>Garunar Shin – Letter from Nargis

>

နာဂစ်ဒေသက လာတဲ့စာ

ဂရုဏာရှင်

ဇန်န၀ါရီ ၂၆၊ ၂၀၀၉

ဒီတခေါက် နာဂစ်ဒေသက ရွာတွေကို ပြန်ရောက်တော့ အပြောင်းအလဲတွေ တွေ့ရတယ်။ ပထမဦးဆုံး ပုံကတော့ ယခင် ငပုတောမြို့နယ်၊ ယခု လပွတ္တာမြို့နယ်က အောက်ပြွန်ဝရွာက သဘာဝဘေးရန်ကာ အဆောက်အဦကြီးဖြစ်ပါတယ်။ အဲဒီ ကျောင်းတွေ အိမ်တွေကို ပန်းလှိုင်အဖွဲ့က ပြည်ပအလှူရှင်များနဲ့ ကြည့်ကြပ်ပြီး ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ နေရောင်ခြည်သုံး ဓာတ်အားစနစ်၊ ဘက်ထရီအားသွင်း လျပ်စစ်မီးစနစ်တွေကို သုံးထားလို့ ညဆိုရင် မီးတွေ ထိန်နေတာ တွေ့ရပါတယ်။

ယခင်တုန်းက အဲဒီရွာကလေး ရွာလုံးကျွတ်ပါသွားခဲ့တော့ သံဃာတော်တွေက မြန်မာငွေ ၁၅ သိန်းလောက်နဲ့ မတည်ပြီး အားပေးခဲ့ရတဲ့ ရွာကလေးပေါ့။ အဲဒီတုန်းက ဆောက်ထားခဲ့တဲ့ တဲတန်းရှည်ကြီးတွေ၊ အိမ်တွေအားလုံးကို အသစ်ပြင်ဆောက်လိုက်ကြပြီ ဖြစ်တယ်။ ၀မ်းသာကြည်နူးဖွယ် မြင်ကွင်း တခုပဲ။

ရွာလေးက တကာ၊ တကာမတွေက ဘုန်းကြီးတို့ ပြန်လာတာကို ၀မ်းသာအားရ ကြိုဆိုကြတယ်။ ယခင်က ရွှံ့တွေ နွံတွေထဲက ရုန်းပြီး တက်လာရတဲ့ မြစ်ဆိပ်မှာ ရွာသူ ရွာသားတွေက စောင်တွေ ခင်း၊ ထီးတွေ မိုးပြီး ကြိုကြတယ်။ မေတ္တာတရားရဲ့ အသီးအပွင့်တွေဟာ အချိန်အကြာကြီး မစောင့်ရဘဲ ဒီလိုတချို့နေရာတွေမှာ သီးပွင့်လာတော့ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ပင်ပမ်းသမျှတွေ ပျောက်ကွယ်ကုန်ရပါတယ်။

တချို့ရွာတွေမှာ အခုလို အဆင်ပြေကြပေမယ့် အခြားအခြားသော ရွာများက ရွာသားတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လိုအပ်နေတုန်းပဲ။ Child Aid Foundation အတွက် အလှူငွေတွေကို ကိုယ်တိုင်ကိုယ်ကျ ဆရာတော်တွေက ပေးအပ်ချင်တဲ့အတွက် မန္တလေး၊ ငပုတော၊ လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနဲ့ ကွမ်းခြံကုန်းနယ်တွေက ကျေးရွာတွေ အထိ ခရီးတွေ အများကြီး ဆက်ဖြစ်ခဲ့ပါတယ်။

မန္တလေးက ဓာတ်ပုံ – အစိမ်းရောင် ၃ ထပ် ကျောင်းဆောင်ကြီးက မန္တလေးမြို့ပေါ်က ဖောင်တော်ဦး ပရဟိတကျောင်း မြင်ကွင်း ဖြစ်ပါတယ်။ နှစ်ဖက်မိဘမဲ့ ကလေး ၂၅ ဦး ရှိပြီး တိုင်းရင်းသား (ကရင်၊ ရှမ်း စသည်) ကလေးသူငယ်တွေကိုလည်း စောင့်ရှောက်ထားတယ်။ နာဂစ်ကလေးငယ်များကို အလှူငွေတွေ ပေးအပ်ကြတယ်။ ဆရာ ဆရာမတွေကို ဟောပြောပွဲတခု ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နာဂစ်ကလေးသူငယ်တွေကို စောင့်ရှောက်ထားတဲ့ ခံတက်ကုန်းက မစိုးရိမ်ကျောင်းကိုလည်း သွားရောက်ပြီး အလှူငွေများ ပေးအပ်ခဲ့ပါတယ်။

ကလေးတွေကို အားမငယ်ဖို့၊ လူ့ဘ၀တခုကို ဘာနဲ့မှ တိုင်းတာ တန်ဖိုးဖြတ်လို့ မရတဲ့အကြောင်း၊ မျှော်လင့်ချက်နဲ့ ဘ၀ကို ရှင်သန်ဖို့ အစွမ်းကုန် အားပေးဖြစ်ခဲ့ပါတယ်။

လပွတ္တာ ဓာတ်ပုံ – လပွတ္တာမြို့ပေါ်က နာဂစ်မိဘမဲ့ ကလေးတွေ အများဆုံး ရှိတဲ့နေရာလို့ ဆိုချင်ပါတယ်။ ဓာတ်ပုံမှာက ဆောက်လုပ်ဆဲ ကျောင်းကြီး အောက်ထပ်မှာ ကလေးတွေ ၂၀၀ နီးပါး လာရောက် တွေ့ဆုံကြတယ်။ Child Aid Foundation က ဦးစီးပြီး ပြည်တွင်း ပြည်ပ အလှူရှင်တွေ လာရောက် ကူညီတယ် ကြားကြလို့ လပွတ္တာမြို့နယ်က ကျေးရွာများကပါ လာရောက်ကြတယ်။ လာတဲ့ ကလေးတွေအတွက် စက်လှေခကို ဆရာတော်အဖွဲ့တွေက ကုသိုလ်ပြုပါတယ်။ လူသားအကျိုးပြု ပရိဟိတအလုပ်ဆိုတာ တဦးတည်း၊ တဖွဲ့တည်း လုပ်လို့ရတာမျိုး မဟုတ်ဘူး။ အားလုံးက အဖက်ဖက်က ၀ိုင်းလုပ်ရတာကို သိသာထင်ရှားစွာ တွေ့မြင်ရပါတယ်။

သင်္ကန်းကုန်း ဓာတ်ပုံ – အဲဒီက ဘုန်းတော်ကြီး ကျောင်းမှာ ဗုဒ္ဓ၀င်ပြခန်းတွေ တွေ့နိုင်ပါတယ်။ ရွာနီး ချုပ်စပ်က ကလေးတွေကိုကော၊ မိဘမဲ့ကလေး ၁၀၀ ကျော် လာစုဖြစ်တယ်။ လှူမျှဝေနိုင်သလောက် ကူညီနိုင်ခဲ့လို့ ထာဝရ မဟုတ်တောင် တဒင်္ဂ အခိုက်အတန့်မှာ လန်းဆန်းပျော်ရွှင်ကြရတာကို တွေ့နိုင်ပါတယ်။

သက်ကယ်သောင် ဓာတ်ပုံ – သက်ကယ်သောင်ဆိုတာ အဆိုတော် ဇော်ပိုင်ရဲ့ ရွာပေါ့။ ဒီ ဘုန်းတော်ကြီးကျောင်းကတော့ မိုးမလုံလို့ အမိုး ၂ ထပ် မိုးထားတဲ့ ခန်းမအဟောင်းတခုဖြစ်ပါတယ်။ နံရံက ပျဉ်တွေလည်း ဟောင်းနွမ်းနေတယ်။ မိဘမဲ့ကလေး ၅၀ ကျော် ရှိပါတယ်။ စက်လှေက ဒီရေ အကျနဲ့ ကြုံလို့ အားလုံး လှေပေါ်ကဆင်းလို့ ၀ိုင်းတွန်းကြရတယ်။ “အချိန်နဲ့ ဒီရေသည် လူကို မစောင့်” ဆိုတာ အဲဒီ ဒေသတွေမှာ ပိုသဘောပေါက်မိပါတယ်။

ဘိုကလေး ဓာတ်ပုံ – အဲဒီမှာ ကလေး ၅၀ နီးပါးရှိတယ်။ မကျင်မြိုင်ကျွန်းတို့ကနေ စက်လှေငှားပြီး လာတွေ့ကြတယ်။ Child Aid Foundation က ခရီးစာရိတ်တွေကို စိုက်ထုတ်ပေးပါတယ်။ ဆင်းရဲချို့တဲ့ကြတာချင်း အတူတူ မိဘရှိတဲ့ကလေးတွေဟာ မိဘမဲ့ကလေးတွေနဲ့ နှိုင်းယှဉ်ရင် ရေ ၀၀လင်လင် သောက်ရတဲ့ အပင်နဲ့ ရေမ၀တဲ့ သစ်ပင်များလို အခြေအနေတွေ ကွာခြားလှပါတယ်။

ကွမ်းခြံကုန်း ဓာတ်ပုံ – ဖျာပုံမှာတော့ ကလေးအနည်းအကျဉ်းပဲ ရှိပါတယ်။ ဒေးဒရဲနဲ့ ကွမ်းခြံကုန်းမှာတော့ နာဂစ်ကလေးငယ်များကို ကွမ်းခြံကုန်းအိမ်တအိမ်မှာ စုထားပြီး တွေ့ဆုံဖြစ်ပါတယ်။ အမွှာညီအမပါတဲ့ ပုံတွေဟာ အဲဒီက ရိုက်လာတဲ့ ပုံတွေ ဖြစ်ပါတယ်။ ကလေးသူငယ်တွေနဲ့ ရင်းနှီးလာတော့ သူတို့ဟာ ကိုယ့်ဆွေမျိုးသားချင်းများလို စိတ်ထဲက ခံစားမိတယ်။

“မည်သူမပြု၊ မိမိမှု” ဆိုပေမယ့် ဂရုဏာတရားရှုဒေါင့်က ကြည့်ရင်တော့ မသနားဘဲ မနေနိုင်ပါဘူး။ သူတို့အဖြစ်တွေဟာ သူတို့အရွယ်လေးတွေနဲ့ မမျှအောင် ဆိုးဝါးလှတော့ သူတို့ရဲ့ လောကဓံဟာ ခါးသီးလွန်းလှပါတယ်။ အခုလို မိမိတို့ မျက်စိရှေ့မှောက်မှာ သူတို့ကို ကြုံတွေ့ရပြန်တော့ ဂရုဏာတရားနှင့် နွယ်ပြီး တာဝန်ဆိုတာက အလိုလို ရှိပါပါတယ်။ သူတို့ဘ၀လေးတွေဟာ ဘယ်တော့များမှ နွေးထွေးကြင်နာတဲ့ အရိပ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ကြပါလိမ့်မှာလဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts