>100th Anniversary U Thant ( final part)


>

သန့်ရာပြည့် (အပိုင်း – ၂)
ဦးအုန်းကျော်
ဇန်န၀ါရီ ၂၆၊ ၂၀၀၉

(ဃ)
မြန်မာ့သာသနာရေး အာဇာနည် အရှင်သူမြတ်တစ်ပါးဖြစ်တဲ့ (တောင်မြို့)အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး (၁၉ဝဝ-၁၉၇၇) ရဲ့ ‘အနာဂတ် သာသနာရေး’ စာအုပ်ဟာ ၁၉၄၉ ခုနှစ် (လွတ်လပ်ရေးရပြီး ၁ နှစ်အကြာ) မှာ ပေါ်ထွက်လာခဲ့တယ်။

“(လွတ်လပ်ပြီးစ) ဤအချိန်မျိုး၌ ငါတို့သာသနာဝင် အရှင်မြတ်တို့သည် ကိုယ်စီကိုယ်င ဣနြေ္ဒရရနှင့် ထထကြွကြွ ရှိလိုက်ကြမည်ဆိုလျှင် လွတ်လပ်ပြီးနောက် ၁ဝ နှစ်လောက် အကြာဝယ် ကမ္ဘာက လေးစားရသော တိုင်းပြည်ကလေး တပြည် မဖြစ်နိုင်ဘူးဟု မည်သူ ကန့်ကွက်ရဲအံ့နည်း။ ထိုကဲ့သို့ အကျိုးကို မြော်မြင်ကာ ယခုအချိန်မှာ ဤကျမ်းစာမျိုး ရှိသင့်ပြီဟု ထင်မြင်လာပေသည်”

ဟု ရဲရဲဝံ့ဝံ့ နိဒါန်းချီကာ သာသနာရေးအတွက် ပြုပြင်သင့်တာတွေကို ရေးသားခဲ့ရှာတယ်။ ဆရာတော်ကြီးနဲ့ သဘောထားတူညီတဲ့ ဦးသန့်က လက်မလွှတ်တမ်း ဖတ်ရှုသင့်တယ် ဆိုပြီး တိုက်တွန်းထားပြန်သေးတယ်။ တိုင်းပြည် တိုးတက်ရေးမှာ သာသနာရေး ပြုပြင်မှုဟာ အရေးကြီးတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဘာသာခြားတွေ (ဒီစာအုပ်ကို ဖတ်မိပြီး) ဗုဒ္ဓရဲ့ အခြေခံတရား အနှစ်သာရကို သိရှိစေချင်တဲ့ စေတနာ သူ့မှာ ရှိခဲ့တယ်ဆိုတာ ပေါ်လွင်တယ်။

အနာဂတ်သာသနာရေး နိဒါန်းမိတ်ဆက်
အဲဒီနိဒါန်းကို ရေးတဲ့ ၁၉၅၁ မှာ ဦးသန့်ဟာ (ဦးနုရဲ့ အစိုးရလက်ထက်မှာ) ပြန်ကြားရေးဌာနဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ၆ နှစ်အကြာ(၁၉၅၇)မှာ မြန်မာအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်လာခဲ့တယ်။ ၁၉၆၁ မှာတော့ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးအထိ တက်လှမ်းနိုင်ခဲ့ပြီး ၁ဝ နှစ်ကြာ လုပ်ဆောင်ခဲ့တာပါ။ အဲဒီ အနာဂတ် သာသနာရေးစာအုပ်ကို အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ထုတ်ဝေနေဆဲပါ။ ဒါပေမယ့် ဦးသန့်ရဲ့ အဲဒီ အမှာစာကလေးတော့ စစ်အစိုးရရဲ့ ‘မတော်မတရား စိစစ်ရေး’ကြောင့် ပါမလာရှာတော့ဘူး။
x x x x x

(င)

ကုလသမဂ္ဂရဲ့ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဆွီဒင်ပြည်သား ဒက်ဟမ္မားရှိုး ၁၉၆၁ မှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတော့ တတိယမြောက် အတွင်းရေးမှူးချုပ် နေရာအတွက် ယှဉ်ပြိုင် အရွေးခံတာတွေ၊ အရှေ့အနောက် အုပ်စုတွေ သူ့လူ ကိုယ့်လူ အကြိတ်အနယ် မဲဆွယ်တာတွေ စည်းရုံးတာတွေ ရှိတာပေါ့။ အဲဒီအချိန်မှာ ဦးသန့်ကို (ကုလသမဂ္ဂရဲ့ ကဏ္ဍအတော်များများမှာ သံတမန်အသိုင်းအဝိုင်းမှာ သူ့ရဲ့ အရည်အချင်းကို ပြသခဲ့ပြီးပြီမို့) တညီတညွတ်တည်း ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ အဲဒီ ရွေးကောက်ပွဲ မတိုင်ခင်ကလေးမှာပဲ သူ့အပေါ် တီးတိုးတီးတိုး ခနဲ့သံတွေ ပေါ်လာတယ်။ ခြေခြေမြစ်မြစ်လည်း မရှိပါဘူး။ အမှန်ကတော့ သံတမန်လောကမှာ ဒါဟာ ကလေးကလား စကားပါ။ (“ပြင်သစ်တွေက ဦးသန့်ဟာ အရပ် သိပ်ပုလွန်းတယ်လို့ ပြောနေကြသတဲ့”) အဲဒါလည်း ကြားရော ခပ်တည်တည် ခပ်ပြတ်ပြတ် (သံတမန် ဆန်မနေတော့ဘဲ) တုံ့ပြန် ပြောချလိုက်တာကတော့ –

“ကျနော် ပြင်သစ်ဘုရင် နပိုလီယံထက်တော့ အရပ်ပိုရှည်ပါတယ်။ နောက်ပြီး နပိုလီယံက အင်္ဂလိပ်လိုလည်း မပြောတတ်ဘူးဗျ”
(“I am taller than Napoleon, who did not speak English.”)
ပြင်သစ်ဘုရင် နပိုလီယံက အရပ်ပုတာ ၅ ပေ ၂ လက်မပဲ ရှိတယ်လို့ ဆိုကြတယ်။ ဦးသန့်က ၅ ပေ ၇ လက်မ ရှိတယ်။ ၅ လက်မတောင် ပိုမြင့်သေးတယ်။

အဲဒါကို ရယ်စရာလိုလို ချက်ကျကျ ပြန်ပြောလိုက်တာပါ။ သံကြီးတမန်ကြီးဆန်ဆန် နှိုင်းနှိုင်းချိန်ချိန် ပြောလေ့ရှိတဲ့ ကုလသမဂ္ဂလို နေရာမျိုးမှာ ဒဲ့ဒိုး ပြောခဲ့တာတွေလည်း အခါအားလျော်စွာ ရှိခဲ့ပါတယ်။

ကနေဒါနိုင်ငံမှာ ၁၉၆၄ ခုနှစ်ကပါ။ သတင်းထောက်တွေက (ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်ပြီး) အမေရိကန် အမတ်တစ်ယောက်က လောလောဆယ် အဆိုတင်သွင်းထားတဲ့ အနုမြူဗုံး ချပစ်ဖို့ကိစ္စကို ထင်မြင်ချက် ပေးပါဦးလို့ ဦးသန့်ကို ပြောတယ်။

“ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း ကျနော်ဟာ အနုမြူလက်နက်ကို ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် လူသတ်လက်နက်အနေနဲ့ သုံးတာကို ကန့်ကွက်သူပါ။ ဗီယက်နမ်မှာ အနုမြူဗုံး သုံးဖို့ စိတ်ကူးပေါက်တဲ့သူဟာ (ကျနော့်အမြင်မှာတော့) ရူးသွပ်တဲ့သူပါ။ လူစိတ်ပျောက်တဲ့သူပါ။ နည်းနည်း အကျယ်ချဲ့ပြီး ပြောပါရစေဦး။ ၁၉၄၅ ခုနှစ်မှာ ဂျပန်ပြည် ဟီရိုရှီးမားနဲ့ နာဂါးစကီမြို့တွေကို ရက်ရက်စက်စက် အနုမြူဗုံး ချခဲ့တာနဲ့ပတ်သက်ပြီး “ဂျပန်တွေဟာ အဖြူမဟုတ်တဲ့ အာရှသားတွေ ဖြစ်နေလို့ အနုမြူဗုံးနဲ့ အသတ်ခံရတာ။ မဟာမိတ်တွေနဲ့ တချိန်တည်း၊ တပြိုင်တည်း စစ်ဖြစ်နေတဲ့ နာဇီဂျာမနီပြည်ကိုတော့ (အဖြူတွေ ဖြစ်နေလို့) အနုမြူဗုံး မချခဲ့ဘူး” ရယ်လို့ အာရှတိုက်သား တော်တော်များများက နားလည်ခံစားမိကြတယ်။ လူမျိုးရေးဟာလည်း အကြောင်းတရပ်ဖြစ်တယ်လို့ ကျနော် ဆိုချင်တယ်။ အဲဒါကြောင့် စောစောက ကျနော်ပြောတဲ့ အနုမြူဗုံး ဗီယက်နမ်မှာ သုံးဖို့စိတ်ကူးနေတဲ့သူတွေဟာ အဲဒီအချက်ကို အလေးအနက်ထားပြီး စဉ်းစားစေချင်တယ်။

” As you are no dout aware, I am against the use of atomic weapons for destructive purpose anywhere, under any circumstances. Any္ဘody who proposes the use of atomic weapons is, in my view, out of his mind. Let me elaborate there is, in my view a RACIAL FACTOR in such a projected operation…. In 1945, when atomic bombs were dropped over Hiroshima and Nagasaki in Japan, there was a widespreaded feeling in my many parts of Asia that these deadly atomic weapons were dropped on Japanese cities because the Japanese were non-whites, and it was also argued at that time that atomic bombs would never have been dropped over cities in Nazi Germany, which was also at war with the allies. So there is a RACIAL ELEMENT which I would commend to the attention of those who are thinking of launching such atomic blasts.”

အဲဒီပြောကြားချက်တွေဟာ နောက်နေ့ထုတ်တဲ့ အမေရိကန်နဲ့ ကနေဒါက သတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် ဝေဝေဆာဆာ ပါလာပြီးတော့ ဦးသန့်ကို ဝိုင်းပြီး ‘တွယ်ကြလိမ့်မယ်’လို့ ထင်ထားပေမယ့် ဘယ်သူက ဘာမှ ပြန်မပြောဘဲ ငြိမ်သွားကြတော့တယ်။

x x x x x
အထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ ဝါရင့်ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးသန့်ရဲ့ ပြန်ကြားရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့ဖူးတဲ့သူရဲ့ ရေးသားချက်တွေထဲမှာ ဦးသန့်ကို ‘သတင်းထောက်တွေနဲ့ တွေ့ရမှာ၊ အမေးအဖြေ လုပ်ရမှာကို နှစ်သက်တဲ့ အတွင်းရေးမှူးချုပ်’ တဲ့။ အရှေ့ခြမ်းတိုင်းပြည်မှာ မွေးတဲ့ နှိုင်းနှိုင်းဆဆ ချင့်ချင့်ချိန်ချိန် လူတစ်ယောက်၊ အောက်သက်ကြေတဲ့ ဟောဟောဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်း လူတစ်ယောက် (ဦးသန့်)ဟာ တကယ့် အနောက်နိုင်ငံသား ရင့်မကြီးတွေလို ကျင့်နိုင်သတဲ့ (‘Direct And Almost Western’)။ ဦးသန့်အရင် ကွယ်လွန်သူ ဒက်ဟမ္မားရှိုးကတော့ သူ့လိုမဟုတ်ဘဲ ပြောင်းပြန် တဲ့။ အနောက်နိုင်ငံ(ဆွီဒင်)သား တကယ့်ဆွေကြီးမျိုးကြီးက ပေါက်ဖွားလာပြီး မပွင့်တပွင့်နဲ့ ကြောက်သလိုလို ရွံ့သလိုလို၊ သတင်းထောက်တွေရှေ့မှာ အိုးနင်းခွက်နင်း ဖြစ်မှာ စိုးရိမ်လွန်နေရှာတဲ့ ဒက်ဟမ္မားရှိုးကတော့ အရှေ့တိုင်းက ဈာန်ရသူလိုပဲ (Eastern Mystic)တဲ့။

သြော် – ဘယ်အရပ်မှာ မွေးမွေး လူသာပဓာန မဟုတ်ပါလား။

ဒက်ဟမ္မားရှိုး၏ ဂူပေါ်တွင် ပန်းခွေချနေပုံ

x x x x x

ကမ္ဘာတလွှားက ကျော်ပေ့ မော်ပေ့ တော်ပေ့ ဆိုတဲ့ ပညာရှင် သုခမိန်တွေကြားထဲမှာ ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်၊ ခေါင်းဆောင် လုပ်ထိုက်ပါပေတယ်လို့ သောင်းသောင်းဖြဖြ တညီတညာတည်း မွန်မွန်မြတ်မြတ် အပ်နှင်းခဲ့တဲ့ ရာထူးတာဝန်ကို ထိုက်ထိုက်တန်တန်နဲ့ အကောင်းဆုံး ပြောင်ပြောင်မြောက်မြောက် ဆောင်ရွက်ခဲ့တဲ့ တို့မြန်မာပြည်သား ဦးသန့်အတွက် တို့တတွေ အကြီးအကျယ် ဂုဏ်ယူတတ်ကြဖို့ လိုတယ်။ (ဂုဏ်ပြုရမှာ ပျက်ကွက်ခဲ့တဲ့ အစိုးရကို ကျောင်းသားနဲ့လူထုက မခံမရပ်နိုင်ဖြစ်လို့ ၁၉၇၄ ဒီဇင်ဘာလမှာ ဦးသန့်အရေးအခင်း ဆိုပြီး အုံကြွလှုပ်ရှား ဆန္ဒပြမှုကြီး ဖြစ်ပွားခဲ့တာကို မမေ့သင့်ကြဘူး။)

အခုခေတ်အချိန်အခါမှာ တို့တိုင်းပြည်က မလွတ်လပ်သေးတော့ (တို့ပြည်သူရဲ့ စိတ်တွေကို အတင်းချုပ်ချယ် ပိတ်ဆို့ထားလေတော့) ဦးသန့်ရဲ့ ကျေးဇူးတရားတွေကို ထုတ်ဖော်ပြသဖို့ အခွင့်မကြုံကြရရှာဘူး။ ဒါပေမယ့်လည်း တချိန်ချိန်ကျရင်တော့

“ဗမာ့သားကောင်းများကို အဆိုအတီးအမှုတ်နဲ့ပင်

ရိုသေခင်မင်၊ အားတက် အလေးပြုလျက်ပဲ အစဉ်” ဆိုတဲ့ မြို့မငြိမ်းရဲ့ ‘လူချွန်လူကောင်း’ သီချင်းထဲကလိုပဲ ဂုဏ်ပြုခွင့်၊ အလေးပြုခွင့် ရကြမှာ မလွဲပါဘူး။ ။

ဦးအုန်းကျော်

ရည်ညွှန်း –
၁၊ U THANT: THE SEARCH FOR PEACE ( by June ၻingham)
၂၊ U THANT: THE SEARCH FOR PEACE ( by June Bingham)
၃၊ U THANT IN NEW YORK( 1961-1971) (By RsnsesN assif)
၄၊ U THANT : DIVINITY’S SMILE, HUMANITY’S CRY
(by Sri Chimoy)
၅၊ AN INSIDE LOOK AT THE UNITED NATIONS (UN First 50 years)
(by Stanley Meisler)
၆၊ THE RIVER OF LOST FOOTSTEPS (By Thant Myinr-U)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts