်က အမြဲ ရှေ့က ကိုပါရာ။ Risk Assessment ဆိုရင်လဲ သွားအုံး။ Apron Driving လိုင်စင်ဆိုရင်လဲသွားအုံး။ Fire Alarm Training ဆိုလဲ သွားတက်။ ကိုယ့်ပညာရပ်နဲ့ တစ်နည်းမဟုတ်တစ်နည်း ပါတ်သက်နေတဲ့ ပညာရပ်တွေဆိုတော့ နည်းနည်းမှ ဗဟုသုတ တိုး တိုး ကောင်းတာဘဲလို့ တွေးပြီး လိုလိုချင်ချင်ဖြင့် သွားခဲ့တယ်။
အခု ငြမ်းဆင်ဖို့ သင်တန်းတက်ဆိုတာကြီးကျမှ ငြင်းပြန်ရင် မကောင်းတာတော့ အမှန်။ ဘယ်နှစ်ရက် တက်ရမလဲ ဆိုတော့ ငါးရက်။ တစ်ရက်ကို ရှစ်နာရီ။ ကောင်းကွက်ဘက်က ရှာပြီး စဉ်းစားလိုက်သည်။ အလုပ်ကနေ ခွင့် ငါးရက်ရတဲ့ သဘော။ အလုပ်ကို ငါးရက်ကြီးများတောင် မေ့ထားရမှာ။ ငါးရက်ကြီးများတောင် ဘယ်သူမှ ကိုယ့်ကို လာပြီး မနှောင့်ယှက်ကြမှာဘဲ ဆိုသော အတွေးကြောင့် သွားပါ့မယ်လို့ ပြန်ပြောလိုက်ပေမယ့် လူက သိပ်စိတ်မပါ။
နောက်ပြီး အသက်အရွယ်က စကားပြောစပြုလာသည်။ အရင်က ဘယ်လောက် ပင်ပင်ပန်းပန်း အလုပ် လုပ်ထားစေအုံးတော့ တစ်ရက်လောက် နားလိုက်ရရင် အားက ပြန်ပြည့်စမြဲ။ အခုတော့ တစ်ရက်လောက် အလုပ်ပင်ပန်းရင် လူကော၊ စိတ်ကော တစ်ပါတ်ခန့် နှုံးချိချိ။ ပင်ပန်းမှာကို လူက ကြိုသိနေတော့ ငြမ်းဆင်သင်တန်း မတက်ချင်ဘူးပေါ့။
မြန်မာနိုင်ငံ သတင်းတွေမှာ ကျနော် မကြာခဏဖတ်ရသည်။ ငြမ်းပေါ်က ပြုတ်ကျလို့ မသေသင့်ဘဲ သေသွားကြသော အလုပ်သမားများ။ လူများ။ နိုင်ငံဆင်းရဲတော့ ဘာ Safety၊ ဘာ work permit တွေမှ မလုပ်နိုင်ဘဲ အဆင်ပြေသလို ၀ါးလုံးတွေ၊ သစ်သားအတိုအစတွေနဲ့ ခုတန်ခု၊ ပိုးတန်ပိုး ငြမ်းတွေဆင်ပြီး အဆောက်အဦးတွေ ဆောက်ကြရသည်။ “Safety harness ဆိုတာ ရှုပ်တယ်၊ အလုပ်မတွင်ဘူး။ သေချိန်တန် သေမှာပါဘဲ” လို့ ကျွန်တော့် ဘော်ဒါတစ်ယောက် ပြည်တွင်းမှာ ဆောက်လုပ်ရေး လုပ်ငန်း လုပ်နေသူရဲ့ မှတ်ချက်ကို ကြားဘူးသည်။
သူပြောသလို သေချိန်တန်ရင်တော့ သေကြရမှာပါဘဲလေ။ ဒါပေမယ့် သေချိန်မတန်ဘဲ သေကြရတဲ့ လူတွေ၊ ဝေချိန်မတိုင်ခင်မှာ ကြွေလွင့်ခဲ့ရတဲ့ ဘ၀တွေ ကိုယ့်ပါတ်ဝန်းကျင်မှာ နိစ္စဓူဝ တွေ့နေရတော့ မထူးဆန်းကြတော့တာလဲ ဖြစ်မှာပါ။ သူပြောတာလဲ မမှားပေဘူးလို့ ကျွန်တော် တွေးမိခဲ့ပါသေးတယ်။ လူ့တန်ဖိုး၊ လူ့အသက်ကို ကျွန်တော်တို့က တန်ဖိုး မထားခဲ့ကြတာ ကြာပါပြီရောလား။ ကိုယ်ရဖို့၊ ကိုယ်အမြတ်ရဖို့၊ ကိုယ့်အသိုင်းအ၀ိုင်း အမြင့်ရောက်ဖို့ လူတွေရဲ့ ဘ၀တွေကို ချနင်းနေကြတာ သူငယ်ချင်းလို အင်ဂျင်နီယာ အငယ်စားလေး မပြောနဲ့ ။ ဟိုး အမြင့်က လူအကြီးကြီးတွေမှာတောင် အဲဒီစိတ်က ကိန်းအောင်းနေတာ ကြာနေပြီမို့လား။
အခုလဲ ဒီပင်ပင်ပန်းပန်း လုပ်ရမယ့် သင်တန်းကြီးကို မတက်ချင်ပေမယ့် သြော်..ငါပညာ တစ်ခု ရတာဘဲလို့ လိမ်တွေးလေး တွေးပြီး ကျွန်တော် သွားဖြစ်ခဲ့တယ်။ သင်တန်းထဲရောက်တော့ ဘကုံး လေးယောက်၊ ကျွန်တော်တို့ မြန်မာနှစ်ယောက်၊ အန္ဒိယသားက နှစ်ယောက်။ မလေးတရုတ် တစ်ယောက်။ အားလုံးပေါင်း ကိုးယောက်။ ကိုးဂဏန်းဆိုရင် မြန်မာအယူအဆအရ သိပ်မနိပ်ဘူးလို့ မြန်မာပီပီတွေးမိလိုက်ပေမယ့် မနက်ခင်းလေးတစ်ခင်းစာ နေပူထဲမှာ တစ်နာရီလောက်  ရပ်ပြီး လက်တွေ့ပို့ချတာကို အမောင် တရုတ်က လန့်သွားတယ် ထင်ပါရဲ့။ နေ့ခင်း ထမင်းစားချိန်ကြတော့ ပေါ်မလာတော့ဘူး။ ရှစ်ယောက်ဘဲ ကျန်ခဲ့တယ်။
သင်တန်းဆရာက ခပ်ဖြေးဖြေး လေးလေး လွယ်ကူတဲ့ အင်္ဂလိပ်စာစကားနဲ့ သေချာ သင်ပေးပါတယ်။ စလုံးမှာ ၀ါးငြမ်းတွေ၊ သစ်သားငြမ်းတွေ မသုံးတော့တဲ့ အကြောင်း။ ဒီငြမ်းဆင်တာမှာ MOM က ထုတ်တားတဲ့ CP 14 ကို လိုက်ရမှာ ဖြစ်ကြောင်း။ ငြမ်း ဘယ်နှစ်မျိုး ဘယ်နှစ်စားရှိကြောင်း။ ငြမ်းဆင်ရာမှာ အလျင်လိုဖို့ မလိုတဲ့ အကြောင်း။ ဘယ်သူဌေးက ဘယ်လို ခိုင်းခိုင်း၊ ဘယ်မန်နေဂျာက ဘယ်လို ဖိအားပေးပေး Safety မဖြစ်ဘူးလို့ ထင်ရင် ငြင်းနိုင်ကြောင်း။ MOM က ဥပဒေထုတ်ထားကြောင်း။ တိုင်နိုင်ကြောင်း ရှင်းပြရှာပါတယ်။
လက်တွေ့လဲ လုပ်ရော စတော့တာပါဘဲ။ နေပူပူတွေ၊ မိုးဖွဲဖွဲတွေ ကျနေစဉ်မှာ သင်တန်းက Metal Scaffolding လေးလေးကြီးတွေကို မပြီး ဆင်ဟဲ့၊ ပြုဟဲ့၊ ဖြုတ်ဟဲ့၊ တပ်ဟဲ့နဲ့ လူကို အတော်ဖားပါတယ်ဗျာ။ ဒါတောင်မှ ဘကုံးကောင်လေးတွေက သူတို့ Company မှာ ငြမ်းဆင်နေကြမို့လို့ ကျွန်တော်တို့ အတော်ကြီး သက်သာတာလား။ ဒီလိုနဲ့ သင်တန်း ငါးရက်အတွင်းမှာ ငြမ်းနဲ့ ပါတ်သက်ပြီး ဗဟုသုတ ရလာပါတော့တယ်။
အရင်က အလုပ်ထဲမှာ ဖြစ်သလိုမျိုး အမြင့်ကိုတက်၊ Safety ဆိုတာဂြိုဟ်နဲ့လားလို့ မေးပြီး အလုပ်ကို လုပ်နေကြ ကျွန်တော်လိုကောင်တောင် Saftey အလွန်အရေးကြီးတယ်။ ငြမ်းဆင်ရင် ပြီးပြီးရော လုပ်လို့ မရဘူးလို့ တွေးမိစပြုလာတယ်။ ဒီအတွေးက ဘယ်လောက်အချိန်အတိုင်းအတာထိ ခံမယ် မသိတတ်ဘူးပေါ့။ ခေါက်ရိုးကျိုးနေတဲ့ စိတ်ကို ဘယ်လိုလုပ် အချိန်တိုတိုလေးနဲ့ လွယ်လွယ် ပြင်လို့ရမလဲ။
သင်တန်း နောက်ဆုံးရက်မှာ စာမေးပွဲသဘောမျိုးစစ်တယ်။ ငြမ်းဆင်နည်း အမျိုးမျိုး၊ ငြမ်းအမျိုးမျိုးရှိတဲ့အထဲက နည်းတစ်နည်းကို အချိန်တစ်နာရီအတွင်း အပြီးဆင်၊ အပြီးဖြုတ်။ ကျွန်တော်တို့ အဖွဲ့လေးက တစ်ယောက်နဲ့ တစ်ယောက် မတွက်ကပ်ကြဘဲ တက်ညီလက်ညီ ကြိတ်ကြတော့ အဆင်ပြေပါတယ်။
ဒီလိုနဲ့ သင်တန်းပြီးပြီဆိုပြီး ဆရာက သူသင်ကြား ပြသတာကို ဘယ်လို မြင်ပါသလဲဆိုတဲ့ စာရွက်ပေါ်မှာ ရွေးခိုင်းတယ်။ သင်ကြားတဲ့ သင်နည်း ကောင်းလား။ညံလား။ အလွန်ဆိုးသလား။ အလွန်ကောင်းသလား။ ဆက်ဆံရေး ကောင်းလား။ညံလား။ အလွန်ဆိုးသလား။ အလွန်ကောင်းသလား။ စတဲ့ မေးခွန်းတွေကို ရွေးခိုင်းပါတယ်။ စလုံးက သင်တန်းအတိုလေးတွေမှာ ဒီလို စနစ်မျိုးထားတာ ကျွန်တော့် အမြင်အရတော့ အလွန်ကောင်းတယ်လို့ မြင်တာဘဲ။ ကျွန်တော်တို့ဆီက မှတ်ချက်တွေကို ဆရာရဲ့ အုပ်ချုပ်သူတွေကို ပြန်ပြရတာကိုး။ အားလုံးက တစ်ခုခုမှာ ဆိုးတယ်ကြီး လုပ်ထားရင် အထောင်းခံရမှာကိုး။ ဒီတော့ စိတ်မပါဘူး ဆိုစေအုံးတော့ သေသေချာချာ သင်ပေးကြတာ များပါတယ်။ အခုလဲ ကျွန်တော်က အားလုံးကို Excellent တွေကြီး ရွေးပေးလိုက်တယ်။ ဆရာ့ကို စာရွက် ပြန်အပ်တော့ ပြုံးပြုံး ပြုံးပြုံးပေါ့။ ဟုတ်တယ်လေဗျာ။ ဘာကြောင့်များ ဘ၀မှာ ငါးရက်လောက်ဘဲ တွေ့ရတဲ့ လူကို အတင်းတွေ အုပ်ခဲ့မလဲ။ ကိုယ်ဆက်သင်မှ ကိုယ်ရမှာ။ ကိုယ် အလေးထားမှ ကိုယ်လုပ်တတ်မှာ မို့လား။
သင်တန်းက ပြန်တော့ လမ်းမှာ ကျွန်တော် စဉ်းစားမိတယ်။ မြန်မာနိုင်ငံကို ငြမ်းဘယ်တုံးက စရောက်သလဲ။ ဆရာကြီး ဒေါက်တာသန်းထွန်းသာ သက်ရှိထင်ရှားရှိရင် အငေါက် အဆူခံပြီး သွားမေးလိုက်ချင်ပါရဲ့။ အခုတော့ ဘယ်သူ့ကို မေးရမှန်းလဲ မသိတော့ ကိုယ့်ဘာသာ တွေးချင်ရာတွေး။ ထင်ချင်သလို ထင်ပေါ့။ ပုဂံက ဘုရားတွေ၊ အုပ်စီ၊ အုပ်ညှပ်တွေ၊ ဟိုး အမြင့်ကြီးတွေမှာ ရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီတွေ ဒါတွေ အကုန်လုံးကို ငြမ်းဆင်ပြီး ပုဂံသားတွေ အားထုတ်ခဲ့ကြတာနေမှာရယ်။
ဒီတော့ “မြန်မာ ငြမ်းအစ ပုဂံက” ဆိုပြီး အဆိုတင်လိုက်ရရင် အိပ်ခ်ျဂျီလုစ် တို့ ၊ ဒေါက်တာသန်းထွန်းတို့လိုများ နံမည်ကြီးသွားမယ် ထင်တယ်။ နောက်မှ ကျွန်တော့် အတွေးထဲ ကွက်ခနဲ့ ရောက်လာတယ်။ ငြမ်း ဆိုတဲ့ ဝေါဟာရ မြန်မာစကားလုံးထဲ ရောက်လာတာ ဘယ်ကလာ ပုဂံက အစဟုတ်လိမ့်မလဲ။ သူ့ထက် ရှေ့ပိုကျတဲ့ ကံရာဇာကြီး၊ ကံရာဇာငယ်တို့ ထီးနည်းလုတဲ့ သမိုင်းမှာ ငြမ်း ဆိုတာ ပါနေပြီဘဲ။ ဘုရင်နေရာ ရကြဖို့ တစ်ညထဲနဲ့ ဘုရား အပြီးတည်ကြရတယ်မို့လား။ အကြီးက အခိုင်အခံသွားလုပ်တယ်။ အငယ်က ငြမ်းတွေ ဘာတွေ ဆင်ပြီး ၀ါးနဲ့ ဘုရားကို တစ်ညထဲနဲ့ အပြီးတည်တယ်။
မြန်မာစာရေးဆရာတွေထဲမှာ အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး ၀ိဝါဒတွေတောင် ကွဲကြတာ ကျွန်တော် ဖတ်ဘူးတယ်။ တစ်ချို့က ကံရာဇာကြီးမှန်တယ်။ ဒီလူက လူမှန်။ မကောက်ကြစ်ဘူး။ အငယ်က ဖြတ်ထိုးဥာဏ်ကောင်းတယ် စသည်ဖြင့်ပေါ့။ အငယ်ဘက်ကို အကောင်းတွေးကြတယ်။ တစ်ချို့ကတော့ အငယ်က ကလိမ်ကကျစ်ကောင်။ မရိုးသားဘူး။ အကြီးသည်သာလျှင် ရိုးရိုးသားသားကြိုးစားတဲ့လူ။ စသည်ဖြင့် အကြီးကို အကောင်းတွေးကြတယ်။ ထားပါတော့လေ..ဘယ်သူမှား ဘယ်သူမှန် ကျွန်တော်တို့ ခေတ်မှာတောင် ဒီလောက် တွေးမဆုံး ရှိနေရတာ ဟိုး အတီအတာ ခေတ်က ဟာကို တွေးမနေချင်ပါဘူး။
အဲဒီ ညီအစ်ကို နှစ်ယောက် ထီးနန်းလု ဘုရား အမြန်တည်ရင်း ငြမ်း ဆိုတာ မြန်မာနိုင်ငံမှာ စပေါ်ခဲ့တယ် ထင်တယ်။ ဘာတဲ့..”ဘုရားပြီး ငြမ်းဖျက်တာလား” ဆိုတဲ့ မြန်မာစကားကို ကျေးဇူးကန်းတဲ့ သဘောနဲ့ သုံးနေကြတာမို့လား။ ဒီစကားကလဲ တကယ်စဉ်းစားကြည့်ရင် အငြင်းပွားစရာကြီးဗျ။ တစ်ချို့ က ဘုရားပြီးမှတော့ ငြမ်းမဖျက်လို့ ဒီအတိုင်းထားရမှာလားတဲ့ စောဒက တက်တယ်။ ဒါလဲ ဟုတ်တာဘဲ။ တစ်ချို့က ကျေးဇူး မသိတတ်ခံရတဲ့ ငါတို့ ငြမ်းဘ၀ပါလို့ တရားသဘောနဲ့ တွေးတယ်။ ဒါလဲ မှန်နေတာဘဲ။ ဟိုတရုတ်ခေါင်းဆောင်ကြီး ပြောခဲ့တဲ့ “ကြောင်ဖြူကြောင်မဲ အရေးမကြီးဘူး။ ကြွက်ခုတ်တတ်ဖို့ လိုရင်းဘဲ။” ဆိုတဲ့ စကားလိုပေါ့။ ဒီစကားမှန်တယ်။ မှားတယ် လုပ်ကြတယ် မို့လား။ ဆရာလူထုစိန်ဝင်းကတော့ ကြောင်ဖြူ၊ အမဲ ကိစ္စကို စက်ဆုပ်စရာ အနေနဲ့ အကြာခဏ သုံးတတ်တာ ဖတ်ဘူးတယ်။
ဒီ ဘုရားပြီး ငြမ်းဖျက်ဆိုတဲ့ စကားလဲ ဒီလိုစကားတွေလိုဘဲ အကောင်းဘက်က ကြည့်သူ၊ အဆိုးဘက်က မြင်သူ ရှိကြပါတယ်။ လူ့သဘော လူ့မနောအရ ဘယ်လို မြင်ကြမြင်ကြ အဲဒီ ငြမ်း ဆိုတဲ့ ဝေါဟာရက မြန်မာနိုင်ငံကို စရောက်ကတည်းက ၀ိဝါဒ ကွဲစရာဖြစ်နေခဲ့တယ် ထင်မိတယ်။
လက်ရှိ ကျွန်တော်တို့ ရွှေပြည်တော်ကြီးမှာလဲ တစ်ချို့က ငြမ်းအခိုင်အမာနဲ့ နိုင်ငံတည်ချင်တယ်။ တစ်ချို့ခေါင်းဆောင်တွေက ဖြစ်သလို ငြမ်းနဲ့ နိုင်ငံ တည်ချင်နေကြတယ်။ ဘယ်သူက မှား။ ကျွန်တော့်သဘောကတော့ ကံရာဇာကြီးဘက်ကို ပိုခိုက်သူပီပီ ရိုးရိုးသားသားနဲ့ ငြမ်းအခိုင်အမာနဲ့ ဖောင်းရစ်အခိုင်အမာ၊ ကြာမှောက် ၊ ကြာလှန် လှလှပပနဲ့ မမြန်လွန်း မကြာလွန်း ဘုရားတည်စေချင်တာဘဲ။ ကံရာဇာငယ်လို ရယ်ဒီမိတ် ဘုရားတွေ အခု ည တည်။ မနက်ဖြန် နေ့ခင်း ပျက် ဖြစ်စေချင်ဘူးရယ်။
အလုပ်ကို ပြန်ရောက်ရင် သင်တန်း Report တင်ပေးရအုံးမယ်။ ဘာတွေ သင်ခဲ့ကြောင်း။ ဘာတွေ တတ်မြောက်ခဲ့ကြောင်း။ ကျွန်တော်ကတော့ Report ထဲမှာ ချရေးလိုက်အုံးမယ်။

“နောက်ထပ် Scaffolding Supervisor သင်တန်း တက်ဖို့ ရည်ရွယ်ချက်မရှိ။ မတက်လို။ ငြမ်းဆင်သူဘဲ ဖြစ်လို။ ငြမ်းဆင်နေတဲ့ လူတွေကို အပေါ်စီးကနေ ဒီလို လုပ်ပါလား။ ဟိုလို လုပ်ပါလား မပြောလို။ အခိုင်အခံ့ငြမ်းဆင်နည်းသာ တတ်မြောက်ထားသောကြောင့် ခပ်မြန်မြန်၊ ခပ်သွက်သွက် ဆင်ကြမည့် ငြမ်းဆင်သူတွေကို စိတ်မချပါသောကြောင့် ကိုယ်တိုင် ကိုယ်က ငြမ်းဆင်သူသာ ဖြစ်လိုပါကြောင်း”…လို့လေ။ စကားများ အငြို အငြင်ခံရကာမှ ခံရရော့။ ခပ်လွယ်လွယ်ငြမ်းတွေဆင်ပြီး အကုန် ပြုတ်ကျ၊ သေကုန်ကြရင် ခက်ဘူးလားလို့ ။ စိတ်ချဘူးဗျာ။ ငြမ်းဆင်သူဘဲ ကျွန်တော် လုပ်မယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts